ဖလော်ရီဒါပြည်နယ်တွင် ဆဲရေးတိုင်းထွာခြင်းနှင့် ကျိန်ဆိုခြင်းကို တားမြစ်ပိတ်ပင်ဖွယ်ရှိ

လွန်မင်းမန် ဘာသာပြန်သည်။

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ နက်ပကျုန်းကမ်းခြေ တစ်နေရာကိုတွေ့ရစဉ်။

ဖလော်ရီဒါပြည်နယ် အတွင်းတွင် ကျိန်ဆဲပြောဆိုသူများကို ရဲတပ်ဖွဲ့ဝင်အရာရှိများက စောင့်ကြည့်သွား ရန်နှင့် အရေးယူမှုများ ပြုလုပ်သွားရန် တားမြစ်ပြဌာန်းချက်တစ်ရပ်အား အတည်ပြုသွားဖွယ်ရှိကြောင်း နက်ပကျုန်းကမ်းခြေရဲတပ်ဖွဲ့မှ အကြီးကဲဒေးဗစ်ဆမ်ဘက်ခ်ျကို ကိုးကား၍ ယူပီအိုင်သတင်းဌာနက ဖော်ပြခဲ့ သည်။

ကျိန်တွယ်ပြောဆိုခြင်းသည် ဘာသာတရားများကို မထီမဲ့မြင်ပြုရာကျပြီး ကျိန်တွယ်ပြောဆိုသည့်အတွက် ကံဆိုးမိုးမှောင်ကျခြင်းများ ကျရောက်တတ်ကြောင်း ဖလော်ရီဒါလူမှုအသိုင်းအ၀ိုင်းက ယုံကြည်ကြသည်။

"နိုင်ငံတော်တရားရုံးချုပ် စီရင်ထုံးတွေအရ လူတွေဟာ ကျိန်တွယ်ပြောဆိုလို့ရပါတယ်။ ဒါပေမယ့် တခြား သူတွေကိုတော့ ကျိန်တွယ်ပြောဆိုဖို့ မလှုံ့ဆော်သင့်ဘူး။ မနှိုးဆွသင့်ဘူးပေါ့။ ဒီလိုမှမဟုတ်ရင်တော့ တခြားသူတွေကို ပြဿနာထဲဆွဲခေါ်သလိုဖြစ်နေပါတယ်" ဟု ဆမ်ဘက်ခ်ျက WTEV သတင်းဌာနနှင့် တွေ့ ဆုံရာတွင် ပြောဆိုခဲ့သည်။

"ဒီလိုကျိန်ဆဲပြောဆိုမှုတွေကို လူကြားသူကြားမှာ ခွင့်မပြုသင့်ပါဘူး" ဟု ကဲန်မီးဒိုးက ပြောကြားခဲ့သည်။ သို့ရာတွင် ထိုသို့တားမြစ်မည့်ကိစ္စနှင့်ပတ်သက်၍ လူအချို့မှာ ရဲချုပ်ဆမ်နှင့် အမြင်မတူကြပေ။ လူအချို့က ဆန့်ကျင်ကြသည်။

"ဒီလိုအရေးမပါတာတွေလုပ်ဆောင်နေတာဟာ အချိန်ရော၊ ကျွန်တော်တို့ ပေးဆောင်နေရတဲ့ အခွန်တွေ ကိုပါ ဖြုန်းတီးနေသလိုပဲ" ဟု ဒေသခံတစ်ဦးဖြစ်သူ အက်ဒ်ဝက်စပီးယားက ဆန့်ကျင်ခဲ့သည်။ ယင်းကဲ့သို့ တားမြစ်ရန်မှာ အဆိုပြုလွှာအဆင့်၌သာရှိသေး၍ မြို့တော်ကောင်စီက အတည်ပြုရန် လိုအပ်နေသေးကြောင်း သိရသည်။ နက်ပကျုန်း ကမ်းခြေမြို့တော်ဝန် ဟားရီးယက်ပရတ်တီးကမူ ယင်းကဲ့သို့ လုပ်ဆောင်ရန် ၎င်းအနေနှင့် သိပ်ဘ၀င်မကျကြောင်းနှင့် ထိုသို့အရေးယူမှုများ ဆောင်ရွက် ရန်မှာလည်း အခက်အခဲများစွာရှိနေကြောင်း ပြောကြားခဲ့သည်။

Myanmar Times
Tuesday, 20 May 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...