လက်မထပ်ဖြစ်ဘဲ နေထိုင်သွားခြင်းမျိုးလည်း ဖြစ်နိုင်ကြောင်း ဂျိုလီဖွင့်ဟ
သူမနှင့် ဘရတ်ပစ်တ်တို့ အနေဖြင့် လုံးဝ လက်မထပ်ဘဲ နေထိုင်သွားခြင်းမျိုး ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း အန်ဂျလီနာ ဂျိုလီက အရိပ်အမြွက် ပြောကြားခဲ့သည်။ မွေးစားကလေးငယ်များ အပါအဝင် သားသမီး (၆)ဦးထိ ရယူထားပြီး ဖြစ်သော်လည်း ဟောလီးဝုဒ်၏ အကျော်ကြားဆုံး ရွှေရောင်စုံတွဲသည် ယခုအချိန်ထိ လက်ထပ်ရန် အလျင်စလို မစဉ်းစားသေးချေ။ အသက်(၃၈)နှစ်ရှိ အန်ဂျလီနာသည် (၂၀၁၂)ခုနှစ်၊ ဧပြီလက World War Zစတား မင်းသားနှင့် စေ့စပ်ထားပြီး ဖြစ်သော်လည်း လက်ထပ်ပွဲအတွက် ယခုတိုင် အကောင်အထည် မဖော်ဖြစ်ဘဲ ရှိနေခဲ့သည်။ အန်ဂျလီနာက မိမိတို့ နှစ်ဦးကို လက်ထပ်ရန် ကလေးများက အပြင်းအထန် တောင်းဆိုနေသော်လည်း လက်ရှိတွင်မူ အခြေအနေ မပေးသေးကြောင်း ဝန်ခံခဲ့သည်။
Maleficentစတား မင်းသမီးက “ကျွန်မတို့က Dateနေကြတာ မဟုတ်ဘူးလေ။ ကျွန်မတို့ကြားမှာ ဘာမှ လည်း လျှို့ဝှက်ထားစရာ မလိုဘူး။ ဒါပေမဲ့ ခုလောလောဆယ်တော့ ဘယ်လို ဖြစ်မယ်ဆိုတာ မသိသေးဘူး။ လက်ထပ်ဖို့ ကိစ္စကို ကလေးတွေနဲ့လည်း ပြောဆိုခဲ့ဖူးပါတယ်။ ကျွန်မတို့ရဲ့ ကလေးတွေထဲက တစ်ယောက် ဆိုရင် မင်္ဂလာပွဲမှာ ဘယ်လိုဘယ်ပုံ ပြင်ဆင်သင့်တယ် ဆိုတာတောင် သူတွေးထား တာလေးတွေ ပြောပြ ပါတယ်။ ဒါပေမဲ့ အဲဒီအခြေအနေတွေနဲ့ လုံးဝ ကွဲလွဲသွားတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လေ” ဟု မှတ်ချက်ပြုခဲ့သည်။
အော်စကာဆုရှင် မင်းသမီးက “လူတိုင်းလည်း သိပါလိမ့်မယ်။ ကျွန်မရော၊ ဘရတ်ပါ အဓိက ထားတာက ကလေးတွေနဲ့အတူ အရေးပါတဲ့ အချိန်တွေကို ဖြတ်သန်းနေဖို့ပါပဲ။ အချင်းချင်း အလေးအနက် ချစ်ခင်ကြ တယ်ဆိုရင် ကျွန်မတို့ကြားမှာ ခိုင်မာတဲ့ ဆက်နွယ်မှုက တည်ရှိနေပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ တစ်ဖက် က တွေးရင်လည်း အမှတ်တရ ရှိနေမယ့် အရာတစ်ခုခုကိုလည်း တောင့်တမိတယ်လေ”ဟု ဆိုသည်။ အန်ဂျလီနာသည် ယခင်က ဂျွန်နီလီမစ်လာနှင့် ဘီလီဘော့ဘ်တို့နှင့် အိမ်ထောင်နှစ်ဆက် ရှိခဲ့ဖူးသည်။
Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)