အထက်မြန်မာပြည် မူလတန်းနှင့် အလယ်တန်း ကျောင်းသားများအတွက် ပြဋ္ဌာန်းစာအုပ် ၃၅ သိန်းခန့် အခမဲ့ပေးမည်


မန္တလေး၊ မေ၂၁

အခြေခံပညာသင် ကျောင်းများတွင် အလယ်တန်းကျောင်းသူ၊ ကျောင်းသားများအတွက် လက်ရှိ ပညာသင်နှစ်မှ စတင်ကာ အခမဲ့ ပညာရေးစနစ် အကောင်ထည် ဖော်လျက်ရှိရာ အထက်မြန်မာပြည် အခြေခံပညာ မူလတန်းနှင့် အလယ်တန်း ကျောင်းသားများအတွက် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တွင် ပြဋ္ဌာန်းစာအုပ် ၃၅ သိန်းခန့် အခမဲ့ ပေးသွားမည် ဖြစ်ကြောင်း အမှတ် (၂) အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်က ပြောကြားသည်။

ယင်းသို့ အခြေခံပညာ မူလတန်း ပညာရေးအပြင် အလယ်တန်း အဆင့်ကိုပါ အခမဲ့ ပညာရေးစနစ် သို့ ပြောင်းလဲ လိုက်ခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူဦးရေ များပြားလာနိုင်ပြီး တိုးလာသည့် ကျောင်း သား ဦးရေအလိုက် ပြဋ္ဌာန်းစာအုပ် ထပ်တိုး ထုတ်ပေးသွားမည် ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

“အခုလိုမျိုး အခမဲ့ဆိုတော့ ဝမ်းသာတာပေါ့။ ကလေးကျောင်းအပ်ဖို့ကို နေ့ပြန်တိုးနဲ့ တစ်သောင်းလောက် ချေးလိုက်ရတယ်။ အခုတော့ ဗလာစာအုပ် ဖိုးပဲကုန်တော့မှာ။ ဒီနှစ်ကလေးက ငါးတန်းတက်ရမှာ။ တချို့ကလေးတွေဆိုရင် ကျောင်းလေး အပ်ပေးဖို့အတွက် သူများအိမ်မှာ လက်တို လက်တောင်း သွားလုပ်ပေးရတာတွေ ရှိတယ်” ဟု ပြည်ကြီးတံခွန် မြို့နယ်တွင် နေထိုင်သည့် ပဉ္စမတန်း တက်ရောက်ရမည့် ကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သူက ဆိုသည်။

ပြီးခဲ့သော ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် စတင်အကောင်ထည် ဖော်ခဲ့သည့် မသင်မနေရ မူလတန်း ပညာရေးစနစ်အရ မူလတန်းအဆင့် အခမဲ့ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ များကို ပြဋ္ဌာန်းစာအုပ်၊ ဗလာ စာအုပ်နှင့် ငွေကျပ်တစ်ထောင်စီ ပေးခဲ့ကာ လက်ရှိ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်၍ အလယ်တန်း အဆင့်ကို အခမဲ့စနစ် စတင်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အမှတ် (၂) အခြေခံ ပညာဦးစီးဌာနမှ ထပ်မံသိရ သည်။

“အလယ်တန်းအဆင့်က အခမဲ့ ပညာရေးစနစ်ဖြစ်လို့ မိဘဆရာ အသင်းကြေး၊ ကျောင်းလခတွေကို မပေးသွင်းရတော့ဘူး။ ပြဋ္ဌာန်းပုံနှိပ် စာအုပ်ကို အခမဲ့ ပေးသွားမှာပါ။ မေလ ၂၅ ရက်နေ့ကစပြီး ကျောင်း အပ် လက်ခံသွားမှာပါ” ဟု ချမ်းအေးသာစံမြို့နယ် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း အလယ်တန်းပြ ဆရာမတစ်ဦးက ဆိုသည်။

ပညာရေး ဝန်ကြီးဌာနက ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် အခြေခံပညာရေး ကျောင်းများ တွင် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပြီး မူတန်းအဆင့်နှင့် အလယ်တန်းအဆင့် အခမဲ့ ပညာရေးစနစ်တွင် ကျောင်းအပ်ခ တောင်းခံခြင်း၊ အလှူငွေ တောင်းခံခြင်း၊ ငွေကြေး ပိုမိုတောင်းခံမှုများ ရှိလာပါက ဥပဒေအရ အရေးယူ ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်က ထပ်မံပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် မန္တလေးတိုင်းဒေသကြီး၌ မူလတန်း ကျောင်းသားဦးရေ ငါးသိန်းနှစ်သောင်း၊ အလယ်တန်း ကျောင်းသားဦးရေ သုံးသိန်းတစ်သောင်း ရှိခဲ့ပြီး မူလတန်း ပြဋ္ဌာန်း စာအုပ် သိန်း ၃၀ ကျော် အခမဲ့ ပေးဝေခဲ့သည်။

The Voice Daily
22.5.2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...