ပြဿနာများနေတဲ့ ငွေဖြည့်ကတ်တွေ

photo:google

ယခုရက်ပိုင်းအတွင်း ငွေဖြည့်ကတ်များ ငွေဖြည့်ရာတွင် ပြဿနာများ ကြုံတွေ့နေရပြီး ချက်ချင်းမ၀င်ခြင်း၊ ငွေ အလွယ်တကူဖြည့်သွင်း၍ မရခြင်း၊ လုံးဝဖြည့်မရခြင်း (Invalid Card Error) များ မကြာခဏ ကြုံတွေ့ လာရကြောင်း ပြည်တွင်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်အချို့နှင့် ငွေဖြည့်ကတ် အသုံးပြုသူများထံမှ သတင်းရ ရှိသည်။

‘‘အရမ်းအများကြီးဖြစ်တာတော့ မဟုတ်ပေမယ့် မကြာမကြာတော့ ကြုံတွေ့လာရတယ်။ ဆိုင်မှာ ပဲ ဖြေရှင်းပေးလိုက်တာတွေရှိသလို Customer Care Center ကို ဆက်သွယ်ပြီး ဖြေရှင်းပေးလိုက်ရ တာတွေလည်းရှိတယ်’’ ဟု လူကြီးမင်းဖုန်းဆိုင်မှ မန်နေဂျင်းဒါရိုက်တာ ကိုပြည်စိုးထွန်းက ပြောသည်။

ငွေဖြည့်ကတ်များ Error ဖြစ်ပွားခြင်းမှာ ညနေ ၅ နာရီ၊ ၆ နာရီခန့်နှင့် လူသုံးများသည့် အချိန်များတွင် ပို၍ ဖြစ်လေ့ရှိ ကြောင်း YGN Mobile ဖုန်းအရောင်းဆိုင်မှ မန်နေဂျင်းဒါရိုက်တာ ကိုသန်းထိုက်စိုး က ပြောသည်။

‘‘ငွေဖြည့်ရတာ သိပ်အဆင်မပြေဘူး။ ဘယ်လိုမှ ဖြည့်မရတာနဲ့ နောက်တစ်ရက်နေတော့ ပြန်ဖြည့်ကြည့်မှ ရသွားတယ်’’ ဟု CDMA 800 ၀၉၇၃ ..... ဖုန်း အသုံးပြုသူတစ်ဦးက ပြောသည်။

ငွေဖြည့်ကတ်များ အလွယ်တကူ ငွေဖြည့်မရပါက ခဏခဏပြန်၍ဖြည့်ခြင်းမျိုး မပြုလုပ်ဘဲ ၀ယ်ယူသည့် ဆိုင်များတွင် လဲလှယ်သင့်သည်။ ငွေဖြည့်ကတ်အခက်အခဲများနှင့်ပတ်သက်၍ GSM နှင့် WCDMA ဖုန်းများအတွက် 123 ၊ CD-MA 800 ၇၃ ဖုန်းများအတွက် 166 ၊ CDMA 800 MecTelဖုန်းများအတွက် 123 (သို့မဟုတ်) 3456 စသည့် နံပါတ်များသို့ ဆက်သွယ်၍ စုံစမ်းနိုင်ကြောင်းသိရသည်။

ယင်းသို့ ငွေဖြည့်ကတ်အခက်အခဲများ ကြုံရပါက ကုန်စုံဆိုင်နှင့် လမ်းဘေးဆိုင်များတွင် ၀ယ်ယူသည့် အခါ ပြန်လည်လဲလှယ်ပေးခြင်းမရှိကြကြောင်း သိရသည်။

ထို့ပြင် ငွေဖြည့်ကတ်ပြဿနာများအတွက် ဆက်သွယ်ရန် ပေးထားသည့် Hotline ဖုန်းနံပါတ်များမှာလည်း အမြဲတစေ ခေါ်ယူမရနိုင်ကြောင်း ဖုန်းသုံးစွဲသူများကပြောသည်။

ထို့အပြင် 1876 သို့ ဖုန်းဆက်၍ မေးမြန်းခြင်း၊ မိမိဝယ်ယူသည့်ဆိုင်သို့ သွားရောက်၍ မေးမြန်းခြင်းတို့ လည်း ပြုလုပ်နိုင်ကြောင်း လူကြီးမင်းဖုန်းအရောင်းဆိုင် (လသာ)မှ တာဝန်ခံတစ်ဦးက ပြောသည်။

7Day Daily
No.372 Thursday, May 8,2014 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...