Minivan ဈေးကွက်ရဲ့ ပြိုင်ဖက်သစ် Kia Sedona 2012

လက်ရှိ ပြည်တွင်း ဈေးကွက်မှာတော့ Hyundai Grand Straexနဲ့ Toyota Alphardတွေက လူကြိုက်အများ ဆုံး၊ ရောင်းအား အကောင်းဆုံး ကားတွေ ဖြစ်နေပေမယ့် အခု ကျွန်တော် မိတ်ဆက်ပေးမယ့် Sedona ကတော့ အခုမှ ဈေးကွက်မှာ ၀င်ရောက်လာတယ်လို့ ဆိုနိုင်မယ့် မော်ဒယ် တစ်မျိုး ဖြစ်ပါတယ်။
အခုမှ ဈေးကွက်ဝင်ရောက်လာတယ် ဆိုလို့လည်း နောက်ပိုင်းမှ ထုတ်လုပ်လာတဲ့ မော်ဒယ်လား၊ တခြားမှာ ရောင်းအား မကောင်းလို့ ဒီမှာ ဈေးကွက်ဝင်လာတာလား ဆိုတဲ့ မေးခွန်းတွေ ကို မေးချင်ကြပါ ဦးမယ်။ ကျွန်တော် ဆိုလိုတာက အခုမှ ပြည်တွင်းဈေးကွက်မှာ ရနိုင်လာတဲ့ မော်ဒယ်လို့ ဆိုလိုလိုက် တာ ဖြစ်ပြီးတော့ သက်တမ်းရင့်မော်ဒယ် တစ်မျိုး ဖြစ်သလို ပြည်ပ Minivan ဈေးကွက်တွေမှာ လည်း အောင်မြင်မှု ရရှိနေတဲ့ မော်ဒယ်ပါ။
ကောင်းပါပြီ၊ ဒီတော့ သူ့ အနေနဲ့ ပြည်တွင်း ဈေးကွက်မှာ အောင်မြင်ချင်တယ်ဆိုရင် လက်ရှိ ပြည်တွင်းမှာ လူကြိုက်များနေတဲ့ မော်ဒယ်တွေထက် အဘက်ဘက်က သာနေဖို့တော့ လိုတာပေါ့နော်။ တကယ်လို့ အဘက်ဘက်က မသာဘူး ဆိုရင်တောင်မှ သူများတွေထက် နှာတစ်ဖျားသာတဲ့ အချက် နှစ်ချက်၊ သုံးချက်တော့ ရှိရပါလိမ့်မယ်။ ဈေးနှုန်း ဖြစ်ဖြစ်၊ စွမ်းဆောင်ရည် ဖြစ်ဖြစ်၊ ဆီစားနှုန်း ဖြစ်ဖြစ်၊ အာမခံ အပိုင်းမှာ ဖြစ်ဖြစ်၊ လမ်းစုံ အသုံးပြုနိုင်မှု အပိုင်းမှာ ဖြစ်ဖြစ်၊ တစ်ခုခုပေါ့ဗျာ။ သာတော့ သာမှ ဖြစ်မှာကိုးဗျ၊ မဟုတ်လား။ ဒီတော့ ကျွန်တော်တို့ Sedonaရဲ့ သာကွက်၊ ပျော့ကွက်လေးတွေကို လေ့လာကြ့ည်ရအောင် ဗျာ၊ ပြီးမှ သုံးသပ်ချက် တစ်ခုခုကို Summarizeလုပ်ပြီး ပေးကြတာပေါ့နော်။
V6နဲ့ လာတဲ့ Minivan…
-------------------------
ရှားရှားပါးပါးလို့ ဆိုရမလား၊ မထူး ထူးအောင် ဖန်တီးထားတယ်လို့ ပြောရမလား မသိပါဘူးဗျာ၊ ဘယ်နှယ့် Sedonaက V6အင်ဂျင် တပ်ထားတယ်ဆိုတော့ Minivanထဲမှာ အားကောင်းတဲ့ မော်ဒယ် တစ်ခု ဖြစ် သွားတော့တာပေါ့၊ မဟုတ်ဘူးလား။ နောက်ပြီးတော့ အာမခံ အပိုင်း၊ တောင်ကိုရီးယား ကုမဏီ က ပေါ့သေးသေးတော့ မဟုတ်ဘူးနော်ဗျ၊ အာမခံ အပိုင်းကို ၅နှစ် မိုင် ၆၀၀၀၀တဲ့လေ။ ပုံမှန် Sedanတွေ Hatchbackတွေလောက်ကို ၅နှစ်လောက် အာမခံပေးတာက ကောင်းတယ်လို့ ပြောရမှာ ဖြစ်ပေမယ့် အခုလို Minivanကို ဒီလောက် အာမခံ ပေးထားတာက တော်တော်ကို ကောင်းတယ်လို့ ဆိုရမှာ ပါနော်။ နောက်ပြီးတော့ အင်ဂျင်ပိုင်း အရွယ်ကြီးသလို စွမ်းဆောင်ရည် မြင့်မားပေမယ့် မောင်းနှင်ရမှု အပိုင်းမှာ ဆောင့်ထွက်၊ ဆောင့်ရုန်း ဆိုတာမျိုး မတွေ့ရပါဘူး။ ပြီးတော့ အတွင်းခန်း ကျယ်ဝန်းမှု၊ Minivanပဲဗျ၊ အတွင်းခန်း ကျယ်မှာပေါ့လို့ ဘုတော့ချင်ပါသလား၊ နေပါဦးလေ၊ အခု အတွင်းခန်း ကျယ်ဝန်းတယ်ဆိုတဲ့အပိုင်းက ပုံမှန်ထက်ကို ပိုကျယ်တာကို ပြောတာပါ။
အတွင်းခန်းက ကျယ်ပေမယ့် ပျော့တယ်…
---------------------------------------------
ရှေ့မှာ အတွင်းခန်းနဲ့ ပတ်သတ်လို့ ချီးကျူးထားတော့ Sedonaက ဟုတ်သလိုလိုပဲဗျ၊ နောက်ပြီး အာမခံ အပိုင်းကလည်း ၅နှစ်ထိအောင် ပေးထားတော့ ကောင်းမယ်ပေါ့၊ ဒါပေမယ့် တကယ်တမ်း ကျတော့ အတွင်းခန်းက အနည်းငယ် အားပျော့တာ တွေ့ရပါတယ်။ ဒါပေမယ့် အားလုံးတော့ မဟုတ်ပါဘူး။ တချို့တလေပါ။ နောက်ပြီးတော့ အတွင်ခန်းမှာ တပ်ဆင်ထားတဲ့ Plasticသားတွေတင် မဟုတ်သေးဘူးဗျ။ Plasticခလုတ်တွေလည်း ပါပါသေးတယ်၊ တချို့က ရေရှည်အတွက် အဆင်ပြေပါ့မလား၊ နောက်ပိုင်းတော့ Spareတွေ ထည့်သုံးရင်လည်း ရနိုင်ပါတယ်။ နောက်ပြီးတော့ မော်ဒယ်ခွဲ ရွေးချယ်စရာ နည်းနည်းပဲ ထုတ်လုပ်ထားတာကြောင့် စိတ်ကြိုက်ရွေးချယ်နိုင်မှု အပိုင်းမှာ အားနည်းပါသေးတယ်နော်။
Transmissionပိုင်းက မှတစ်ပါး အခြားမရှိ…
------------------------------------------------
ရှေ့ဘီးယက်စနစ်နဲ့ သွားမယ့် မော်ဒယ် ဖြစ်ပြီးတော့ စုစုပေါင်း သုံးနိုင်မယ့် ဂီယာချက် စုစုပေါင်းက ၆ ချက် ထိအောင် ဖြစ်ပါတယ်။ ဒီလောက် ဂီယာချက်က ခရီးဝေးသွားလာ မောင်းနှင်မှုတွေ အတွက် အဆင်ပြေပါ့ မလား။ များသောအားဖြင့် Minivanဆိုတာ မိသားစုစီး အဖြစ်နဲ့ရော၊ အပန်းဖြေခရီးထွက်တဲ့ နေရာတွေမှာ ခရီးဝေးသွားလာမှုတွေ အတွက်နဲ့ရော အသုံးပြုတာ များတာကြောင့် ၆ချက် ဆိုတဲ့ ဂီယာချက်က အဆင်ပြေပါ့မလား။ ဒါပေမယ့် Autoနဲ့ သွားမယ့် ကားတစ်စီး အတွက်ကတော့ ၆ ချက်လည်း အဆင်ပြေပါတယ်။ ပြီးတော့ သေချာတာ တစ်ခုက Autoစနစ် ဂီယာချက် ၆ချက် တစ်မျိုးတည်း ရမယ်နော်။
၇ယောက်စီး အကြီးစား Minivan…
-------------------------------------
ကိုယ်ထည်ပိုင်းကလည်း ကြည့်လိုက်ဦးဗျ၊ အရွယ်အကြီးစား တန်းဝင်တယ်လို့ ဆိုနိုင်လောက်တဲ့ အလျားက ၁၆ပေနဲ့ ၁၀လက်မ ရှိတယ်။ မျက်နှာစာ အကျယ်က ၆ပေနဲ့ ၆လက်မကို တစ်စိတ်စွန်းတယ်။ နောက် ပြီးတော့ အမြင့်က ၅ပေနဲ့ ၁၁လက်မခွဲတဲ့။ ဒီလောက်ကြီး ကိုယ်ထည်ကြီးပြီးတော့ စုစုပေါင်း လိုက်ပါစီး နင်းနိုင်မယ့် ခရီးသည် အရေအတွက်က ၇ယောက်တည်းဆိုတော့ အတွင်းခန်းက ကျယ်ပြီပေါ့ဗျာ။ ဘာပြောကောင်းမလဲ၊ ဟုတ်ဘူးလား။ နောက်ပြီးတော့ Sedonaက လမ်းစုံစီးဖို့ ရည်ရွယ်ပြီးတော့ မြေပြင်နဲ့ ကိုယ်ထည်ရဲ့ ကင်းလွတ်နိုင်မှုက ၆ပေနဲ့ ၆လက်မထိအောင် ဖန်တီးထားတာလေးကိုလည်း ကျွန်တော် သဘောကျမိပါသေးတယ်။ အရောင်အပိုင်းက အပြင်အရောင် ၇ရောင်ထိအောင် ရွေးချယ်နိုင်သလို အတွင်းပိုင်း အပြင်အဆင်က အထည်သားဦးစားပေး ၃မျိုး ရွေးစရာ ရှိပါတယ်။ ကားတစ်စီးလုံးရဲ့ အလေး ချိန် ပေါင် ၄၃၀၀ကျော် ရှိမှာ ဖြစ်ပြီးတော့ အမြင့်ဆုံး ၀န်တင်ဆောင်နိုင်မှုက ပေါင် ၃၅၀၀ ၀န်းကျင် ဖြစ်ပါ တယ်။
V6ရဲ့ စွမ်းပကား…
---------------------
တပ်ဆင်ထားတဲ့ အင်ဂျင်ကို ကြည့်မယ်ဆိုရင် ၃.၅လီတာသုံး V6အင်ဂျင် ဖြစ်ပြီးတော့ ဒီအင်ဂျင်အရွယ်အ စားက ပုံမှန် Minivanတွေရဲ့ အင်ဂျင်ထက် ကြီးတယ်လို့ ဆိုနိုင်မှာ ဖြစ်ပေမယ့် စွမ်းဆောင်ရည်မြင့် မားအောင် ဖန်တီးထားတာကိုတော့ လျစ်လျူရှုလို့ မရပါဘူး။ အင်ဂျင်ရဲ့ လည်ပတ်အား တစ်မိနစ်ကို အပတ်ရေ ၄၅၀၀မှာ ဆိုရင် အင်ဂျင်ရဲ့ ရုန်းအား ၂၄၈ပေ-ပေါင် ရှိမှာ ဖြစ်ပြီး ထွက်ရှိလာမယ့် စွမ်းအင် ပမာဏက မြင်းကောင်ရေ ၂၇၁ကောင်အား ဆိုတာက ကောင်းတယ်လို့ ဆိုရမှာပါ။ အင်ဂျင်ရဲ့ အမြင့်ဆုံး လည်ပတ်နှုန်းက အပတ်ရေ ၆၃၀၀ဆိုတာကတော့ ဆီစားနှုန်း နည်းနည်း တုပ်ပါလိမ့်မယ်။ ဒါပေမယ့် တစ်ခုရှိတာက ရှေ့ဘီးယက် စနစ်ဆိုတာလေး တစ်ခုကတော့ နည်းနည်း ခံသာသွားပါလိမ့်မယ်နော်။
ဆီတစ်ဂါလံ ပျမ်းမျှ ၂၁မိုင်…
-----------------------------
၃.၅လီတာသုံး အင်ဂျင် အတွက် ပျမ်းမျှ ဆီစားနှုန်းက ဆီတစ်ဂါလံကို ၂၁မိုင်ဆိုရင် နည်းတယ်လို့ ပြောရမ လား။ သင့်တယ်လို့ ဆိုရမလား။ သေချာတာကတော့ မနည်းပါဘူး။ ကျွန်တော့် အမြင်အတိုင်း ပြောရမယ် ဆိုရင် နည်းနည်းတောင် များပါတယ်။ ဒါပေမယ့် တစ်ခု ရှိတာက ပျမ်းမျှ ၂၁မိုင်စီးနိုင်မယ့် မော်ဒယ်ကို မြို့တွင်း လမ်းကြောင်းမှာ ဆီတစ်ဂါလံကို ၁၈မိုင်ထိအောင် စီးနင်းနိုင်မယ် ဆိုတာက ကောင်းပါတယ်။ အဝေးပြေး လမ်းကြောင်းတွေမှာ ဆိုရင် ၂၅မိုင်ဆိုတာကတော့ နည်းနည်း များသလိုလိုပါ။ ဒီတော့ ကျွန်တော်က ဆီစားနှုန်းနဲ့ ပတ်သတ်ပြီး သုံးသပ်ချက် တစ်ခု ပေးချင်ပါတယ်။ အဲဒါက မြို့တွင်းသုံး အဖြစ် စီးမယ်ဆိုရင် Sedonaက ကောင်းပါလိမ့်မယ်။ တကယ်လို့ နယ်ဝေး ခရီးတွေ ဘာတွေ သွားတတ်တယ် ဆိုရင်တော့ ခဏ စဉ်းစားပါဦးလို့။ တပ်ဆင်ထားတဲ့ ဆီတိုင်ကီရဲ့ ဆံ့ဝင်နိုင်မှုက ၂၁.၁ဂါလံဆိုတော့ ဆီတိုင်ကီကို အပြည့်ဖြည့်စီးမယ်ဆိုရင် တော်တော်လေး စီးရပါလိမ့်မယ်။ နောက်ပြီးတော့ လက်ကိုင် ပိုင်းလည်း ပိုပြီး တည်ငြိမ်လာသလို တွေ့ရပါတယ်။
သိသင့် သိအပ်တာတွေ…
----------------------------
Bluetoothလို အခြေခံ ဆက်သွယ်ရေး ဆိုင်ရာ Featureကို သုံးနိုင်မယ်။ Navigationနဲ့ အပူပေး ထိုင်ခုံတွေလောက်တော့ မှန်းမထားပါနဲ့နော်။ ဘရိတ်အပိုင်းက ABSစနစ်မှာ အကူစနစ်ကို ထပ်ပြီး ပိုးထည့် ထားတာ တွေ့ရပါသေးတယ်။ အသက်ကယ် လေအိတ်စနစ် အပြည့်အစုံကို တပ်ဆင်ထားတာ တွေ့ရပြီး ကိုယ်ထည် အကြမ်းခံနိုင်မှု အပိုင်းမှာရော၊ အသက်ကယ် စနစ် လုံခြုံစိတ်ချရမှု အပိုင်းမှာရော မှတ်ချက် ကောင်း အဆင့် ရ,ထားပါတယ်။ Suspensionစနစ်မှာ ရှေ့ဖက်၊ နောက်ဖက် နှစ်ခုလုံးမှာ Stabilizer Barတွေ တပ်ဆင်ထားတာ တွေ့ရပါတယ်။ နောက်ဖက် ခုံတန်းက ခေါက်သိမ်းလို့ မရပေ မယ့်၊ နောက်မှီကတော့ ခေါက်ထားလို့ ရပါတယ်။ USBတွေ ချိတ်နိုင်မှာလည်း ဖြစ်သလို Speaker ၆လုံးကို Audioစနစ်အတွက် အားဖြည့်ထားပါတယ်။ Music Playerတွေ တပ်ဆင် ပါရှိသလို တစ်စီးလုံး အတွက် ချုံပြီး ပြောရမယ် ဆိုရင် ကျွန်တော့်ရဲ့ ပေးမှတ်ကတော့ ကြယ်လေးပွင့် ဖြစ်မှာပါ။
လင်းလင်း (IA)
TechSpace Journal


