လန်းဆန်းခွင့်မဲ့ ပန်းတစ်ပွင့်

Cartoon:google

အဖြူရောင်ဟုပင် မသဲကွဲတော့သည့် မည်းညစ်စပြုနေသည့် စပို့ရှပ်အင်္ကျီ လက်တို၊ အရောင်အဆင်း မွဲမွဲ ပေတစ်ရာထပ်သည့် ဘောင်းဘီတိုနှင့် မှိန်ဖျော့ဖျော့ လျှာထိုးဦးထုပ်ကို လှန်ချိုး၍ ဆောင်းထားသည့် အရပ် လေးပေကျော်သာရှိသည့် အသက် ၁၄ နှစ်အရွယ် လူငယ်လေးတစ်ဦး။ မွန်းတည့်နေ၏ အပူရှိန် ပြင်းပြင်း အောက်တွင် နေ့လယ်ထမင်းစား အနားယူနေကျ လက်ဖက်ရည်ဆိုင်သို့ အပြေး တစ်ပိုင်းနှင့် လျှောက်လှမ်း လာနေသည်။ သူ့နာမည်ကတော့ မောင်ဝင်းလှိုင်ထွေး ဖြစ်သည်။

မနက်ပိုင်း တစ်လျှောက်လုံး သဲထိုးတင်ပေးရသည့် ပင်ပန်းမှုဒဏ်ကို အမောဖြေ၊ အနားယူရန် အတွက် ရောက်လာခြင်း ဖြစ်သည်။ ဘယ်ဘက်လက်မှာတော့ လူကြီးဝတ် စတီးရောင် လက်ပတ်နာရီ တစ်လုံး ၀တ်ဆင်ထားသည့် သူပုံပန်းမှာ ထူးခြားနေသည်။ ပြီးတော့ မျက်နှာနှင့်နှာခေါင်းဘေးမှာ ချွေးသီး များ စို့ နေသည်ကို အထင်းသား မြင်နေရသည်။

တိမ်ကောနေပြီဖြစ်တဲ့ ပန်းလှိုင်မြစ်ကမ်းဘေးက သဲဒိုင်တစ်ခုမှာတော့ လူကြီးသုံးဦး ပူပြင်း တဲ့ နေရောင် အောက်မှာပင် တီအီး ကုန်တင်ကားပေါ်သို့ သဲများကို ဂေါ်ပြားဖြင့် အပြိုင်ထိုးတင်နေကြသည်။ ထိုအလုပ် ကို “ကားထိုးသည်” ဟု ဒေသခံများက ခေါ်ဆိုကြသည်။

“ကျွန်တော် ကျောင်းတက်ချင်တာပေါ့။ အမေ အခက်တွေ့သွားမှာ စိုးလို့။ ပထွေးက အမေ့ကို ပြဿနာရှာ မှာ လေ။ ဒါကြောင့် အမေ့အတွက် ၀င်ငွေကူရှာပေးနေတာ” ဟု မောင်ဝင်းလှိုင်ထွေးက သူဝင်ငွေ ရှာပေးရ သည့် အကြောင်းရင်းကို ပြောပြသည်။

သူသည်လည်း အလုပ်ကြမ်းသမား “ကားထိုးလုပ်သား” တစ်ဦး ဖြစ်သည်။ အသက် ၁၄ နှစ်ရှိသည့် သူ့ ခန္ဓာကိုယ်က ရှိသင့်သည့် အနေအထားထက်တော့ ဖွံ့ဖြိုးမှု နည်းနေသည်ကို မြင်ရုံနှင့် သိနိုင်သည်။

သို့သော်လည်း ထမ်းနိုင်ပိုးနိုင်ပြီး တောင့်တင်းကြံ့ ခိုင်သည်။ လှိုင်သာယာ စက်မှုဇုန် (၄) နောက်ကျော ပန်းလှိုင်မြစ်ကမ်းဘေးက အုတ်သဲကျောက် ဒိုင်များတွင် “ကားထိုးသည်” ဟုခေါ်သည့် အလုပ်ကို အစ်ကို၊ ပထွေးတို့နှင့်အတူ လုပ်ကိုင်လာသည်မှာ နှစ်,နှစ်ခန့်ရှိနေပြီ ဖြစ်သည်။

“တစ်နေ့ကို တစ်ထောင်၊ တစ်ထောင့် ငါးရာလောက်တော့ ရတယ်။ ကားတစ်စီး ထိုးရင်ငါးရာရတယ်” ဟု မောင်ဝင်းလှိုင်ထွေးက ရှင်းပြသည်။

ခြောက်ဘီးတီအီး ကုန်တင်ယာဉ် တစ်စီးပေါ်သို့ သဲများကိုစုပေါင်း၍ ထိုးတင်ပေးရခြင်းဖြစ်ပြီး ကားတစ်စီး ထိုးတင်ပြီးပါက သူလို ကလေးတစ်ယောက်အတွက် လုပ်အားခ ၅၀၀ ကျပ် ရရှိသည်။

ယခင်က မိဘများနှင့်အတူ လှော်ကား ကျောင်းကုန်းတွင် နေထိုင်ကြပြီး လှော်ကား အလက(၁)တွင် သုံး တန်းအထိ စာသင်ကြားခဲ့ကာ မိဘနှစ်ဦး ကွဲသွားမှုကြောင့် ကျောင်းမှ ထွက်ခဲ့ရသည်ဟု ဆိုသည်။

အသက် ၁၂ နှစ်အရွယ်တွင် ကျောက်ထမ်းလုပ်သားဖြစ်သည့် မိဘနှစ်ဦးနှင့်အတူ ရွှေပြည်သာ တံတား အောက်ရှိ ကျောက်ကွင်းတွင် ကျောက်ထမ်းလုပ်သား တစ်ဦးအဖြစ် စတင် အလုပ်ဝင်၍ ၀င်ငွေ ရှာဖွေခဲ့ရ ခြင်း ဖြစ်သည်။ ထိုစဉ်က အသက် ၁၆ နှစ်ရှိ အစ်ကိုဖြစ်သူနှင့် နှစ်ယောက်ပေါင်းလျှင် ကျောက် ထမ်းခ တစ်နေ့လျှင် တစ် ထောင်မှ တစ်ထောင့်ငါးရာအထိ ရရှိသည်ဟု ၎င်းက ပြောပြသည်။

တာလီတစ်ချောင်းလျှင်ထမ်းရသည့် အနီးအဝေးလိုက် ၁၈ ကျပ်မှ ၂၀ ကျပ်ထိပေးပြီး ကျောက်ထမ်းတောင်း အတွင်း ကျောက်မပြည့်ပါက တာလီဖြတ်ခံရသည်ဟု ဆိုသည်။

“အဲဒီမှာ ပထွေးက အမေ့ကို ခိုးပြေးလို့ ကျွန်တော်တို့လည်း ဒီကို ရောက်လာရတာ” ဟု မောင်ဝင်းလှိုင်ထွေး က လှိုင်သာယာမြို့နယ်သို့ ပြောင်းရွှေ့လာပုံကို ပြောပြသည်။ မွေးချင်းလေးဦးတွင် အလတ်ဖြစ်ပြီး ရှစ်နှစ် အရွယ် ညီမလေးတစ်ဦးနှင့် သုံးနှစ်အရွယ် ညီလေးတစ်ဦးရှိသည်ဟု ဆိုသည်။ လက်ရှိတွင် ၎င်းတို့ မိသားစုမှာ လှိုင်သာယာစက်မှု ဇုန်(၄) ဗိုလ်အောင်ကျော်လမ်းမဘေးမှ ကျူးကျော်နေအိမ်တစ်ခုတွင် တစ် လတစ်သောင်းခွဲဖြင့် ပြန်လည်ငှားရမ်း နေထိုင်နေကြသည်။

အသက် ၄၀ နီးဝန်းကျင်ရှိ မိခင်မှာ ကျူးကျော်တဲများတွင် ဟင်းဆိုင်ဖွင့်လှစ်ထားပြီး ၄င်းမှာ အစ်ကို၊ ပထွေး တို့နှင့်အတူ “ကားထိုး” လုပ်သားအဖြစ် ၀င်ငွေ ရှာဖွေနေရခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ ခေါ်ယူစေခိုင်းလေ့ ရှိသည့် အုတ်သဲကျောက် ရောင်းဝယ်ရေးဒိုင်များတွင်လည်း နေ့စားအလုပ်ကြမ်းသမားအဖြစ် ၀င်ရောက် လုပ်ကိုင်ပြီး ၀င်ငွေရှာလေ့ ရှိသည်။

“သူက အရမ်း အလုပ် လုပ်နိုင်တယ်။ မီးခွက်ဈေးက အုတ်သဲကျောက်ဒိုင်မှာဆို ဘိလပ်မြေ အိတ်တွေ တောင် ထမ်းပေးရတာ။ ကျွန်တော်တို့လို ဖုန်းဂိမ်းဆော့ချင်လို့လည်း သူငွေစုနေတာ” ဟု ထက်အောင် လင်းဆိုသည့် လူငယ်က သူငယ်ချင်း ၀င်းလှိုင်ထွေးနှင့် ပတ်သက်၍ ပြောပြသည်။

ထို့ကြောင့်ပင် ပန်းလှိုင်မြစ်ဘေးရှိ သဲဒိုင်များက အလုပ်ပေးခိုင်းစေသည့်အပြင် မီးခွက်ဈေးမှ အုတ်သဲ ကျောက်ရောင်းဝယ်ရေး ဒိုင်များကလည်း ၀င်းလှိုင်ထွေးကို အခကြေးငွေပေး၍ ခေါ်ယူခိုင်းစေလေ့ ရှိသည် ဟု သိရသည်။ ရလာသည့်ပိုက်ဆံကို မိခင်ဖြစ်သူထံအပ်နှံပြီး ပြန်လည်ရရှိသည့် မုန့်ဖိုးနှစ်ရာ၊ သုံးရာခန့်ကို စုဘူးဖြင့် စုနေသည်ဟု ဆိုသည်။ ဘယ်ဘက်လက်တွင် ပတ်ထားသည့်နာရီမှာ ယင်းသို့ စုဆောင်းရသည့် ငွေများဖြင့် ၀ယ်ထားပြီး ကျပ်၂,၅၀၀ ပေး ရသည်ဟု ဆိုသည်။

“ကျွန်တော် ကြီးလာရင်လည်း အမေ့ကို ဒီထက်ပိုများတဲ့ ပိုက်ဆံတွေ ရှာပေးနေဦးမှာပါ” ဟုလည်း သူ့ရဲ့ ရှေ့အနာဂတ် မျှော်မှန်းချက်ကိုပြောပြရင်း မျက်နှာက ချွေးသီးများကို လက်ဖျံဖြင့် သုတ်ပစ်လိုက်သည်။

မောင်းဝင်းလှိုင်ထွေး ကဲ့သို့သော ကလေးငယ်များ စာသင်ကျောင်းကို ကျောခိုင်းပြီး ၀င်ငွေရှာနေကြသည် ကိုလည်း ရန်ကုန်မြို့အနှံ့တွင် တွေ့မြင်နေရသည်။ လုပ်ခလစာ များများစားစား မပေးရသော ကလေးလုပ် သားများကို လက်ဖက်ရည်ဆိုင်များ၊ အသေးစား စက်မှုလုပ်ငန်းများက နှစ်ဦးနှစ်ဖက်အဆင်ပြေသည့်အနေ အထားများကြောင့် အသုံးပြု ခိုင်းစေနေကြသည်။

ယင်းအပြင် စက်ရုံအလုပ်ရုံများတွင်လည်း အသက်လိမ်၍ ၀င်ရောက် လုပ်ကိုင်နေရမှုများပင် ရှိနေသည်ဟု အလုပ်သမားအရေး လုပ်ဆောင်နေသူ အချို့က ဆိုသည်။

ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်)၏ ၂၀၁၂ အစီရင်ခံစာ၌ တစ်နိုင်ငံလုံးတွင် ၁၀ နှစ် မှ ၁၄ နှစ်ကြား ကျောင်းနေသူမှာ ၇၈ ရာခိုင်နှုန်းရှိပြီး ၁၀ နှစ်မှ ၁၄ နှစ်အရွယ်ကလေးများ လုပ်ငန်း ခွင်ထဲ ရောက်ရှိနေမှုမှာလည်း ၁၁ ဒသမ ၆ ရာခိုင်နှုန်း ရှိနေသည်ဟု ဆိုထားသည်။

ထို့ပြင် ၂၀၀၉-၁၀ ခုနှစ် အိမ်ထောင်စု တစ်စုတိုင်း၏ အသက်ရှင် ရပ်တည်နိုင်မှု အနေအထား လေ့လာ ဆန်းစစ်ချက်တွင် ငွေကြေးပြေလည်သည့် မိသားစုများမှ အသက် ၁၀-၁၄ နှစ်ကြား ကလေးငယ် ၁၈ ရာ ခိုင်နှုန်းနှင့် မပြေလည်သည့် မိသားစုများမှ ၁၀-၁၄ နှစ် ကလေး ၁၀ ရာခိုင်နှုန်းတို့မှာ လုပ်ငန်းခွင်အတွင်း တွင် ရှိနေသည်ဟု ယူနီဆက်က ဆိုထားသည်။ ၂၀၁၂ နောက်ပိုင်းထုတ်ပြန်သည့် ကလေးလုပ်သားဆန်း စစ်ချက်များ မတွေ့ရှိရသော်လည်း ယခင်ထက် ပိုမိုလာနိုင်သည်ဟု ခန့် မှန်းရသည်။

“ကမ္ဘာကြီး မီးလောင်နေတဲ့ ဘ၀တွေ ရှိနေတာပေါ့။ ဒါကြောင့်လည်း သားကောင်တွေ ချနင်းနေကြရတာ။ ဒါကြောင့် မီးလောင်နေတဲ့ဘ၀တွေ မရှိအောင် ဆောင်ရွက်ပေးဖို့ လိုနေတာပါ” ဟု အမျိုးသားလွှတ်တော် အမတ်ဦးဖုန်းမြင့်အောင်က ကလေးများ ၀င်ငွေရှာနေရသည့် အကြောင်းရင်းတစ်ခုကို သုံးသပ်ပြသည်။

သမ၀ါယမ ဗဟိုကောလိပ်ကျောင်းအုပ်ကြီး (ငြိမ်း)ဖြစ်သူ ဦးရဲမြင့် (စွန့်ဦးတီထွင်)က ထောက်ပြသည်။

“နိုင်ငံတကာမှာတော့ ကလေးသူငယ်ကို အလုပ်ခိုင်းခွင့် မရှိဘူး။ ခိုင်းစားတဲ့မိဘကိုပါ ဥပဒေနဲ့ ထိရောက် စွာ အရေးယူတယ်။ ဆင်းရဲဆုံးနိုင်ငံစာရင်းဝင်တဲ့ ဒီနိုင်ငံမှာ ကလေးတွေ အလုပ်လုပ်ရတာ မဆန်းပေမယ့် အနာဂတ်မှာတော့ မလုပ်မဖြစ် အထူးအလေးထား လုပ်ဆောင်ရမှာ ဖြစ်တယ်”ဟု ၎င်းက ဆက်လက်သုံး သပ်ပြသည်။ ဆိုင် နှင့် အလုပ်ဌာနများ အက်ဥပဒေ (၁၉၅၁)တွင် ဈေးဆိုင်များ၊ ဖျော်ဖြေရေး လုပ်ငန်းများ၊ ကုန်သွယ်ရေးလုပ်ငန်းများတွင် အသက် ၁၃ နှစ်အောက်ကလေးများကို အလုပ်ခန့်အပ်ခြင်း မပြုရဟုပြဋ္ဌာန်း ထားသည်။

ထို့ပြင် အလုပ်သမားအက်ဥပဒေ (၁၉၆၄)တွင်လည်း ဆိုင်များနှင့် အလုပ်ဋ္ဌာနများ အက်ဥပဒေ(၁၉၅၁) တွင် ပြဋ္ဌာန်းထားခြင်းမရှိသည့် အခြားလုပ်ငန်းများ၌ အသက် (၁၈)နှစ်အောက် ကလေးများကို အလုပ်ခန့် အပ်ခြင်းမပြုဟုရ ပြဋ္ဌာန်းထားသည်။

သို့သော်လည်း ၁၉၉၃ ကလေးသူငယ် ဥပဒေတွင် ၁၆ နှစ်အောက်ကို ကလေးအဖြစ် သတ်မှတ်ထားပြီး ၁၆ နှစ်နှင့် ၁၈ ကြားကို လူငယ်အဖြစ် သတ်မှတ်ထားသည်။ အဆိုပါ ဥပဒေပုဒ်မ၂၄(က) (၁)တွင်ကလေး သူငယ်တိုင်းသည် ဥပဒေနှင့်အညီ မိမိဆန္ဒအလျောက် အလုပ်လုပ်ပိုင်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

(၂)တွင် ဥပဒေအရ သတ်မှတ်ထားသည့် အလုပ်လုပ်ချိန် အားလပ်ခွင့်နှင့် အခြားသက်သာခွင့်များကို ရပိုင် ခွင့်ရှိသည်ဟု ဆိုထားသည်။

ပုဒ်မ ၂၄(ခ)တွင် အလုပ်သမားဝန်ကြီးဌာနသည် အလုပ်လုပ်သည့် ကလေးသူငယ်များ လုပ်ငန်းခွင် ဘေး အန္တရာယ် ကင်းရှင်းရေးနှင့် ရပိုင်ခွင့်များ၊ ထိခိုက်ဆုံးရှုံးမှုများ မရှိစေရေးအတွက် ဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက်မှုပေးရမည်ဟု ပြဋ္ဌာန်းထားသည်။

လက်ရှိတွင်မှု ကလေးသူငယ်များမှာ အသေးစားလုပ်ငန်းခွင် အသီးသီးတွင် ၀င်ရောက် လုပ်ကိုင်နေကြ ရပြီး အခွင့်အရေး ဆုံးရှုံးမှုများ ရှိနေသော်လည်း ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက် ပေးနိုင်မှု လိုအပ်နေသေးသည်ဟု သုံးသပ်မှုများ ရှိနေသည်။

နိုင်ငံ၏အနာဂတ်ကို တာဝန်ယူရမည့် ကလေးငယ်များ ပညာသင်ကြား တတ်မြောက်ပိုင်ခွင့် မဲ့နေခြင်းများ သည် အနာဂတ်အတွက် ဆုံးရှုံးမှုဖြစ်နိုင်သည့်အပြင် စဉ်းစားဆင်ခြင်နိုင်သော ပညာမရရှိခြင်းအတွက် လည်း အနာဂတ်တွင် ၀န်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနိုင်ဖွယ် ရှိနေသည်ဟု လေ့လာနေသူများက သုံးသပ် ကြသည်။ ကaလးသူငယ်များ လုပ်ငန်းခွင်ဝင်နေရခြင်းနှင့် လမ်းမပေါ်များတွင် တွေ့မြင်နေရသည့် နိုင်ငံ တစ်ခုအနာဂတ်သည် မည်သို့မျှ မကောင်းနိုင်ဟုလည်း ကလေးသူငယ်များ သင်တန်းပေးနေသည့် စာရေး ဆရာတစ်ဦးက ဆိုထားသည်။

ပညာသင်ကြားခွင့် မဲ့ခဲ့ရသည် မောင်ဝင်းလှိုင်ထွေးကဲ့သို့သော ကလေးငယ်များ အသက်ရှင် ရပ်တည်မှု အတွက် ၀င်ငွေ ရှာဖွေကြမည့်အရေးနှင့် တိုင်းပြည် ရှေ့အနာဂတ်ကို မျှော်ကြည့်သော်။

Mizzima News
Thursday, 01 May 2014 15:53 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...