ဝက်နှလုံးကို လူသားတွင် အစားထိုးရန်စီစဉ်


ဗာဂျီးနီးယား၊ မေ ၆

အာဖရိကမျောက်မျိုးနွယ် ဘာဘွန်းမျောက်မတစ်ကောင်တွင် ဝက်နှလုံးကို အစားထိုးထည့်သွင်းထားမှုမှာ တစ်နှစ်ခန့်ရှိသွားပြီ ဖြစ်သောကြောင့် မကြာမီ လူသားများတွင် အစားထိုးထည့်သွင်းကုသရန် စီစဉ်နေကြောင်း The Telegraph သတင်းတွင် ဖော်ပြထားသည်။

ဘာဘွန်းမျောက်မကြီးတစ်ကောင်တွင် ထည့်သွင်းထားသည့် ဝက်နှလုံးသည် တစ်နှစ်ခန့်ကြာသည် အထိ ကောင်းစွာအလုပ် လုပ်နေသောကြောင့် အောင်မြင်သည်ဟု ဆိုနိုင်ကြောင်း၊ ယခင်က မျောက် တစ်ကောင်တွင် ဝက်နှလုံးကို အစားထိုးကြည့်ရာ ၆ လသာခံကြောင်း၊ ယခုအောင်မြင်မှုကြောင့် လူသား တွင်ထည့်သွင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု အမျိုးသားနှလုံး၊ အဆုတ်နှင့် သွေး ဌာနမှ သုတေသီအဖွဲ့ကဆိုသည်။

ဝက်နှလုံးသည် လူသားနှလုံးဖွဲ့စည်းပုံနှင့် ဆင်တူပြီး ရှာဖွေရအလွယ်ကူဆုံးနှလုံးများဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စု တွင် လူပေါင်း ၃,ဝဝဝ ခန့်သည် နှလုံးအစားထိုး ကုသရန် စောင့်ဆိုင်းလျက် ရှိနေကြပြီး နှစ်စဉ် နှလုံးအစားထိုးကုသရန် အတွက် နှလုံး ၂,ဝဝဝ ခန့်လိုအပ်နေကြောင်း ယင်းအဖွဲ့က ထုတ်ဖော်ပြောကြားသည်။

ယခင်က ဝက်နှင့် နွားများမှ နှလုံးအဆို့ရှင်များကို ထုတ်ယူပြီး လူသားတွင် အစားထိုးပေးခဲ့များ ရှိခဲ့ဖူးသော် လည်း ယခုကဲ့သို့ နှလုံးတစ်ခုလုံးကို အစားထိုးရန်မှာ ဘာဘွန်းမျောက်မကြီးတွင် အောင်မြင်ပြီးမှ စီစဉ်နေခြင်းဖြစ်ကြောင်း သုတေသီများကဆို သည်။

မျောက်မျိုးနွယ်များတွင် အစားထိုးထည့်သွင်းမှုအောင်မြင်သောကြောင့် လူသားတို့တွင်လည်း မအောင်မြင်နိုင်စရာ အကြောင်း မရှိကြောင်း၊ လူသားနှင့် ဝက်များမှာလည်း မျိုးစိတ်ဗီဇချင်းဆက်နွှယ်မှု ရှိနေသောကြောင့် အောင်မြင်နိုင်မည်ဟုယူဆကြောင်း The Telegraph သတင်းကဆိုသည်။

သုတေသီများသည် ဝက်နှလုံးကို လူသားတွင်ထည့်သွင်းခြင်း အောင်မြင်ပါက၊ မျောက်များ၏နှလုံးကို လူသားတွင် ထည့်သွင်း အသုံးပြုရန် ဒုတိယအဆင့်အနေဖြင့် စီစဉ်ထားကြောင်း ယင်းသတင်းတွင်ဖော်ပြ ထားသည်။

မောက္ခပညာရေး Magazine

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...