မြန်မာ့လေကြောင်းနှင့် General Electric (GECAS) တို့ ဖေဖော်ဝါရီလက စင်ကာပူနိုင်ငံတွင် လေယာဉ်ငှားရမ်းရေးစာချုပ် သဘောတူစာချုပ် ရေးထိုး


မြန်မာ့လေကြောင်းနှင့် General Electric (GECAS) တို့ ဖေဖော်ဝါရီလက စင်ကာပူနိုင်ငံတွင် လေယာဉ် ငှားရမ်းရေးစာချုပ် သဘောတူစာချုပ် ရေးထိုးနေစဉ်

နိုင်ငံပိုင် မြန်မာ့လေကြောင်းသည် GE ကုမ္ပဏီမှ ငှားရမ်းမည့် ဘိုးရင်းလေယာဉ် ၁၀ စင်းအတွက် ဘိုးရင်းလေယာဉ် ကုမ္ပဏီနှင့် လေယာဉ်တည်ဆောက်ရေး သဘောတူစာချုပ်အား လာမည့်မေလတွင် လက်မှတ်ရေးထိုး သွားမည်ဖြစ်ကြောင်း မြန်မာ့လေကြောင်းမှ သတင်းရရှိသည်။

“မြန်မာ့လေကြောင်းက ငှားရမ်းတဲ့ ဘိုးရင်းလေယာဉ်တွေက အသစ်တည်ဆောက်မှာ ဖြစ်တဲ့ အတွက် မြန်မာဘက်က လိုအပ်တဲ့ အသေးစိတ် အချက်လက်တွေ၊ အတွင်းအပြင် ပြင်ဆင်မှုတွေ အားလုံးအတွက် လေယာဉ်တည်ဆောက်မယ့် ဘိုးရင်းလေယာဉ် ကုမ္ပဏီနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေ ပါတယ်။ မေလမှ ဘိုးရင်းလေယာဉ် ကုမ္ပဏီနဲ့ လေယာဉ်တည်ဆောက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသွားမှာ ဖြစ်ပါတယ်” ဟု မြန်မာ့လေကြောင်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ဆိုသည်။

မြန်မာ့လေကြောင်းနှင့် General Electric (GE) ၏ လေယာဉ်ငှားရမ်းခြင်းနှင့် ဘဏ္ဍာငွေရှာခြင်း လုပ်ငန်းခွဲ တစ်ခုဖြစ်သော GE Capital Aviation Services တို့သည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က စင်ကာပူနိုင်ငံတွင် Boeing လေယာဉ်သစ် ၁၀ စင်း ငှားရမ်းသည့်စာချုပ်အား ချုပ်ဆိုခဲ့သည်။

၁၉၄၈ ခုနှစ် စက်တင်ဘာလမှ စတင်ကာ တည်ထောင်ပျံသန်းခဲ့သည့် မြန်မာနိုင်ငံ၏ တစ်ခု တည်းသော နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းအား နိုင်ငံတကာသို့ National Flag Carrier အဖြစ် ပျံသန်းပြေးဆွဲနိုင်ရန် အမေရိကန်နိုင်ငံ အခြေစိုက် GE Capital Aviation Services မှ ကူညီရန် ကမ်းလှမ်းသည့်အတွက် မြန်မာ့လေကြောင်းက Boeing Project အစီအစဉ်အား ဆင့်ကဲ တင်ပြပြီး နိုင်ငံတော်၏ ခွင့်ပြုချက်အရ အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စာချုပ်အရ GE Capital Aviation Services သည် Boeing 737-800 လေယာဉ်သစ် ခြောက် စင်းနှင့် Boeing 737 8MAX model လေယာဉ်သစ်လေးစင်းအား ၂၀၁၅ ခုနှစ် ဇွန်လမှစတင်ကာ ၂၀၂၀ ခုနှစ်အတွင်း ငှားရမ်းသွားမည်ဖြစ်သည်။

မြန်မာ့လေကြောင်းသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှစတင်ကာ နိုင်ငံတော်ဘတ်ဂျက် ပြင်ပတွင် ရပ်တည်ပြီး ၀င်ငွေရှာဖွေရခြင်းဖြစ်၍ ယခုငှားရမ်းမည့် ဘိုးရင်းလေယာဉ်များအား နိုင်ငံတော်ဘတ်ဂျက်ဖြင့် ငှားရမ်းခြင်း မဟုတ်ဘဲ ဌာနပိုင်ဝင်ငွေဖြင့်သာ ငှားရမ်းခြင်းဖြစ်သည်။

Eleven Media Group

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...