လုံးထိခိုက်မှု ဝေဒနာ ကြုံဖူးသူများ အမျှင်ဓာတ်များများစားသောက်သင့်



အမျှင်ဓာတ် ကြွယ်ဝသော အစားအသောက်များ ပေါပေါများများ စားသုံးခြင်းသည် နှလုံးဖောက်ပြန် ထိခိုက်မှု ကြုံထားရသည့် လူနာများအတွက် ကောင်းမွန်သော သဘာဝ ကုထုံးတစ်ရပ်ဟု သုတေသီများက ထောက် ခံ ပြောကြားခဲ့သည်။ နှလုံးရောဂါ ဖောက်ပြန်ထကြွမှု တစ်ခုနှင့် ကြုံခဲ့ရပြီး ကံအားလျော်စွာ ဆက်လက် အသက်ရှင်နေသူများ အနေဖြင့် အမျှင်ဓာတ် ပေါများသော အစားအသောက်များ များများစားခြင်းဖြင့် သာမန်ထက် အသက်ရှည် ကျန်းမာစွာ နေထိုင်ရန် အခွင့်အလမ်း ပိုမိုများပြားလိမ့်မည်ဟု အမေရိကန် သုတေသီများက ဆိုသည်။

အဆိုပါ တွေ့ရှိချက်ကို ဗြိတိသျှ ဆေးပညာ ဂျာနယ်တွင် ဖော်ပြခဲ့ပြီး နှလုံးထိခိုက်ဖောက်ပြန်မှု ဖြစ်ပွားပြီး အနည်းဆုံး (၉)နှစ်မျှထိ ကျန်းမာရေး သင့်တင့်ကောင်းမွန်အောင် အားဖြည့်ပေးနိုင်မည်ဟု သိရှိရသည်။ ပျမ်းမျှအားဖြင့် အမျှင်ဓာတ် ပေါများသည့် အစားအစာများကို တစ်နေ့လျှင် (၁၀)ကီလိုဂရမ်မျှ စားပေးခြင်း က နှလုံးဖောက်ပြန်မှု ကြုံခဲ့ဖူးသည့် လူနာများအတွက် နောက်ဆက်တွဲ ရိုက်ခတ်မှုများကို (၁၅) ရာခိုင်နှုန်း မျှ လျှော့ချပေးနိုင်ကြောင်း သုတေသီများက ထောက်ခံခဲ့သည်။ အမျှင်ဓာတ်ပါသော အစားအစာများ သည် နှလုံးနှင့် သွေးကြောများ ထိခိုက်ထားမှုကို ပြန်လည် နာလန်ထ သက်သာလာစေရန် အကူ အညီ ပေးနိုင်သည်။

ငှက်ပျောသီး၊ ပန်းသီး၊ အာလူး၊ မုန်လာဥနီ အစရှိသည့် ဟင်းသီးဟင်းရွက် သစ်သီးဝလံများတွင် အမျှင် ဓာတ် ပေါကြွယ်ဝစွာ ပါဝင်သည်။ ထို့အပြင် ဂျုံကြမ်းပေါင်မုန့်များကိုလည်း စားသုံးသင့်ကြောင်း ပညာရှင်များ က ဆိုသည်။ အမေရိကန် သုတေသီများက တစ်နေ့လျှင် အမျှင်ဓာတ်ပါဝင်သော အစားအသောက် (၃၈) ဂရမ်မျှထိ စားသုံးသင့်ကြောင်း အကြံပြု အားပေးခဲ့သည်။ ဟားဗက်ဆေးကျောင်းမှ သုတေသနအဖွဲ့သည် အမေရိကန်တွင် ပြုလုပ်သည့် သုတေသန စစ်တမ်းနှစ်ခုမှ အချက်အလက်များကို ပြန်လည်ကောက်နုတ် ကာ နှလုံးထိခိုက်မှု ကြုံတွေ့ပြီး ဆက်လက်ရှင်သန်ခဲ့သူ (၄၀၀၀)ကျော်၏ မှတ်တမ်းများအား လေ့လာခဲ့ သည်။

ယင်းတို့အနက် (၁၂၀၀)မျှသည် နှလုံးဖောက်ပြန်မှု ဝေဒနာ ခံစားရပြီး (၉)နှစ်အတွင်း ကွယ်လွန်ခဲ့ကြသည်။ အမျှင်ဓာတ် ပေါများသည့် အစားအသောက်များကို ကြွယ်ကြွယ်ဝဝ စားသုံးခဲ့သည့် လူနာအများစုမှာမူ ပျမ်းမျှသက်တမ်း ပိုရှည်လေ့ရှိကြောင်း ပညာရှင်များက ဖော်ထုတ်နိုင်ခဲ့သည်။ သုတေသီများ၏ အဆိုအရ ၎င်းတို့ ခွဲခြမ်းလေ့လာခဲ့ရာတွင် အမျှင်ဓာတ် အစားအစာများ အများဆုံး စားသောက်သည့် လူနာများ သည် နှလုံးဖောက်ပြန်မှု နောက်ဆက်တွဲ သေဆုံးနိုင်ခြေကို (၁၃)ရာခိုင်နှုန်းထိ လျော့ပါးသွားစေပြီး ကျန်းမာရေး အနေဖြင့်လည်း သင့်တင့်မျှတသော အခြေအနေမျိုး ရှိတတ်ကြောင်း သိရှိရသည်။

Planet Myanmar Network
May 04 14 - 04:07 PM

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...