အဝေးသင်စာစဉ် Assignsment ရမှတ် ထက်ဝက်လျှော့ချမည်
အဝေးသင်စာမေးပွဲများတွင် စာစဉ် (Assignment) ဖြေသည့်အမှတ်များကို အဓိကမထားတော့ဘဲ အတန်း တင်စာမေးပွဲတွင် ရရှိသည့်အမှတ်ကိုသာ အဓိကထား၍အောင်မြင်မှု ဆုံးဖြတ်သွားတော့မည် ဖြစ်ကြောင်း ရန်ကုန်အဝေးသင်တက္ကသိုလ်မှ သိရသည်။
ယမန်နှစ်များက အဆိုပါအဝေးသင်စာစဉ်ရမှတ်ကို ၂၀ မှတ်သတ်မှတ်ထားခဲ့ပြီး ယခုနှစ်တွင် ၁၀ မှတ်ခန့် အထိသာ ယူတော့မည်ဖြစ်ကြောင်း၊ အဝေးသင်ကျောင်းသား၊ ကျောင်းသူများကို အရည်အ သွေးရှိစေရန် အတွက် ၂၀၁၃ ပညာသင်နှစ်မှစတင်၍ ကျောင်းစည်းကမ်းများ၊ စာမေးပွဲအောင်ချက်များ ကိုတင်းကျပ်စွာ ကိုင်တွယ်ခဲ့ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာလှတင့် က ပြောကြားလိုက် သည်။
"ဆရာတို့ရဲ့ အောင်ချက်တွေကို တဖြည်းဖြည်းလျှော့ချမှာ။ ဒီနှစ်မှာစံချိန်မမီရင် ထားခဲ့လို့ညွှန်ကြား ထား တယ်။ အဲ့ဒီလိုလုပ်လို့ အောင်ချက်တွေကျတယ်။ အရည်အသွေးရှိတဲ့သူတွေပဲ ဆက်တက်ခွင့်ရ မယ်။ Assignment အမှတ်တွေကိုလဲ ထိုက်သင့်သလောက်ပဲယူမယ်။ ကျန်တာကိုတော့တကယ် အောင်မှပဲ အအောင်ပေးတော့မှာ" ဟု ပါမောက္ခချုပ်ဒေါက်တာလှတင့်က ဒီမိုကရေစီတူဒေးသတင်းစာ သို့ပြောသည်။
အဝေးသင်တက္ကသိုလ်မှ အရည်အသွေးရှိကျောင်းသားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ စာမေးပွဲ အောင်ချက်များကို ၂၀၁၃ ခုနှစ်တွင် စတင်လျှော့ချခဲ့သည့်အတွက် ဘာသာရပ်ပေါင်းစုံအောင်ချက် မှာ ထက်ဝက်ခန့်ကျဆင်းခဲ့ပြီး ယမန်နှစ်တွင်အောင်ချက်ရာခိုင်နှုန်း တစ်နိုင်ငံလုံးအနေဖြင့် ၇၈ ရာခိုင်နှုန်း သာရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ၇၇ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း၊ ဘာသာရပ်အားလုံးတွင် အောင်ချက် အနည်းဆုံးမှာ ဥပဒေဘာသာရပ်ဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်း ၅၉ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။
"ဆရာတို့ အဝေးသင်အောင်ချက်တွေက အရင်က ၉၀ လောက်ရှိတယ်။ အောင်ချက်ကျရင် အထက် ကပြောတာခံရတယ်။ အခုဆိုရင်အောင်မှတ်ရတဲ့သူကိုပဲ အအောင်ပေးတော့တယ်။ စာစစ်တဲ့ သူတွေကိုလဲ အောင်မှတ်ရတဲ့သူပဲ အောင်ခိုင်းထားတယ်" ဟုဒေါက်တာလှတင့်က ပြောသည်။
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် အင်္ဂလိပ်စာမေဂျာဖြင့် တတိယနှစ်တက်နေ သည့် မောင်ထူး ကျော်ဝင်းက "Assignment အမှတ်တွေကို အဓိကထားမယူရင် ဒါကိုလဲ မလုပ်ခိုင်းစေချင် ဘူး။ စာမေး ပွဲအမှတ်တိုင်းပဲ အအောင်ပေးမယ်ဆိုရင် မော်ဒရေးရှင်းဆိုတာ ရှိလား။ အောင်မှတ်ရမှ အောင် မှာလား ဆိုတာသေချာသိချင်တယ်" ဟုပြောသည်။
တစ်နိုင်ငံလုံး၏ အဝေးသင်ဌာနခွဲအားလုံးတွင် နှစ်စဉ်ကျောင်းသား၊ ကျောင်းသူ ငါးသောင်းခန့် တက် ရောက်ကြာကြောင်း သိရသည်။
Democracy Today Daily
အတွဲ(၁)၊ အမှတ်(၆၉)၊
မေလ(၁၇) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)