Coronary Angiogram နှလုံးသွေးကြောဓာတ်မှန်ရိုက်လျှင် လုနာများ သိထားသင့်သည့် အချက်များ
Source of the picture https://www.healthbase.com
ဘယ်နိုင်ငံမှာဖြစ်ဖြစ် အထူးကု ဆရာဝန်တွေက Coronary Angiogram ဆိုတဲ့ နှလုံးသွေးကြောဓာတ်မှန် မလုပ်ခင်မှာ အကျိုးအကြောင်းတွေကို သေချာ ရှင်းပြလေ့ ရှိပါတယ်။ ယနေ့ခေတ်မှာတော့ဖြင့် ဆရာဝန်တွေက စစ်ဆေးစမ်းသပ်မှုတစ်ခုခု လုပ်မယ်ဆိုရင် Informed Consent ဆိုတဲ့ အချက် အလက်တွေ သေချာရှင်းလင်းပြပြီး လူနာရဲ့သဘောတူညီချက်ကိုရမှ စစ်ဆေးစမ်းသပ်မှုတွေကို လုပ်လေ့ရှိပါတယ်။ ဒီအချက်ဟာ အရေးကြီးတဲ့ ဆရာဝန်တိုင်းလိုက်နာရမဲ့ ကျင့်ဝတ်တစ်ခု ဖြစ်ပါတယ်။
လူနာအနေနဲ့ကလည်း ကိုယ်မသိတာကို အထူးကုကို မေးနိုင်ပါတယ်။ လူနာကသဘောမတုရင် ဘယ်အထူးကုဆရာဝန်မှ လူနာကို အတင်းစစ်ဆေးစမ်းသပ် လို့ မရပါဘူး။ လုပ်လေ့မရှိပါဘူး။
Coronary Angiogram နှလုံးသွေးကြောဓာတ်မှန်ရိုက်ရင် ပထမဆုံးသိသင့် မေးသင့်တဲ့ မေးခွန်းကတော့ တကယ်ကိုလုပ်ဖို့ကော လိုရဲ့ လား ဆိုတာပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ မလိုအပ်ပဲ ဓာတ်မှန်ရိုက်တာတွေ ဘယ်နိုင်ငံမှာဖြစ်ဖြစ် ရှိတတ်ပါတယ်။ အထူးသဖြင့် ငွေရေကြေးရေးက ပါလာတဲ့အခါ တချို့ အထူးကုတွေ က မလိုအပ်ပဲ လုပ်တတ်ပါတယ်။ ဒါမျိုးက ရှားတော့ရှားပါတယ်။ နိုင်ငံတကာမှာတော့ Risk Scoring ဆိုတဲ့ လုနာရဲ့  နှလုံးရောဂါ ဖြစ်နိုင်ခြေ ရှိမရှိ တွက်ချက်ပြီးတော့ Coronary Angiogram နှလုံးသွေးကြော ဓာတ်မှန်ရိုက်ဖို့ ဆုံးဖြတ်ချက်ချလေ့ ရှိပါတယ်။
Coronary Angiogram နှလုံးသွေးကြောဓာတ်မှန်မရိုက်ပဲနဲ့ နှလုံးသွေးကြောတွေ ကျဉ်းတယ် ဆိုတာ ပြောနိုင်ပေမဲ့ ဘယ်သွေးကြောက ကျဉ်းတယ်၊ ဘယ်လောက်ကျဉ်းတယ်၊ ဘယ်နှချောင်းကျဉ်းတယ် ဆိုတာဆိုတာကတော့ Coronary Angiogram နှလုံးသွေးကြောဓာတ်မှန်ရိုက်မှပဲ သိနိုင်တာပါ။ CT Coronary Angiogram လိုမျိုး စီတီဓာတ်မှန်န် နှလုံးသွေးကြောတွေကို့ကြည့်ရင် ရနိုင်သော်လည်းပဲ Coronary Angiogram နှလုံးသွေးကြောဓာတ်မှန်ရိုက်တာကတော့ ကမ္ဘာအရပ်ရပ်က နှလုံးအထူးကုတွေ ကသုံးတဲ့ Gold Standard လို့ခေါ်တဲ့ အဓိက နှလုံးစမ်းသပ်မှုပဲ ဖြစ်ပါတယ်။
ဘာပဲပြောပြော နှလုံးသွေးကြောကျဉ်းတဲ့ လူနာတွေအနေနဲ့တော့ လိုအပ်လို့ လုပ်ရရင် ကောင်းကျိုးက ဆိုးကျိုးထက် ပိုပါတယ်။ Coronary Angiogram နှလုံးသွေးကြောဓာတ်မှန်ရိုက်လို့ ကိုယ့်ရောဂါ ဘယ်လောက်ဆိုးတယ်ဆိုတာသိရင် လိုအပ်တဲ့ ဆေးကုသမှုကို နှလုံးအထူးကုက ဆုံးဖြတ်ပေးနိုင် တာပေါ့။ ရောဂါဆိုးတာကို ကိုယ်က မသိပဲထားရင် အသက်ကိုအန္တရာယ် ရှိနိုင်ပါတယ်။
နှလုံးသွေးကြောဓာတ်မှန်ရိုက်ရတော့မယ်ဆိုရင် ထည့်စဉ်းစားသင့်တာတွေကတော့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေပါပဲ။ ဓာတ်ရောင်ခြည်သင့်တာကတော့ ရှောင်လို့မရပဲ ခံရပါမယ်။ သာမာန်ဓာတ်မှန် အချပ်ပေါင်းများစွာနဲ့ ညီမျှတဲ့ ဓာတ်ရောင်ခြည်တွေရနိုင်ပါတယ်။
အသက်အန္တရာယ်မရှိနိုင်တဲ့ ဆိုးကျိုးတွေက များသောအားဖြင့် ၁% လောက်ဖြစ်နိုင်တယ်လို့ လူနာတွေကို ပြောလေ့ရှိကြတယ်။ အဖြစ်များတာကတော့ ဆေးပိုက်သွင်းတဲ့နေရာမှာ သွေးထွက်ပြီး Haematoma လို့ခေါ်တဲ့ သွေးခြည်ဥလို့ ညိုမဲနိုင်တယ်။ သွေးတိုးရှိပြီး သွေးပေါင်ချိန် တက်နေ သူတွေမှာ ဖြစ်တာ ပိုပြီးများပါတယ်။ အဲဒီအခါမှာ ရက်အနည်းငယ်လောက် နည်းနည်းနာတတ်ပါတယ်။ ပိုက်သွင်းတဲ့နေရာမှာ တချို့ဆရာဝန်တွေက အရေပြားကို ဓားနဲ့ အနည်းငယ် လှီးထားတော့ အဲဒီနေရာမှာ အနာရင်းတတ်ပါတယ်။
အသက်အန္တရာယ်ရှိနိုင်တဲ့ ဆိုးကျိုး တွေက ဖြစ်ခဲပါတယ်။ တစ်ထောင်မှာတစ်ယောက်ဖြစ်တတ်ကြတယ်လို့ အကြမ်းဖျင်းအားဖြင့်တော့ ပြောလို့ရတယ်။ ဒါပေမဲ့ လျှစ်လျှုရှုထားလို့တော့ မရပါဘူး။
အဲဒါတွေကတော့-
Stroke ဆိုတဲ့ လေဖြတ်ခြင်း၊
Air embolism ဆိုတဲ့ ဆေးထိုးရင်း လေပါသွားခြင်း၊
Dissection of coronary artery ဆိုတဲ့ နှလုံးသွေးကြောအတွင်းနံရံပေါက်ခြင်း၊
Myocardial Infarction/ Heart Attack ဆိုတဲ့ နှလုံးသွေးကြောရုတ်တရက်ပိတ်ခြင်း၊
Cardiac Arrhythmia and Cardiac Arrest ဆိုတဲ့ နှလုံးခုန်မူမမှန်ခြင်းနှင့် နှလုံးခုန်ရပ်ခြင်း၊
Allergic reaction to dye ဆိုတဲ့ ဆေးမတည့်ခြင်း၊ တွေဖြစ်တတ်ပါတယ်။
ဒါ့အပြင် Renal Failure ဆိုတဲ့ ကျောက်ကပ်ပျက်ခြင်း၊ (ကျောက်ကပ်ရောဂါ အခံရှိသူတွေမှာ ပိုပြီး ဖြစ် တတ်ပါတယ်။) နဲ့ ပိုက်ထည့်တဲ့ နေရာမှာ Pseudoaneurysm ဆိုတဲ့ သွေးကြောပွဖောင်းကဲ့သို့ဖြစ်ခြင်း ဆိုတာတွေလည်း ဖြစ်တတ်ပါသေးတယ်။
ဆေးရုံကောင်းတွေ အနေနဲ့ကတော့ သူတို့ရဲ့ အရည်အသွေးတွေကို အမြဲမပြတ် ကိုယ့်ကိုယ်ကို ဝေဖန်သုံး သပ်ပြီး Audit လုပ်လေ့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွမ်းကျင်တဲ့ နှလုံးအထူးကုတွေရဲ့  လက်ထဲမှာကတော့ Coronary Angiogram နှလုံးသွေးကြောဓာတ်မှန်ရိုက်တဲ့အခါ အန္တရာယ်က အင်မတန်မှ နည်းပါတယ်။
ဆရာဝန်နဲ့ လူနာပူးပေါင်းရင် ရောဂါအခြေအနေအမှန်ကို သိပြီး ကောင်းနိုင်ပါတယ်။
မြန်မာနှလုံးဖောင်ဒေးရှင်း