သတ္တ၀ါများ၏ ခန္ဓာကိုယ်အတွင်း၌ နှလုံးခုန်မှုလုပ်ငန်းအား လုပ်ဆောင် နိုင်သောနှလုံးကြွက်သားအတု တီထွင်နိုင်ခဲ့
Harvard ဆေးပညာတက္ကသိုလ်မှ ဗီဇအင်ဂျင်နီယာများက သဘာဝ နှလုံးသားနှင့် အသွင်တူသော တစ်သျှူးများကို တီထွင်နိုင်ခဲ့ပြီး ယင်းနှလုံးအတုကို ဓာတ်ခွဲခန်းထဲတွင် သာမက သတ္တ၀ါများတွင် ထည့်သွင်းသုံးကြည့်ရာ အောင်မြင်လျက်ရှိကြောင်း သိရသည်။ ပျက်စီးနေသော နှလုံးကြွက်သားများအား အစားထိုးခြင်းဖြင့် ကမ္ဘာတစ်ဝန်းတွင် လူသန်းပေါင်းများစွာ အသက်ရှည်ရှည် နေနိုင်မည်ဖြစ်ပြီး နှလုံးကြွက်သား၌ ပြင်းထန်စွာထိခိုက်ထားသော သူများတွင် အကောင်းဆုံးနည်းမှာ နှလုံးအစားထိုးခြင်းဖြစ်သည်။ သို့သော်လည်း နှလုံးအစားထိုးရန်အတွက် အလှူရှင်စောင့်ဆိုင်းနေသော အရေအတွက်မှာ အလှူရှင်ထက် အဆမတန်ပိုများနေသည်။ နှလုံးအစားထိုးခွင့်ရသည်ထားဦး အခြားဘေးထွက် ဆိုးကျိုးများ ရရှိနိုင်သေးသည်။ ထို့ ကြောင့် အကောင်းဆုံးနည်းမှာ နှလုံး၏ ပျက်စီးသွားသော အစိတ်အပိုင်းများအား အစားထိုးခြင်းဖြစ်သည်။ ယင်းနှလုံးကြွက်သားအတု တည်ဆောက်နိုင်ရန်အတွက် Brigham and Women’s Hospital , Harvard Medicinal School နှင့် University of Sydney မှ ဗီဇအင်ဂျင်နီယာများ ပူးပေါင်း၍ အ ဆင်မြင့်နည်းပညာသုံး Hydrogel တစ်မျိုးကို တီထွင်ခဲ့ကြသည်။ ယင်း gel မှာ နှလုံးကြွက်သား သာမက (ပြုပြင် ပြောင်းလဲပေးခြင်းအားဖြင့်)ခန္ဓာကိုယ်ရှိ လိုအပ်သောအခြား တစ်သျှူးများပါ ထုတ်လုပ်နိုင်ရန် အလားအလာရှိကြောင်းသိရသည်။
အ၀င်း
ref: Medindia