ပညာရေးဌာန ရိုက်စားခေတ်မကုန်သေး



အယ်ဒီတာခင်ဗျား

ပညာရေး လောကက နားရွက်ကို ပတ်ကိုင်ခိုင်းပြီး ငွေကုန်လူပန်း မထိရောက်တဲ့ အဖြစ်အပျက်တစ်ခုကို အယ်ဒီတာ့ထံ ပေးစာမှ တဆင့် တင်ပြလိုပါတယ်။

ပြီးခဲ့တဲ့ လက ကျွန်တော်တို့ တနင်္သာရီတိုင်းဒေသကြီးမှာ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေ အတွက် စာသင်ခုံတွေ ချပေးပါတယ်။ ပြည်ထောင်စု အစိုးရရဲ့ ဘတ်ဂျက်နဲ့ ကျောင်းတွေကို ခုံတွေ ချထားပေးခြင်းဖြစ်ပါတယ်။

ဒါပေမယ့် ခုံတွေ ရောက်လာတော့ ပြဿနာ မူမမှန်တာသွားတွေ့တော့ တာပါပဲ။ ဘာလို့လဲဆိုတော့ ထားဝယ်ခရိုင်က ကျောင်းတွေ အတွက် ခုံတွေကို မြိတ်ခရိုင်မှာ လုပ်ပြီး ပို့လိုက်ပါတယ်။ မြိတ်နဲ့ ထားဝယ်က မိုင် ၁၅ဝ ကျော်ဝေးပါတယ်။ ဒါကြောင့် ခုံဖိုးမပါဘဲ ပို့ခချည်းပဲ တစ်စုံကို ကျပ်တစ်သောင်းခွဲ ကျနေပါတယ်။ ဒါကို ကျောင်းတွေက စိုက်ရမယ်တဲ့။ ဒါတောင် မြို့ပေါ် အရောက်ပဲ ရှိနေသေးပြီး ကျောင်းတွေ အရောက်မဟုတ်သေးပါဘူး။

သက်ဆိုင်ရာ ဌာနက ကျောင်းတွေကို စာသင်ခုံဖိုးတွေ ပေးလိုက်ရင် စားမှာ စိုးလို့ဆိုပြီး အကြောင်းပြချက် ကို တော့ ကြားရပါတယ်။ ဒါပေမယ့် အဲလိုဆို ခုံတွေကို ဘာလို့ထားဝယ်မလုပ်တာလဲ စဉ်းစားစရာပါ။ မြိတ်မှာက ပိုပေးတဲ့သူရှိနေလို့လား။ စဉ်းစားစရာပါ။ ပညာရေးလောကမှာ ဒါမျိုးရိုက်စားခွင်ဖန်တွေ ဖြစ်နေ ကြဆိုပေမယ့် ဒီတစ်ခါတော့ တစ်ဆိတ်များလွန်း၊ လွန်လွန်းပါတယ်။

အဲဒီရဲ့ ဒဏ်ကို ကျွန်တော်တို့လို တောကျောင်းတွေက ခံရပါတယ်။ ရွာအရောက်ဆို ခုံတစ်စုံ နှစ်သောင်း (ကျပ်) ဖြစ်ရင်ဖြစ်သွားမှာ။ ဒါဆို ကိုယ့်ဟာကို ရိုက်တာ ပိုတောင် ကောင်းဦးမယ်။ ဒေသခံတွေကိုလည်း အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရာရောက်တာပေါ့။ ရွာမှာ ကောင်းကောင်းရိုက်တတ်တဲ့ လက်သမားဆရာ တွေ ပေါပါတယ်ဗျာ။

ပြီးတော့ နောက်တစ်ခု ပြောစရာက ပို့လိုက်တဲ့ ခုံတွေက သုံးထပ်သားပြားနဲ့ ရိုက်ထားတာတွေ။ ဘယ်လို လုပ်ခံမှာလဲ။ ကျွန်တော်တို့ ကျောင်းတွေမှာ အစဉ်အဆက်သုံးလာတာတွေက သစ်အကောင်းတွေနဲ့ လုပ်ထားတဲ့ ခုံတွေချည်းပဲ။ အခုက တစ်မိုးဆိုပျက်ပြီ။ ပွလာတွလာပြီ။ ဈေးခပ်ပေါပေါ ရအောင် လုပ်ထား သလိုပဲ။

ဒီပုံစံအတိုင်းဆိုရင်တော့ အစိုးရက ပညာရေး၊ ကျန်းမာရေး ဘတ်ဂျက်တွေ ဘယ်လောက် တိုးတယ်ပြောပြော။ နေပြည်တော်ကချလိုက်တဲ့ ရေတစ်ပုံးက ရွာကျောင်းကို ရေတစ်စက်ရောက်ဖို့တောင် လမ်းမမြင်လှဘူး။

ထားဝယ်ခရိုင် ကျောင်းဆရာတစ်ဦး
မောက္ခပညာရေး Magazine

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...