ပညာသင်ချိန်တစ်ခုတည်းတွင် ဘွဲ့နှစ်ခုပေးအပ်မည့်အစီအစဉ် ဂျပန်နှင့် မြန်မာ လက်မှတ်ထိုး



ပညာသင်ချိန်တစ်ခုတည်းတွင် နှစ်နိုင်ငံလုံးထံမှ ဘွဲ့နှစ်ခုရရှိစေမည့် အစီအစဉ်ကို အကောင်အထည်ဖော် ရန်အတွက် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ဧပြီ ၂၈ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် မြန်မာနိုင်ငံသိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံမှ မီယာဇာကီတက္ကသိုလ်တို့ ဝန်ကြီးရုံးတွင် ဧပြီလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

အထက်ပါအစီအစဉ်အရ ဝန်ကြီးဌာနအောက်ရှိ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ဖွင့်လှစ်ထားသော နည်းပညာ တက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသားများသည် ပညာသင်ချိန်တစ်ခုတည်းတွင် မီယာဇာကီတက္ကသိုလ်၌လည်း သင်ယူခွင့်ရှိကာ တက္ကသိုလ်နှစ်ခုလုံးထံမှ ဘွဲ့ရရှိနိုင်ခြင်း ဖြစ်သည်။

“လောလောဆယ်တော့ ဘွဲ့လွန်မာစတာတန်းကို အရင်ဆုံးစမယ်” ဟု အဆိုပါတက္ကသိုလ်မှ Asscociate Professor ဒေါက်တာ သီသီဇင်က ပြောကြားသည်။ ထို့အပြင် Ph.D တန်းများကိုလည်း ဂျပန်နိုင်ငံအစိုးရ၏ ပညာသင်အထောက်အပံ့ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်ရှိကြောင်း ၎င်းကပြောသည်။ ယခုအစီအစဉ် အရ မီယာဇာကီ တက္ကသိုလ်မှ ကျောင်းသားများသည် လည်း မြန်မာနိုင်ငံရှိ အထက်ပါတက္ကသိုလ်များတွင် လာရောက်ပညာသင်ယူနိုင်ကာ မိခင်တက္ကသိုလ်က ပေးသောဘွဲ့နှင့် မြန်မာနိုင်ငံတွင် တက်ရောက်သော တက္ကသိုလ်မှ ဘွဲ့များကို ရရှိနိုင်မည်ဖြစ်သည်။

ဂျပန်တက္ကသိုလ်သည် ယခုအစီအစဉ်မျိုးကို အင်ဒိုနီးရှားနိုင်ငံမှ တက္ကသိုလ်နှစ်ခုနှင့်လည်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနအောက်တွင် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် ၃၀ ကျော်ရှိကြောင်း ယင်းဦးဌာန၏ ညွှန်ကြားရေးမှုးချုပ် ဦးကျော်စွာစိုးက ပြောကြား သည်။ အထက်ပါ အစီအစဉ်သည် ယခင်ကမရှိဖူးသေးသော အစီအစဉ်ဖြစ်ကြောင်း ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ပါမောက္ခဒေါက်တာ ပိုက်တင်က ပြောကြားသည်။

“နားလည်မှု စာချွန်လွှာသည် မိမိတို့၏ ဘုံရည်မှန်းချက်ပန်းတိုင်ဆီက ပိုမိုရင်းနှီးစွာအတူ ဆောင်ရွက်ရန် အာမခံချက် ဖြစ်စေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးကလည်း ယင်း၏ အဖွင့်မိန့်ခွန်း တွင် ထည့်သွင်းပြောကြားသည်။

ကျော်ဇေယျ၊ နေပြည်တော်
Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၇)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...