ကလေးငယ်များကို ပျော်ရွှင်စေသည့် Disney ကာတွန်းဇာတ်ကောင် မင်းသမီးလေး



သူမသည် နေ့ဘက်တွင် အများနည်းတူ ဝန်ထမ်းတစ်ဦးအဖြစ် အလုပ်လုပ်လေ့ရှိသည်။ ညနေခင်းများနှင့် ရုံးပိတ်ရက်များတွင်မူ ဂမ်မာဘာ့ဒ်သည် လူမမာ ကလေးငယ်များကို နှစ်သိမ့်ပျော်ရွှင်မှု ပေးနိုင်သည့် စိတ်ကူး ယဉ် နတ်သမီးလေး ဖြစ်သွားလေ့ရှိသည်။ ဗြိတိန်နိုင်ငံ၊ ဂလူဆက်စတာတွင် နေထိုင်သည့် ဂမ်မာသည် ကွန်ပျူတာဂိမ်းများ ရောင်းချသည့် စတိုးဆိုင်တစ်ခုမှ ဝန်ထမ်းမိန်းကလေး တစ်ဦးဖြစ်သည်။ သူမသည် Disney ကုမ္ပဏီ၏ ကာတွန်းဇာတ်ကောင်လေးများ ဖြစ်ကြသည့် Tinkerbell၊ Snow White၊ Rapunzel နှင့် ရေသူမလေးတို့၏ ဝတ်စုံများကို ပေါင်စတာလင်ငွေ ရာနှင့်ချီ အကုန်အကျခံ ဝယ်ယူထားလေ့ ရှိသည်။

ရည်ရွယ်ချက်မှာ သူမအားလပ်သည့် အချိန်များတွင် ကလေးဆေးရုံများ၌ ဝေဒနာ အမျိုးမျိုးနှင့် သနားစဖွယ် ခံစားနေရသည့် ကလေးများကို သွားရောက်နှစ်သိမ့်ရန် ဖြစ်သည်။ ကလေးငယ်များသည် ၎င်းတို့၏ စိတ်ကူး ယဉ် ကမ္ဘာထဲမှ ဇာတ်ကောင်လေးတစ်ဦး အသွင်မျိုးဖြင့် ရောက်ရှိလာသော မိန်းကလေးကြောင့် အံ့ဩပျော် ရွှင်သွားလေ့ ရှိသည်။ နောက်ပိုင်းတွင် ဂမ်မာသည် လူသိများစ ပြုလာပြီး ကိုယ်ပိုင် ကုမ္ပဏီငယ်လေးတစ်ခု တည်ထောင်ကာ ကလေးများ၏ မွေးနေ့ပါတီပွဲများတွင် သွားရောက်ကူညီသည့် လုပ်ငန်းကိုပင် အစပြုနေ ပြီ ဖြစ်သည်။ မိဘနှစ်ပါးနှင့်အတူ နေထိုင်သော ဂမ်မာသည် ကာတွန်းဇာတ်ကောင်လေးများ၏ ဝတ်စုံများကို အလေးအနက် ချုပ်လုပ်စုဆောင်းကာ မိတ်ကပ်ကိုလည်း ကာတွန်းဆန်ဆန် ပြင်ဆင်လေ့ရှိသည်။

“ကျွန်မကိုယ်တိုင်လည်း ဒီဝတ်စုံ အကြီးကြီးတွေကို ဝတ်လိုက်တဲ့အခါ လက်တွေ့ကမ္ဘာထဲက ခဏလေး ထွက်ပြေးပြီး စိတ်ကူးယဉ်လောကထဲ ရောက်သွားသလိုလို ခံစားရတယ်လေ”ဟု ဂမ်မာက ရယ်ရယ်မောမော ပြောကြားခဲ့သည်။ သူမက “ကလေးမလေးတွေ စိတ်ထဲမှာ အမြဲတမ်းလိုလို ရှိနေတဲ့ အိပ်မက်တစ်ခု Cinderellaလို ဖြစ်ချင်တာပါပဲ။ ကျွန်မက လက်တွေ့ဖြစ်ခွင့်ရတယ်။ ဒီထက်ပိုအရေးကြီးတဲ့ တစ်ချက်က ကလေးတွေရဲ့ ပျော်ရွှင်နေတဲ့ မျက်နှာလေးတွေကို မြင်ခွင့်ရတာပါပဲ။ ကျွန်မက မကျန်းမာရှာတဲ့ ကလေးလေးတွေကို Disneyရဲ့ ပဉ္စလက်အစွမ်းနဲ့ ပျော်ရွှင်စေခဲ့တာပါ။ ကျွန်မကြောင့် သူတို့ပျော်ကြတဲ့အခါ ကျွန်မလည်း ပျော်တယ်”ဟု ရှင်းပြခဲ့သည်။

ဂမ်မာက သူမတစ်သက်တွင် ပထမဆုံး ပိုင်ဆိုင်ဖူးသည့် ကာတွန်းဇာတ်ကောင် ဝတ်စုံမှာ Snow White၏ ဂါဝန်လေးဖြစ်ကြောင်းလည်း ဆိုသည်။ “ကျွန်မအသက် (၃)နှစ်လောက်တုန်းက အဖွားက ဝယ်ပေး တာလေ။ ကျွန်မ အရမ်းပျော်သွားတယ်။ အံ့ဩဖို့ ကောင်းလိုက်တာလို့လည်း ထင်မိတယ်။ အဲဒီတုန်းက ကျွန်မက မင်းသမီးလေး ဖြစ်သွားတယ်လေ”ဟု ဂမ်မာက မှတ်ချက်ပြုခဲ့သည်။ သူမက ထိုစဉ်ကတည်းက ကလေးဘဝတွင် စိတ်ကူးယဉ် ကာတွန်းဇာတ်ကောင်လေးများကို စွဲလမ်းတတ်ကြောင်း ကောင်းစွာ နားလည်ခဲ့သည်ဟု ဖွင့်ဟခဲ့သည်။

ဂမ်မာသည် ဖလော်ရီဒါရှိ Disney Worldတွင် အလုပ်ရရန် လျှောက်လွှာတင်ဖူးသော်လည်း အရပ်(၅)ပေ၊ (၂)လက်မသာ ရှိသည့်အတွက် သူမကို မရွေးချယ်ကြောင်း စိတ်ပျက်ဖွယ် ပြန်ကြားမှုသာ ရရှိခဲ့သည်။ ယခုအခါတွင် Disney၏ ကာတွန်းဇာတ်ကောင် ဝတ်စုံလေးများကို စိတ်လိုလက်ရ ဝတ်ဆင်ရင်း ကလေး များ ပျော်ရွှင်အောင် ကူညီပေးနေသည့် ဂမ်မာက “ကျွန်မရဲ့ လက်ရှိအလုပ်က Disneyနဲ့ ဘာမှတော့ မဆိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် Disneyရဲ့ ဇာတ်ကောင်လေးတွေကိုတော့ ကလေးတွေ ပျော်ရွှင်ဖို့၊ စိတ်နိုးကြားဖို့ အတွက် ကျွန်မအနေနဲ့ ရွေးချယ်ဖြစ်ခဲ့ပါတယ်”ဟု ပြောဆိုသွားသည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...