ဘယ်ကျောင်းကိုတွေး ဘယ်လမ်းရွေးမလဲ
Thursday, 22 May 2014 02:55 Written by အငြိမ်းစားကျောင်းဆရာတစ်ဦး
သတင်းစာတစ်စောင်တွင် ကလေးများ ကျောင်းထားခြင်းနှင့် ပတ်သက်ပြီး တစ်ယူသန်လွန်းသော အစွဲများဖြင့် ရေးသားထားသည့် ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ ထိုဆောင်းပါးတွင် ပညာရေး ဝန်ကြီးဌာနက ပြဋ္ဌာန်းထားသော သင်ရိုးအတိုင်း သင်ကြားသည့် ပုဂ္ဂလိကကျောင်းများနှင့် နိုင်ငံခြား သင်ရိုးအတိုင်း သင်ကြားနေသော ပုဂ္ဂလိကကျောင်းဟူ၍ နှစ်ပိုင်းခွဲခြား ပြောထားသည်ကို သတိထားမိ သည်။ သူ့အဆိုအရ ပညာရေးဝန်ကြီးဌာန သင်ရိုးအတိုင်း သင်ကြားသော ပုဂ္ဂလိကကျောင်းများကို အပြစ်မဆိုဘဲ၊ နိုင်ငံခြားသင်ရိုးအတိုင်းသင်နေသည့် ပုဂ္ဂလိကကျောင်းများကို အပြစ်တင်နေကြောင်း လည်း တွေ့လိုက်ရ သည်။
မြန်မာနိုင်ငံတွင် ကိုယ့်ကလေးကို ဘယ်ကျောင်းထားရမလဲဆိုသည်မှာ ရွေးချယ်ခွင့်တစ်ခုဖြစ်လာသည်မှာ ဆယ်စုတစ်စုခန့် ဖြစ်တော့မည်ထင်သည်။ ပုဂ္ဂလိကကျောင်းတွင်သာ ထားလိုသည့် မိဘတစ်ဦးက အစိုးရ ဖွင့်ထားသော ကျောင်းကောင်း တစ်ကျောင်းကို ဝင်ခွင့်ရရန်အတွက် လိုက်ရသည့်ငွေကြေး၊ ထိုကျောင်းတွင် ထားရပြန်တော့လည်း ပေးရသည့် ကျူရှင်စရိတ်၊ သည်ကြားထဲက မနေမနား ပိတ်ရက်ပါမကျန် ကျူရှင်ပို့နေ ရခြင်း၊ ဆရာ ဆရာမများကို သားသမီးအား မျက်နှာသာပေးစေရန် ကန်တော့နေရခြင်းစသည့် အကြောင်းပြ ချက်များကြောင့် အစိုးရကျောင်းတွင် မထားလိုကြောင်း ပြောကြသည်။ အခြား မိဘတစ်ဦးကလည်း ငွေ ကုန်ခြင်း မကုန်ခြင်းထက် တတ်ခြင်း မတတ်ခြင်းကို ပိုင်းဖြတ်ကြောင်း။ ဆယ်တန်းအောင်ပြီးလို့မှ နိုင်ငံ တကာအဆင့်မီ အင်္ဂလိပ်စာတတ်ကျွမ်းခြင်းမရှိသည်ကို အားမရသဖြင့် အစိုးရကျောင်းတွင် မထား ရခြင်းဖြစ်ကြောင်း အကြောင်းပြကြသည်။
အထက်ပါ မိဘနှစ်ဦး၏ အကြောင်းပြချက်နှစ်ချက်ကို သုံးသပ်ကြည့်လျှင် ငွေပေးပြီး အောက်ကျရခြင်းနှင့် အချိန်သာကုန်ပြီး ကမ္ဘာ့အဆင့်မီ အင်္ဂလိပ်လို ရေးနိုင် ပြောနိုင်မှုမရှိခြင်းတို့ကြောင့်ဟု အကြမ်းဖျင်း သုံးသပ် မိပါသည်။ မည်သူမဆို ကိုယ့် အကြောင်းပြချက်နှင့်ကိုယ် ရှိနေပါလိမ့်မည်။ သို့သော် ကိုယ့်သားသမီးများကို သူတစ်ပါးထက် ထူးချွန်စေချင်၊ တတ်ကျွမ်း စေချင်မည်မှာ မိဘတို့၏ ဆန္ဒသာဖြစ်မည်ကိုလည်း သတိပြု သင့်ပါသည်။ ကျွန်တော့် မိတ်ဆွေတစ်ဦးဆိုလျှင် မရှိသည့်ကြားက အစိုးရကျောင်းကိုမထား၊ နိုင်ငံတကာ ပုဂ္ဂလိကျောင်းကိုသာ သူ့သမီးလေးကို ထားသည်။ အကြောင်းပြချက်ကတော့ “အစိုးရ ကျောင်းတွေမှ သင်နေတဲ့စာတွေက ကိုယ်သင်လာတဲ့ အချိန်ကတည်းက ပြောင်းလဲမှုမရှိတော့ ဘူး။ ခေတ်ကြီး ကပြောင်းနေပြီ။ မြန်မာ့ပညာရေးက မပြောင်းသေးဘူး။ ဒါကိုခေတ်မီတိုးတက်တယ်လို့ ကျွန်တော်တော့ မထင်ဘူး။ ဒီပြဋ္ဌာန်းချက်တွေ ဒီဆရာ တွေနဲ့ပဲ မြန်မာ့ပညာရေးကို ဆက်လှမ်းနေမယ်ဆိုရင် ကမ္ဘာ့အဆင့် ဆိုတာကို မီဖို့မဖြစ်နိုင်ဘူးလို့ ခံစားနေရတယ်။ ဒါကြောင့် နိုင်ငံတကာကျောင်းကိုပဲ ရွေးချယ်ပြီထားခဲ့တယ်” ဟုဆိုသည်။
ကျွန်တော် ဖတ်လိုက်သော ဆောင်းပါးထဲတွင် စာရေးသူက ဘိုကျောင်းထားခဲ့မိသော မိဘတစ်ဦး၏ ကိုယ်တွေ့ဆိုကာ အောက်ပါအချက်များကို သုံးသပ်ပြထားကြောင်းတွေ့ရသည်။ ထိုဆောင်းပါးပါ မိဘ၏ သုံးသပ်ချက်တွင် ထိုကျောင်းကို ထားပြီးကတည်းက မိဘကို မရိုသေခြင်း၊ မိဘဆုံးမလျှင် (unfair) မတရား ဘူးဟု ပြန်ပြောခြင်း၊ ဘုရားမရှိခိုးတော့ခြင်း၊ ဗမာလို မပြောတော့ခြင်း၊ မြန်မာစာ မတတ်တော့ခြင်း၊ ဘုန်းကြီးကျောင်းနှင့် ဘုရားကို ခေါ်လျှင် မလိုက်တော့ခြင်း၊ ငွေသုံးများခြင်း၊ ပါတီပွဲတွေ တတ်ခြင်း၊ ယောက်ျား မိန်းကလေး စည်းကမ်းမရှိခြင်း၊ အဝတ်အစားများ ကြည့်ဝံ့စရာမရှိအောင် ဝတ်စားလာခြင်းတို့ ရှိနေသောကြောင့် မြန်မာ့ယဉ်ကျေးမှုအတွက် ရင်လေးရကြောင်း သုံးသပ်ပြထားသည်။
ထိုဆောင်းပါးပါ အထက်ကအတိုင်း ရင်ဖွင့်သွားသော အမျိုးသမီးသည် မည်သည့် နိုင်ငံခြားစာသင် သည့်ကျောင်းမျိုးတွင် သွားထားခဲ့သနည်းဆိုသည်ကိုတော့ မပြောထားပါ။ ဤအတိုင်းဖြစ်နေသည် ဆိုလျှင်လည်း အပေါစား အညံ့စား နိုင်ငံခြား အမည်ခံ ကျောင်းတစ်ကျောင်းသို့ ပို့ထားမိပြီဟုသာ ယေဘုယျ မှတ်ချက်ချရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပုဂ္ဂလိကကျောင်းများသည် ရပ်တည်နိုင်ရေးအတွက် အသည်းအသန် ကြိုးစားအား ထုတ်နေကြရသည်။ သူတို့ တွင် အပြိုင်အဆိုင်တွေလည်းလုပ်ရသည်။ အစိုးရက တရားဝင်သယောင်၊ မဝင်သယောင် လုပ်ထားသည့်စနစ်ကြားတွင် သူတို့ လည်း ယောင်တောင်တောင် လျှောက်လှမ်းနေ ရခြင်းဖြစ်သည်။
အစိုးရကျောင်း ထားခြင်း မထားခြင်းသည် ငွေကြေးနှင့်လည်း ဆိုင်မည်ထင်သည်။ ငွေကြေးတတ်နိုင်သော မိဘများသည် အစိုးရကျောင်းကို ထားခြင်းထက် ပုဂ္ဂလိကကျောင်းတွေကိုသာ မျက်စပစ်နေကြသည်။ သူ့အကြောင်းနှင့်သူရှိနိုင်ပါသည်။ အစိုးရကျောင်းများက ထွက်လာသည့် ကျောင်းသားများသည် နိုင်ငံ တကာ အလုပ်အကိုင် အခွင့်အလမ်းဈေးကွက်တွင် ဝင်တိုး နိုင်စွမ်းရှိ မရှိနှင့်လည်း ပြန်လည်ချိန်ထိုးကြည့် ကြသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတကာ အခွင့်အလမ်းများ ပွင့်လန်းလာသည်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ရောက် လာကြတော့မည်။ ကုမ္ပဏီများဖွင့်ကြမည်ဆိုလျှင် မည့်သည့်ကျောင်းထွက်များက အခွင့်အလမ်းပိုရနိုင်မည် ကို ရေရှည်တွေးသော မိဘများက လည်း အစိုးရကျောင်းများကို ရှောင်ဖယ်လာကြသည်။
နိုင်ငံတကာသင်ရိုးအတိုင်း သင်ကြားသော ကျောင်းများတွင် ဝေဖန်ဆန်းစစ်နိုင်သည့်အတွေးများကို အဓိက ဦးစားပေးပြီး သင်ကြားလေ့ရှိသည်။ ကမ္ဘာ့အဆင့်ကို သူတို့ကြိုတင်ပြင်ဆင်နေကြခြင်းဖြစ်သည်။ မြန်မာ့ အစိုးရကျောင်းတွေက ခိုင်းတာလုပ်၊ ပြောတာလုပ်၊ ပြန်မပြောနဲ့၊ နားထောင်၊ အလွတ်ကျက်၊ အလွတ်ရေး စနစ်များဖြင့်သာ သင်ကြားနေသောကြောင့် ဆရာသင်တာကို မှားနေပြီဟု ပြန်ထောက်ပြဝေဖန်ရဲသော သူတွေ ထွက်ပေါ်မလာနိုင်သည့် ပညာဝန်းကျင်ဖြစ်သည်။
စည်းလွတ်ကမ်းလွတ် နေချင်တိုင်းနေဆိုသည့်သဘောသည် ပတ်ဝန်းကျင်နှင့်လည်း ဆိုင်မည်ထင်ပါသည်။ ပိုက်ဆံရှာပြီး ချမ်း သာအောင်လုပ်ကာ သားသမီးများကို ကျောင်းကောင်းကောင်းပို့လိုက်လျှင် တာဝန်ကျေပြီ ထင်ပြီး ပစ်ထားသော မိဘများနှင့် ဆိုးသွမ်းသားသမီးပြဿနာသည် ကိုယ့်နိုင်ငံတွင်သာမဟုတ်၊ နိုင်ငံတကာ တိုင်းတွင် ရင်ဆိုင်နေရသော ပြဿနာဖြစ်သည်။
ကျွန်တော်တို့ ရွေးချယ်ကြရမည်မှာ အစိုးရ၏ ပွင့်လင်းမြင်သာမှုမရှိသော ခေတ်နောက်ပြန်ဆွဲ ပညာရေးဖြင့် သားသမီးများကို အောက်ကျ နောက်ကျ လူတောမတိုး၊ လူရာမဝင်အောင်ထားမလား၊ အနာဂတ်နိုင်ငံတော် အတွက် အသင့်ပြင်ဆင်ပေးထားနိုင် သည့် ပညာရေးဖြင့် အခြေချထားမလား။ တွေးတတ် ခေါ်တတ်၊ ပြော တတ် ဆိုတတ်၊ လူရာဝင်နိုင်သည့် အလေ့အထကို မကောင်းဘူးဆိုကာ ပြန်မပြော နားထောင်၊ စက်ရုပ်လို ကလေးမျိုးတွေကို မွေးထုတ်နေခြင်းကို ကျေနပ်နေမလား စဉ်းစားရ မည့်အချိန်ဖြစ်သည်။
နိုင်ငံခြားစာသင်ကျောင်းကိုထားလျှင် ယဉ်ကျေးမှုပျောက်ကာ ကမ္ဘာပျက်သွား မတတ်ဖြစ်ခဲ့ကြသည်မှာ ယခုမှမဟုတ်ပါ။ ကိုလိုနီခေတ်ကတည်းက အင်္ဂလိပ်ကျောင်းထားလျှင် အပြစ်မြင်ချင်ခဲ့သော်လည်း ကျွန်တော်တို့ အင်္ဂလိပ်စာတွေ သင်ခဲ့ တတ်ခဲ့ ကြပါသည်။ ကျွန်တော်ကိုယ်တိုင် မိဘများက သာသနာပြုကျောင်းတွင် ထားပေးခဲ့သဖြင့် အင်္ဂလိပ်စာလေး မတောက်တခေါက် တတ်ကျွမ်းခဲ့ရသည်။ စာမတတ်သောမိဘများက ကျွန်တော့်ကို သူတို့လို ဘုန်းကြီးကျောင်းစာလောက်သာ သင်ခိုင်းခဲ့မည် ဆိုလျှင် …
မောက္ခပညာရေး မဂ္ဂဇင်း
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)