ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများတွင် အလုပ်လျှောက်ထားမှု မြင့်တက်နေဆဲဖြစ်



ပြည်တွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီများတွင် အလုပ်လျှောက်ထားမှု များ မြင့်တက်နေဆဲဖြစ်ကြောင်း အဆိုပါကုမ္ပဏီများထံမှ စုံစမ်းသိရသည်။

အထူးသဖြင့် Telenor နှင့် Ooredoo ကဲ့သို့သော ဆက်သွယ်ရေး အော်ပရေတာများထံတွင် အလုပ်လျှောက်ထားမှု ပိုမိုများပြားနေခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အစိုးရ၏ ရွေးချယ်ခံ ထားရသည့် အထက်ပါ ကုမ္ပဏီနှစ်ခုတွင် မြန်မာနိုင်ငံသား ဝန်ထမ်းများကို စတင်ခေါ်ယူခဲ့ပြီး တရားဝင် လုပ်ကိုင်ခွင့်လိုင်စင် ကျခဲ့သည့်အချိန်နောက်ပိုင်း အလုပ်ခေါ်ယူမှုများ ပိုမိုမြင့်တက်လာခဲ့သည်။

အဆိုပါ ဆက်သွယ်ရေးကုမ္ပဏီများ၌ အလုပ်လျှောက်ထားသူများတွင် အသက်၃၀ နှစ်အောက် လူငယ်များ က ပိုမိုများပြားပြီး အင်္ဂလိပ်စာဘာသာရပ်ကို ကျွမ်းကျင်သူများက အလုပ်အကိုင်ရရှိမှု ပိုမိုများပြားကြောင်း ယင်းမိုဘိုင်းအော်ပရေတာများထံမှ စုံစမ်းသိရသည်။

ယခုကဲ့သို့ အဆိုပါ ပြည်ပဆက်သွယ်ရေးကုမ္ပဏီနှစ်ခုတွင် အလုပ်လျှောက်ထားမှုများပြားရခြင်းမှာ လုပ်ခ လစာကောင်းမွန်ခြင်းနှင့် နိုင်ငံတကာ မိုဘိုင်းအော်ပရေတာများတွင် ဝင်ရောက်လုပ်ကိုင်ရန် စိတ်ဝင်စားမှု များပြားခြင်းကြောင့်ဟု အလုပ်လျှောက်ထားကြသူအချို့ထံမှ သိရသည်။

“အခုဆက်သွယ်ရေးကုမ္ပဏီတွေက လုပ်ခတွေလည်း ကောင်းကောင်းမွန်မွန်ပေးကြတယ်။ ဝန်ထမ်းတွေ ကိုလည်း လိုအပ်တဲ့လုပ်ငန်းခွင်သုံးပစ္စည်းတွေကို ထောက်ပံ့မှုပေးတယ်လို့လည်း သိရတယ်။ ဒီလိုနိုင်ငံခြား ကုမ္ပဏီကြီးတွေမှာ လုပ်ကိုင်ခွင့်ရတဲ့သူတွေအနေနဲ့ကတော့ အမြင်တွေ ပိုကျယ်လာမယ်။ အရမ်းကောင်းတဲ့ အတွေ့အကြုံတွေကို ရလာမယ့်အပြင် မြန်မာနိုင်ငံအတွက်လည်း တစ်ဖက်တစ်လမ်းက အထောက် အကူဖြစ်နိုင်မယ်လို့ ထင်တယ်” ဟု ကာတာအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတွင် အလုပ်လျှောက်ထား သည့် ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

သို့သော် အဆိုပါပြည်ပဆက်သွယ်ရေး ကုမ္ပဏီကြီးများတွင် အလုပ်လျှောက်ထားရာ၌ ဘာသာစကား ကျွမ်းကျင်မှုနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုင်ရာ စိန်ခေါ်မှုများကို ကြုံတွေ့ရကြောင်း သိရသည်။

အဆိုပါ ပြည်ပဆက်သွယ်ရေး အော်ပရေတာများ၌ အလုပ်လျှောက်ထားသူများတွင် လုပ်ငန်းခွင်အတွက် အဓိကလိုအပ်သည့် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်သူအရေအတွက်မှာ အများအပြားမရှိကြောင်း ယင်းကုမ္ပဏီများ၏ တာဝန်ရှိသူအချို့ထံမှ သိရသည်။

“အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်မှ ဒီလိုနိုင်ငံခြားကုမ္ပဏီတွေကို တိုးနိုင်မယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံသားတွေရဲ့ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်း ဘာသာရပ်တွေမှာ ကျွမ်းကျင်မှုရှိဖို့ က အစိုးရရဲ့ ပံ့ပိုးမှုက အဓိကပါ။ ကိုယ်တိုင်လုပ်မှရတာဆိုတာ မှန်ပေမယ့် အချိန်တော်တော်ကြာပါပြီ။ အခုလိုတွေ အဖက်ဖက်က အားနည်းနေတာ။ အစိုးရပညာရေးမှာ အခုအချိန်အထိ အလွတ်ကျက်နေရတဲ့ အနေအထားက နောင်ဆယ်စုနှစ်ရောက်ရင်လည်း ပညာရေးက ဒီလောက်ပဲဖြစ်နေဦးမှာ။ ကိုယ့်နိုင်ငံမှာ လာရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းမှာ ကိုယ့်နိုင်ငံသားအရေအတွက်က အများဆုံးဖြစ်သင့်တယ်” ဟု နော်ဝေ အခြေစိုက် Telenor Myanmar တွင် ကိုယ်စားလှယ်လုပ်ကိုင်ခွင့် လျှောက်ထားသည့် လုပ်ငန်းရှင် အမျိုး သမီးတစ်ဦးက သူမ၏အမြင်ကို သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်နေပြီဖြစ်သည့် အဆိုပါ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများတွင် ဘာသာစကား ကျွမ်းကျင်မှုအပြင် အဓိကလိုအပ်ချက်ဖြစ်သည့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများအတွက် ကျွမ်းကျင်သည့် နိုင်ငံသားများမှာ လက်ရှိအစိုးရတာဝန်ယူသည့် အချိန်မတိုင်မီကတည်းက ပြည်ပနိုင်ငံများ သို့ သွားရောက်လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ်၊ ဇူလိုင်နှင့် သြဂုတ်လများတွင် လုပ်ငန်းများ စတင်လည်ပတ်တော့မည့် ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီများ အနေဖြင့်လည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိသည့်မြို့များတွင် အလုပ်အကိုင်ခေါ် ယူခြင်းများကို လုပ်ဆောင်ခဲ့ကြပြီး လျှောက်ထားသူများမှာ များပြားလွန်းသည့်အတွက် ယခုအချိန်အထိ လူတွေ့မေးမြန်းမှုများ ပြုလုပ်ရန်ကျန်ရှိနေသေးကြောင်း သိရသည်။

ယုဇနကိုကို
Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၇)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...