လူထုထဲက အကြောက်တရား
မင်းမြတ်စံ
သင်္ကြန် မတိုင်ခင်လေးမှာ ဆွေမျိုးတစ်စု က မြောက်ဒဂုံမှာ မြေ၀ယ်ထားချင် တယ်ဆိုလို့ ဒဂုံ ကျွမ်းကျင်သူ မိတ်ဆွေတစ်ယောက် နဲ့ ဆက်သွယ်ပြီး လိုက်ဝယ်ပေးခဲ့ ရပါတယ်။ မြေ၀ယ်တယ် ဆိုလို့ မောင်မြတ် အမျိုးတွေကို သိပ်လည်း အထင်မကြီးပါနဲ့၊ သိန်း ၆၀/၇၀ လောက် တန်တဲ့ မြေကွက်လောက်ပဲ ၀ယ်နိုင် တာပါ။ ချွေးနှဲစာကို စုဆောင်းရတဲ့ သူတွေဆို တော့လည်း ဒီလောက်ပဲ တတ်နိုင်ကြပါတယ်။ သူတို့နိုင် တဲ့ ငွေနဲ့ လိုက်ရှာတော့ ဒီအချိန်မှာ ဒဂုံမြို့သစ် မြောက်ပိုင်း တောင်ပိုင်း အကွက်တွေ အနားတောင် မသီနိုင်တော့ဘဲ ဒဂုံမြို့သစ် အရှေ့ပိုင်းရဲ့ အတော်ဝေးတဲ့ နေရာက လူနေထိုင်မှု မရှိ သလောက် ဖြစ်နေသေးတဲ့ ပါမစ် မြေကွက်လေးတွေ ပဲ ရပါတော့တယ်။ အဲဒါကို ပဲ အများနည်းတူ အိုးအိမ်ရုံးမှာ စာရွက်စစ်ပြီး မျက်စိမှိတ် ၀ယ်ခဲ့ရပါတယ်။
သူတို့ ဘာကြောင့် မြေ၀ယ်ကြ ပါသလဲ။ အမြတ် လိုချင်လို့လား။ ပိုင်ဆိုင်မှုတွေ တိုးပွားအောင် လား၊ နှစ်ခုလုံး ဖြစ်နိုင်ပါတယ်၊ နောက်ထပ်ပြောရ မယ့် အကြောင်းတရား လည်း ရှိပါသေးတယ်။ အဲဒါ ကတော့ အကြောက် တရားပါ၊ မိမိ ပိုင်ဆိုင်မှု ငွေကြေးလေး နေရင်းထိုင်ရင်း တန်ဖိုး လျော့ကျ သွားမှာ စိုးရိမ် ပူပန်ရတဲ့ အကြောက် တရားပါပဲ။ ဒီငွေပမာဏ လောက်လေးများ တန်ဖိုးကျ သွားကြောက်တယ် ဆိုပြီး တချို့က ရယ်ချင်ရယ်မယ်။ ပညာနဲ့ လုပ်အားကို အခြေပြုလို့ ရိုးရိုးသားသား ရှာစားသူတွေ အဖို့ တော့ ကိုယ့်ချွေးနှဲ စာဆိုတာ ဓမ္မပဒ ဇာတ်တော် တစ်ခုထည်းကလို တိုင်းပြည် တစ်ဝက်လွှဲပေးတာ တောင် လက်လွတ်မခံနိုင်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ငွေစလေးများပါပဲ၊ ဒါပေမဲ့ ဒီအတိုင်း ထားရင် အင်ဖလေးရှင်း နဲ့ မြေဈေးရှင်း (မြေဈေးတွေ တက်လွန်းလို့ မတတ်နိုင် တဲ့သူတွေ ရှင်းအထုတ် ခံရသလို ဖြစ်တာကို ဆိုလိုတာ)ကို ကြောက်ရတာ ကြောင့် တန်ဖိုးမကျဘူး ဆိုတဲ့အရာ တစ်ခုခုနောက် မီနိုင်သလောက် လိုက် ရတာပါပဲ။
သူတို့ကြောက်တာ မမှားပါဘူး။ သူတို့ရတာဝယ်ပြီး နှစ်လတောင်မပြည့်သေး အခုပဲ ဆယ်သိန်းလောက် ဈေးထပ် တက်နေပြီလို့ သတင်းရပါတယ်၊ ဈေးတက်တယ် ဆိုပေမယ့် စွန့်စားရတာ လည်းရှိတယ်၊ ဝေးလွန်းလှတဲ့ ရပ်ကွက်က လူမနေ ကြသေးတဲ့ ပါမစ်မြေဆိုတော့ လက်ရောက်ရယူ ခြံခတ်တာ တို့ဘာတို့ လည်းလုပ်ဖို့ မလွယ်လေတော့ လက်ထဲ ပါမစ်မူရင်း စာရွက်လေးတွေ ပဲရှိတယ်။ အဲဒီအကွက်တွေ ပြန်သိမ်းတယ် ဆိုရင်လည်း ဇယားကရှုပ်ဦး မယ် ဆိုတော့ မြတ်ပေမယ့် ကြောက်စ ရာတော့ ရှိပြန်တာပဲ၊ မ၀ယ်ခင်က လက်ထဲရှိတဲ့ ငွေတန်ဖိုး လျော့သွားမှာ ကြောက်ရ၊ ၀ယ်ပြီးတော့ Risk ရှိနေလို့ တစ်မျိုးတွေးပူရနဲ့၊ ရောင်းသင့်တဲ့ အချိန်ကျရင် လည်း ပြန်ရောင်းမိပါမှ တဲ့၊ မြေဇယား ကြေနေတဲ့ မိတ်ဆွေ ကပြောတော့ သူတို့လို မ၀ယ်နိုင်တဲ့ မောင်မြတ်ကမှ အေးချမ်းသေး။
ဒါပေမဲ့အဲဒီ ဒဂုံအရှေ့ပိုင်း သွားတုန်းက မောင်မြတ် ကြောက်မိတာ တစ်ခုတော့ရှိတယ်။ ညီလေး တစ် ယောက်ရဲ့ သူငယ်ချင်းပိုင် တက္ကစီ လေးငှားသွားတာ ရင်းနှီးသူတွေ ဆိုတော့ မောင်းသူတောင် မလိုက်ဘဲ ကားချည်း ပေးလိုက်တယ်။ ကားက ပရိုဘောက်စ်၊ ကိုယ့်ဘာသာ မောင်းတော့ လူလည်း ပိုဆံ့ တာပေါ့၊ ညီလေး က မောင်းနေတဲ့ အချိန် သမိန်ဗရမ်း လမ်းမကြီးပေါ်မှာ အဖော်လည်း မတွေ့ သလောက် နဲ့ နေ့လယ်ဘက် အရမ်းပူတဲ့အချိန်လည်း ဖြစ်တော့ မောင်မြတ်မှာ ဒီအပျိုပေါက်များ မီးထတောက် လိုက် ရင် ပြဿနာလို့ တွေးကြောက် မိတာပါ၊ ကားမှာ မီးသတ်ဗူး မပါသလို လမ်းနံဘေးမှာ လည်း ရေတစ်စက်မှ မရှိဘဲ တံလျှပ်တွေ တစ်ရှိန်ရှိန် ထလောက်အောင် ပတ်ကြား အက်မြေ ကွက်လပ်တွေ ချည်း။ ညီလေးက အစ်ကိုကြီး တစ်လှည့် မောင်းဦးမလားဆိုတာ တောင်အပျိုပေါက်။ အဲလေ ပရိုဘောက်စ်ဂွေ ကိုင်ချင်စိတ်မရှိ၊ အမျိုးတွေ ကတောင် ကလိကြသေး။ ဧကန္တ ကားဝင်ကိန်း ရှိတယ် လို့ ဗေဒင်က ဟောထားလို့ ကျိမ်းကျေမှာ စိုးပြီး သူများကား ဂွေမကိုင်တာ လားတဲ့။
တကယ်တော့ ဒီခေတ်မှာ မဖြစ်မနေ ကားဝယ်တဲ့ သူတွေလည်း ကြောက်ကြောက်နဲ့ ၀ယ်ကြရတာ များပါ တယ်၊ ကားဆိုရင် ၀ယ်သာဝယ်။ ၀ယ်ပြီးရင် မြတ်ကိုမြတ်တယ် ဆိုတဲ့ ဘွရှင်မင်းကြီးရဲ့ လက်ထက် တော် ကြီးခေတ် ကမ္ဘာ့အပြင်ဘက် ဖြစ်စဉ် အလွဲကြီးကနေ နိယာမ အမှန်ဘက် ပြန်ရွေ့လာတာ ဘာကြာသေးလို့ လဲ။ တခြား လူသုံးကုန် တွေလိုပဲ ၀ယ်ပြီးတာနဲ့ ရှုံးမယ်ဆိုတဲ့ အမှန်သိ ၀င်လာတာ တောင် အယူအစွဲ ကတော့ ကျန်သေးတယ်။ ဂျပန်ကား ဆိုရင် တိုယိုတာမှ၊ တိုယိုတာထဲမှာ လည်း ဗင်ဆိုရင် မှားစရာ မရှိဘူး ဆိုပြီး ၀ယ်လာ လိုက်ကြတာ ဆူပါရုဖ်ကနေ ဖင်ကောက် အလယ် အခုနောက်ဆုံး အပျိုပေါက်နဲ့ ကျမှ မီးထတောက် တော့တာပါပဲ၊ နိုင်ငံတကာမှာ တော့ စတေရှင်ဝက်ဂွန်“လို့သာ ခေါ်ကြတဲ့ ဒီကားမျိုးတွေ ထက် တက္ကစီလုပ်ဖို့ ဟိုင်းဝေးသွားဖို့ သင့်တော်အောင် ထုတ်လုပ် ထားတဲ့ တစ်ခြားကား အတန်း အစား တွေရှိလျက်သားနဲ့ မသုံး ဖြစ်ကြဘဲ ဒါမှဒါပဲဆိုပြီး တက္ကစီ ထောင်သူ အကြိုက် (စီးသူတွေ တော့ မကြိုက် အပျိုပေါက်နဲ့နွား နောက်ခန်း ထိုင်ပြီး ဟိုင်းဝေးစီးဖူးရင် ပိုသိ မှာပါ) ၀န်နဲ့ အားမမျှအောင် ခိုင်းမိ သလိုဖြစ်လို့ နဂိုက မြန်မာ့ ရာသီဥတု နဲ့ မအပ်စပ်တဲ့ အိပ်ဇောစနစ်နဲ့ ၀ါယာရင်း တပ်ဆင်မှုမှာ ပြဿနာကြုံ မီး လောင်ရတယ် လို့ ကျွမ်းကျင်သူတွေ က ပြောပါတယ်။
ခေတ်စားတယ် ဆိုပြီး ပရိုဘောက်စ် ၀ယ်ထားမိတဲ့ မိတ်ဆွေ များအတွက် ကိုယ်ချင်းစာမိပါရဲ့၊ ခုများတော့ လည်း အင်ဂျင် ပါဝါသေးတဲ့ တခြား အမျိုးအစား ကားလေး တွေလည်း အပူလွန်ရင် လောင်တာပဲ မို့ အပျိုပေါက် တစ်ယောက်တည်း နာမည်ပျက်တာမှ မဟုတ်တာလို့ နှစ်သိမ့် ရမလိုလို။ စောစောက အကြောက်စကား ပြန်ဆက်ရရင် ကားဝယ်ရင် ရှုံးတာ သေချာနေပြီမို့ အရှုံး သက်သာအောင်ဆိုပြီး တချို့လည်း တက်္ကစီပဲ ၀ယ်ကြပြန်တယ်၊ မိသားစု သုံးကားလည်း ဟုတ်တယ်။ ဈေးဖိုး ဆီဖိုးလေးလည်း ရသလောက်ပြန်ရှာ မယ်ဆိုပြီး Semi Taxi လုပ်နေကြတာ မြန်မာပြည်မှာ ပဲရှိလေမလား၊ လူနေမှု စရိတ် ကလည်း တစ်နေ့ထက် တစ်နေ့ မြင့်လာတယ်၊ အရင်တုန်း က စားဝတ် နေရေးထဲမှာ စားရေးအတွက် ကုန်ကျတာက ရာခိုင်နှုန်းများတယ်။ အခုတော့ နေရေးအတွက် ကုန်ကျစရိတ် က ကြောက်ခမန်း လိလိဖြစ်လာတယ်။ ရန်ကုန်မှာ ရိုးရိုးသားသား လုပ်ကိုင် စားသောက် နေသူတွေထဲက အိမ်ပိုင် ယာပိုင် မရှိသေးသူတွေ အတွက် ဒီကနေ့ အိမ် ခြံ မြေ ဈေးဟာ ကြောက်စရာ အကောင်းဆုံး စိန်ခေါ်မှုကြီး ဖြစ်လာတယ်။
ရှိတဲ့ငွေစလေး တန်ဖိုးလျော့သွားမှာ ကြောက်တယ်၊ ၀ယ်ထားတဲ့ ကားလေး ဈေးအရမ်းကျမှာ ကြောက် တယ်၊ စီးနေတဲ့ကား မီးထတောက် မှာ ကြောက်တယ်၊ အဝေးပြေး ကားစီးရင် မှောက်မှာပြုမှာ ကြောက် တယ်၊ အိမ်လခ တိုးမပေးနိုင် တော့မှာ ကြောက် တယ်။ တစ်သက်လုံး စုဆောင်းလို့မှ အိမ်တစ်လုံး မပိုင်မှာ ကြောက်တယ်၊ ဒါတွေက မြို့ပြက မရှိမရှား လူတန်း စားရဲ့ အကြောက်တရား တချို့လို့ ပြောရ မယ်၊ တောနယ် ကျေးလက်က အများစု လူထုကြီး အတွက်ဆိုရင် ကြောက်စရာတွေ ပိုတောင်များနိုင် သေး တယ်။ ဒါပေမယ့် ကြောက်ရမှန်း ကောင်းမှန်း မသိဘဲ ပေးထားချက် အတိုင်း ရှင်သန် လှုပ်ရှားနေကြ ရတာ တွေလည်းရှိတယ်။ ရန်ကုန်မှာသာ ကားတွေများ နေပေမယ့် တရုတ် ထော်လာဂျီတစ်စီး လူအ စိတ်လောက် စုပြုံတက်စီး နေကြတာတွေ နယ်မှာ လက်ညိုးထိုးမလွဲ။ Safety ဆိုတာ သိသိ မသိသိ ဒါမှမစီးရင် စီးစရာမရှိတော့ မှောက်ခါမှ မှောက်ရော့၊ ကြောက်စိတ် ဘေးချိတ်ပြီး သွားလာ နေကြရ တာမျိုး။ အရင်တုန်း ကတော့ အနိမ့်ဆုံးကျေးရွာ အာဏာပိုင် ကစပြီး ဖိမ့်ဖိမ့်တုန် အောင်ကြောက်ခဲ့ ရတာတွေရှိ တယ်။ ဒီဘက်ခေတ် တော့ အရင်လောက် မဟုတ်တော့ဘူးဆို တဲ့တိုင် အောင် အာဏာရှိ ငွေရှိသူကသာ အနိုင်ရတဲ့ အဖြစ်တွေ ကြီးစိုးနေတုန်းပါပဲ။ အရင်ခေတ် အဆက်ဆက်က အနိုင်ကျင့်ဗိုလ်ကျ အသိမ်းခံရတဲ့ လယ်မြေတွေ ကိစ္စ အခုတော့ ပြောရေးဆိုခွင့် ရှိလာလို့ မကြောက်မရွံ့ ပြောကြရေးကြ ပြန်တောင်းကြတဲ့ အသံတွေ ပွက်ပွက် ညံလာတော့ လူထုကြားက အ ကြောက်တရားတွေဟာ အတိုးအ ဆုတ်ရှိတယ်လို့ ဆိုနိုင်တယ်။
ဟိုးအရင်က မြန်မာပြည်ထဲ တရုတ်နဲ့ အိမ်နီးချင်း လူလည်တချို့ ကလွဲရင် ရင်းနှီးမြှုပ်နှံသူမလာတော့ လက်ဝေခံသက်သက်ပဲ ဖြစ်တော့ မလား ကြောက်ခဲ့ရတယ်။ အခုမြန်မာပြည် စန်းပွင့်လာပြီ ဆိုတော့ ကမ္ဘာ့ အရပ်ရပ်က လာကြတယ်။ အထိုက်အလျောက် ရင်းနှီးမြှုပ်နှံကြတယ်။ ဒါပေမဲ့ တခြားဖွံ့ဖြိုးဆဲ နိုင်ငံတွေကို တဟုန်ထိုး တိုးတက် သွားစေခဲ့တဲ့ ကုန်ထုတ်လုပ်မှု နဲ့ ပို့ကုန် အခြေပြု ရင်းနှီးသူ ကတော့ အင်မတန် နည်းနေ သေးတယ်။ မြေဈေး အဆမတန်ကြီး လွန်းတာနဲ့ အခြေခံ အဆောက်အဦ နိမ့်ကျလွန်းတာ၊ ကြိုးနီ စနစ် အားကောင်း နေသေးတာ၊ ကျွမ်းကျင် လုပ်သား ရှားတာ စတဲ့ အချက်တွေကြောင့် ခုထိ Assembled In Myanmar တို့ Made In Myanmar ရယ်လို့ စာကပ်နိုင်တဲ့ ကမ္ဘာကျော် Brand ရယ်လို့ လက်ညိုးထိုးပြ စရာ သေးသေး မွှားမွှားလေး တစ်ခုတောင် မရှိသေးဘူး။
စန်းပွင့်တယ် ဆိုတာ အချိန်ကာလ တစ်ခုပဲရှိနိုင်တယ်။ လိုအပ်ချက်တွေ မဖြည့်ဆည်း နိုင်ဘဲ စန်းပွင့်ချိန် ကုန်သွားရင် ဘာလုပ်ကြမလဲ၊ တွေးကြည့်ရင် ကြောက်ဖို့ ကောင်း တာပဲ။
အကြောက်တရား ဆိုတာ လူတစ်ယောက်ချင်းစီ ရဲ့ ဆင်ခြင်တွေး ခေါ်နိုင်စွမ်း သုံးသပ် နိုင်စွမ်းတွေ ပေါ်မှာ လည်း မူတည်တယ်။ အခြေအနေ အပြောင်းအလဲတွေ နောက်မှာ ကြောက်စရာတွေ နည်းသွားတာ လည်းရှိများ လာတာလည်း ရှိတာနဲ့ အခုတလော အမျိုးဘာသာ သာသနာ ပျောက်သွားနိုင်တဲ့ ကြောက်စရာ လို့ဆိုတဲ့ သဘော အယူတစ်မျိုးကို ထောက်ပြ ခြောက်လှန့် နှိုးဆော်သံ တွေလည်း မြင့်တက် လာပြန်တယ်။ ကိုယ့်အမျိုးနဲ့ ကိုယ်ကိုးကွယ်ရာ မှေးမှိန် လျော့ပါးမှာတော့။ လူတိုင်း လူတိုင်း ဘယ်သူမဆို ဘယ်လိုလားပါ့ မလဲ၊ ရခိုင်ပြည်နယ် ဒေသတချို့မှာ အနည်းစုနဲ့ အများစု ဖြစ်ခဲ့ရတဲ့ အခြေအနေ၊ ပဋိပက္ခတွေ ဖြစ်ခဲ့ရတဲ့ သမိုင်းအမွေဆိုးတွေ၊ ဖွံ့ဖြိုးမှု အနည်းပါးဆုံး ဖြစ်နေရတဲ့ အခြေအနေ တွေ၊ လူမှုရေး စီးပွားရေး နိမ့်ကျ လွန်းလို့ အနိုင်ကျင့် ခေါင်းပုံဖြတ် ခံခဲ့ရတဲ့ ကိစ္စတချို့ရှိနိုင်တာတွေ အားလုံးကို လက်ခံနားလည် နိုင်ပါ တယ်။ မျှဝေ ခံစားနိုင်ပါတယ်။
ဒါပေမဲ့ ဒေသတစ်ခုရဲ့ အခြေအနေကို အကြောင်းပြု လို့ တစ်နိုင်ငံလုံး မှာ အများစုရဲ့ အမျိုးဘာသာ ပျောက် မတတ်၊ ရန်သူတွေ ၀န်းရံနေကြ သလိုလို အကြောက် တရားတွေ ဖန်တီး တပ်လှန့်နှိုးဆော်တဲ့ အထိ လုပ်လာတဲ့ အခါမှာတော့ အရောင်အသွေး စုံတဲ့ လူထုကြားမှာ အဆင် မပြေတော့ပါဘူး။ ကမ္ဘာ့ ဘယ်နိုင်ငံ မှာ မဆို ယျေဘုယျ အားဖြင့် အများစု ကိုးကွယ်ရာဟာ မျက်နှာသာ အပေးခံရဆုံး အခွင့်အလမ်း အများ ဆုံးဖြစ်ပါတယ်။ ဒီလိုအများ စုဖြစ်သူတွေထဲ က ဆင်းရဲမွဲတေသူတွေ ဟာ အနည်းစုတွေရဲ့ ပစ်မှတ်ဖြစ်နေ တယ်။ လူမှုရေး၊ စီးပွားရေး အရ ၀ါးမျိုဖို့ ကြိုးစားနေလို့ ကာကွယ် စောင့်ရှောက်ရမယ်၊ သွေးတွေ နွှေးထား ရမယ်၊ လိုအပ်ရင် အသက်ပါပေးလို့ အရိုးပါ စည်းရိုးထိုး ကာသင့်ကာရမယ် ဆိုတဲ့ လှုံ့ဆော်မှုမျိုးဟာ လွန်ကဲပြင်းထန် လှပြီး တည်ငြိမ် ကောင်းမွန်နေတဲ့၊ ခေတ် အဆက်ဆက် ပြဿနာ ကြီးကြီးမားမား မရှိတဲ့ အရောင်အသွေးစုံ လူ့အဖွဲ့အစည်း တစ်ခုထဲက လူမှု ဆက်ဆံရေး တွေကို တစ်စတစ်စ ပျက်ပြား လာ စေနိုင်ပါတယ်။
ကမ္ဘာ့နေရာ တချို့က ဘာသာရေး အစွန်းရောက် တချို့ရဲ့ပြဋ္ဌာန်း ဆောင်ရွက်မှုတွေ၊ အကြမ်းဖက်မှု သတင်းတွေဟာ တခြားနိုင်ငံတွေ လိုပဲ မြန်မာနိုင်ငံ အပေါ်မှာ ရိုက်ခတ်မှု အနည်းနဲ့ အများရှိပါတယ်၊ ဒီသတင်းမျိုးတွေ ကြောင့် သံသယနဲ့ စိုးရိမ်မှုတချို့ ရှိနိုင်တဲ့ တိုင်အောင် မြန်မာ့လူ့အဖွဲ့အစည်း တစ်ခုလုံးကို ပါ လက်တွေ့ ခြိမ်း ခြောက်နေတယ် ဆိုတာ ကတော့ ပုံကြီးချဲ့ သွေးထိုးမှုလို ဖြစ်နေတာကြောင့် ရန်ကုန်လို ပညာတတ်ရာ ခိုင်နှုန်းမြင့် မားတဲ့ နေရာမှာ လှုံ့ဆော်သူတွေ လှုံ့ဆော် သလောက် အကြောက် တရား ဖြစ်မ လာပါဘူး။ ဒါပေမယ့် အမုန်းတရား တွေတော့ ဖြစ်ထွန်း လာပါတယ်။ အခုအခါ ဆင်ခြေဖုံးမြို့နယ် တချို့ မှာ ခေတ်စားနေတဲ့ ကန်ထရိုက် တိုက်ခန်း ဆောက်တဲ့ ကတိစာချုပ်မှာတောင် ကိုးကွယ်မှုနဲ့ စည်းခြားတဲ့ အပိုဒ်မျိုး ထည့်သွင်း ချုပ်ဆိုလာကြတာ၊ အော်ရီဒူးက လုပ်မယ့်ဖုန်းကို မသုံးကြဖို့ လှုံ့ဆော် စည်းရုံးတာ မျိုးတွေ ဟာ သိသာထင်ရှားတဲ့ ဥပမာတွေဖြစ်ပြီး၊ အမျိုးသားရေးလို့ ခေါင်းစဉ် တပ်ထားရာက လူလူချင်း ခွဲခြား ဆက်ဆံရေးဘက် ဦးတည်နေတဲ့ သဘောဖြစ်တယ်။ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ တွန့်ဆုတ် လက်ရှောင်သွား စေနိုင်တဲ့ ကျဉ်းမြောင်းလှတဲ့ လှုံ့ဆော်မှုမျိုးဖြစ်တယ်။ ဒါကြောင့် Partriotism လို့ ကြွေးကြော် ပေမယ့် Racism ဖြစ်နေတယ်လို့ ဝေဖန်သူတွေ ရှိပါတယ်။
မဖြစ်သင့်ဘဲ ဖြစ်ခဲ့ရတဲ့ ပဋိပက္ခတွေ အပြင် ဒီလိုလွန် ကဲတဲ့ လှုံ့ဆော်မှုတွေ ကြောင့် ဂယက် ရိုက်ခတ်မှုတွေ ဟာ ပြည်ပ အထိပါ သက်ရောက် ခဲ့ပါတယ်။ ပြည်ပကို ၀မ်းရေးအရ သွားရောက် လုပ်ကိုင်ရသူ တချို့ အနေနဲ့ တန်ပြန် အမုန်းတရားနဲ့ ရင်ဆိုင်ရပြီး အဲဒီမှာ သူတို့က အနည်းစု ဖြစ်နေတာကြောင့် အကြောက် တရားတွေနဲ့ နေထိုင် လုပ်ကိုင်နေရတာ အလွန် စိတ်မကောင်းစရာပါပဲ၊ သူတို့ခမျာ ပြည်တွင်းမှာ ပဋိပက္ခ ထပ် ဖြစ်မှာကို ပြည်တွင်း နေသူတွေ ထက်တောင် ပိုစိုးရိမ် နေရတာကိုကြည့်ရင် လွန်ကဲတဲ့ နှိုးဆော်မှု ပြု သူတွေ ပြန်ဆင်ခြင်သင့် နေပါပြီ။ ဒီလိုဖြစ် အောင် ရည်ရွယ် နှိုးဆော်တာ မဟုတ်လို့တို့နဲ မဆိုင်ဘူးလို့ မျက်စိပိတ်ငြင်းနေရုံနဲ့ တော့ ဘယ်လိုမှ အဆင်မပြေပါ ဘူး။ စေတနာ မှန်ပေမယ့် ယုံကြည်မှု လွဲပြီး သုံးသပ်မှု မပြည့်စုံသလို လုံလောက်တဲ့ ဉာဏ်အမြင် အားနည်းရင် လုပ် ဆောင်ချက်တွေပါ လွဲချော် လို့ မျှော်လင့်ထားတဲ့ ရလဒ်နဲ့ ပြောင်းပြန်ဖြစ်တတ် တယ်ဆိုတာလည်း ဘယ် လောကအတွက် မှ ခြွင်းချက် မရှိပါဘူး။
အမှန်တော့ ဥပဒေ စိုးမိုးမှုနဲ့ အာဏာပိုင်တွေက အရာရာကို နည်းလမ်းတကျ ကိုင်တွယ် ဖြေရှင်းမှုတွေ သာရှိခဲ့ရင် ဒီလောက်ထိ ပဋိပက္ခတွေ ကြီးထွားလာစရာ အကြောင်းမရှိပါဘူး။ ဥပဒေမဲ့ လှုပ်ရှားမှုတွေကို ကိုင် တွယ်ရာမှာ ပျော့ပြောင်းအား နည်းလွန်း ခဲ့တာတော့ အထင်အရှားပါပဲ။ တပ်မတော် ကျောထောက် နောက်ခံနဲ့ အာဏာ ရလာတဲ့ အစိုးရ တစ်ရပ်အဖို့ ဒီမိုကရေစီ ပြောင်းလဲရေး လမ်းစဉ်နဲ့ တည်ငြိမ်မှုကို ပျက်ပြားစေတဲ့ အမုန်း တရား မီးမွှေးသူတွေ ကို ဥပဒေ အတိုင်း မကြောက် မရွံ့ ပြတ်ပြတ် သားသား ကိုင်တွယ်သင့်ပါတယ်။ Reform လုပ်နေပါတယ် ဆိုတဲ့ အာဏာကိုင်စွဲမှု အားကောင်းတဲ့ စစ်ဘက် အသွင်ပြောင်း အစိုးရ ကိုယ်တိုင်က အစွန်းရောက် လှုပ်ရှား လှုံ့ဆော်မှုမျိုး ကို မတားဆီးနိုင်ရင် နောင်တက် လာမယ့် နိုင်ငံရေး အစိုးရများ လက်ထက်မှာ ပြဿနာတွေ ပိုကြီးထွား လာနိုင်ပါ တယ်။ ဒီလိုနဲ့ မထိန်းနိုင် မသိမ်းနိုင် ပဋိပက္ခတွေ ထပ်ဖြစ်လို့ စစ်ဘက် စွက်ဖက်မှုကိုပဲ ဖိတ်ခေါ် နေသ လို ဖြစ်စေဦးမယ်ဆိုရင် တပ်မတော်နဲ့ ပြည်သူတွေ အတွက်ကော နိုင်ငံအတွက်ပါ ကောင်းနိုင် စရာမ ရှိတော့သလို အမွေဆိုး လွှဲခဲ့သူ အနေနဲ့လည်း သမိုင်း တရားခံပါ ဖြစ်သွား နိုင်ပါတယ်။
လောကလူ့ဘုံမှာ သဘာဝ အတိုင်းဖြစ်လာတဲ့ အကြောက်တရား တွေရှိတယ်။ အခြေအနေ တွေကြောင့် ဖြစ် တဲ့ အကြောက်တရား လည်းရှိတယ်၊ ဖန်တီး လှုံ့ဆော်ယူတဲ့ အကြောက် တရားမျိုးလည်း ရှိတယ်။ ဒီလိုအ ကြောက် တရားရဲ့နောက်ဆက်တွဲ အနေနဲ့ အနည်းဆုံး တော့ အမုန်းတရားတွေ အဖတ်တင်မယ်။ ချက်ချင်း မဖြစ်တောင် ပဋိပက္ခ အတွက် အတွေးအခေါ် လောင်စာပျိုးထားသလို ဖြစ်မယ်။ ဒီအခါ ပြည်တွင်း ကဖြစ်ဖြစ် ပြည်ပက ဖြစ်ဖြစ် အမြတ်ထုတ်လိုသူတွေရဲ့ ပယောဂတွေဝင်လာနိုင်တယ်။ ဒါကြောင့် လူထု အများနဲ့ တိုင်းပြည်အတွက် အကျိုး မပေးနိုင်တဲ့ အမှောင်ခေတ်ထဲ နောက်ပြန်ဆွဲ ခေါ်သွား စေနိုင်တဲ့ ပယောဂ မကင်းတဲ့ အကြောက် တရားမျိုးတော့ မပေါက်ဖွား မကြီးထွားရအောင် အမုန်းစကား မသုံးဘဲ ဆင်ဆင် ခြင်ခြင် ၀ိုင်းဝန်းကြိုးပမ်း ကြပါစို့လား။
The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)