တရုတ်တွင် လေထုညစ်ညမ်းမှုကြောင့် ကားဟောင်း (၆)သန်းမျှ လျှော့ချဖျက်သိမ်းမည်

လေထုညစ်ညမ်းမှု အခြေအနေ ဆိုးဆိုးရွားရွား ဖြစ်လာသည့်နောက် တရုတ်အစိုးရသည် နိုင်ငံအတွင်း ၌ မော်တော်ယာဉ်စင်းရေ (၆)သန်းမျှကို လျှော့ချသွားရန် ကြံစည်နေပြီဟု သိရသည်။ ယခုနှစ်ကုန်ပိုင်းထိ အချိန်ကာလ အတောအတွင်း အိတ်ဇောစနစ် စံချိန်စံညွှန်းများနှင့် မကိုက်ညီသည့် သက်တမ်း လွန် မော်တော်ယာဉ်များကို တရုတ်နိုင်ငံ၏ လမ်းမများပေါ်မှ ဖယ်ရှားသွားရန် အစိုးရက ရည်ရွယ်ထားပြီး ခန့်မှန်းခြေ မော်တော်ကားစင်းရေ (၆)သန်းမျှထိ ရှိလိမ့်မည်ဟု ဆိုသည်။ လေထုညစ်ညမ်းမှု အခြေအနေ များ ဆိုးဆိုးရွားရွား ကြုံတွေ့ရလေ့ရှိသည့် မြို့တော်ဘေဂျင်းတွင်မူ အနည်းဆုံး ကားစင်းရေ (၃)သိန်းမျှထိ ရှင်းလင်းဖြစ်လိမ့်မည်ဟုလည်း သိရှိရသည်။



ဘေဂျင်းတွင် ဆိုးဆိုးရွားရွား လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်ခြင်း၏ အကြောင်းရင်း အားလုံးအနက် (၃၁) ရာခိုင်နှုန်းသည် မော်တော်ကား အိတ်ဇောများမှ ထွက်ပေါ်လာသည့် မီးခိုးများကြောင့်ဟု စစ်တမ်းတစ်ခု တွင် တွေ့ရှိပြီးနောက် ယင်းအခြေအနေကို ထိထိရောက်ရောက် ဟန့်တားရန် အစိုးရအနေဖြင့် အားထုတ် လာခြင်း ဖြစ်သည်။ လာမည့်နှစ်တွင် အခြားသော ဒေသများမှ မော်တော်ယာဉ် (၅)သန်းမျှကိုလည်း အလားတူ အရေးယူ ကိုင်တွယ်သွားရန် အစိုးရက လျာထားပြီး ဖြစ်သည်။



တရုတ်အစိုးရ၏ Web Portalတွင် ယခုကဲ့သို့ အိတ်ဇောစနစ် အားနည်းချွတ်ယွင်းသည့် မော်တော်ယာဉ် များအား ရှင်းလင်းဖျက်သိမ်းသွားမည့် အစီအစဉ်ကို တရားဝင် ကြေညာခဲ့သည်။ အစောပိုင်းကတည်း က ဘေဂျင်း အုပ်ချုပ်ရေး အာဏာပိုင်များသည် သက်တမ်းရင့်နေပြီဖြစ်သည့် ကားဟောင်းများကို သံရည်ကြို စက်သို့ ပေးပို့ပါက ကားပိုင်ရှင်များအား ထောက်ပံ့ကြေးပေးသည့် အစီအစဉ်ကို အကောင်အထည် ဖော်နေ ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။


Planet Myanmar Network
May 27 14
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...