သေကြောင်းမကြံခင် ဇနီးကို သတ်ပြီး ကလေးနှစ်ဦးကိုပါ သတ်ဖို့ ကြိုးစားခဲ့တဲ့ ဖခင်



တက္ကဆပ် ပြည်နယ်အတွင်းမှာ ဇနီးမောင်နှံနှစ်ဦး သေဆုံးသွားခဲ့ပြီး သူတို့ရဲ့ ကလေးနှစ်ယောက်
ကတော့ ဒဏ်ရာ ရရှိခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

သေဆုံးသွားသူများကတော့ Karim နဲ့ Nikhat Kamdar ဖြစ်ပြီး Karim ကိုတော့ အကြမ်းဖက်သမား အပြင် သေကြောင်းကြံသူ အဖြစ် သတ်မှတ်ထားပါတယ်။ တနင်္လာနေ့ မနက်အစောပိုင်းမှာတော့ Fort Bend နယ်မြေထိန်းတပ်ဖွဲ ထံသို့ အရေးပေါ် အကြောင်းကြားတဲ့ ဖုန်းရရှိခဲ့ပြီး အဆိုပါ မိသားစုထဲက သမီးဖြစ်သူ ဖုန်းဆက် ခဲ့တာဖြစ်ကြောင်းသိရပါတယ်။

တပ်ဖွဲ့ဝင်များ ရောက်ရှိသွားချိန်မှာတော့ အသက် ၁၅နှစ်အရွယ် မိန်းကလေးတစ်ဦးကို နေအိမ်ရှေ့ ခြံဝန်း ထဲမှာ သေနတ်ဒဏ်ရာနဲ့ တွေ့ခဲ့ရပါတယ်။ သူမကတော့ ဖုန်းဆက်အကြောင်းကြားခဲ့သူ သမီးဖြစ်ပြီး အသက် ၁၁ နှစ်အရွယ် သူမရဲ့ မောင်ဟာလည်း သေနတ်ဒဏ်ရာ ရရှိထားပါတယ်။

အိမ်ထဲမှာတော့ အသက် ၄၆အရွယ် Karim Kamdar နဲ့ သူ့ဇနီး Nikhat Kamdar အသက် ၃၇နှစ် တို့ သေဆုံးနေကြောင်း တွေ့ရှိရပါတယ်။ ရဲများကတော့ ခင်ပွန်းဖြစ်သူဟာ သူ့ရဲ့ ဇနီးကို အရင် သတ်ပြီးနောက် သူ့ရဲ့ ကလေးတွေကိုလည်း သတ်ဖို့ ကြိုးစားခဲ့ပြီးနောက် သူ့ကိုယ်သူ သေကြောင်းကြံခဲ့ တာ ဖြစ်နိုင်တယ်လို့ ယုံကြည်ကြောင်း သိရပါတယ်။

ကလေးနှစ်ဦးကို Memorial Hermann ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ခွဲစိတ်မှုတွေ ပြုလုပ်ပြီး ယခုတော့ စိတ်ချရ တဲ့ အနေအထားကို ရောက်ရှိပြီဖြစ်ကြောင်း သိရပါတယ်။ တာဝန်ရှိသူများကတော့ ကလေးနှစ်ယောက် စလုံး ပြန်ကောင်းမယ်ဖို့ မျှော်လင့်ထားကြောင်း ပြောဆိုပါတယ်။

သေနတ်ပစ်ခတ်ရခြင်းနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ ဆက်လက် စုံစမ်းသွားမည် ဖြစ်ကြောင်း သိရပါတယ်။ သေဆုံးသူ Karim Kamdar ဟာ လွန်ခဲ့တဲ့ ၁၂နှစ် လောက်က Richmondမှာ အစား အသောက် စတိုးဆိုင် တစ်ဆိုင် ငှားရမ်း ဖွင့်လှစ်ခဲ့ပြီး ပြီးခဲ့တဲ့ တစ်နှစ်လောက်က ဆိုင်ပိတ်ပြီး ထွက်ခွာဖို့ အထိ ဖိအားပေးခြင်း ခံရဖူးပါတယ်။

ဇနီးဖြစ်သူမှာတော့ Rosenberg မှာ ဖွင့်လှစ်ထားတဲ့ American Heritage Academy and Child Care လို့ အမည်ရတဲ့ ကိုယ်ပိုင် နေ့ကလေးထိန်းကျောင်း တစ်ခုရှိတယ်လို့ သူတို့ရဲ့ မိတ်ဆွေများရဲ့ ပြောစကားအရ သိရပါတယ်။

အဆိုပါ မိသားစုထံမှ ယခုလို ပြောကြားချက် ထွက်လာခဲ့ပါတယ်။

” ကျွန်တော်/မ တို့မိသားစုရဲ့ အခုလို ၀မ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်နဲ့ ဆုံးရှုံးမှုတွေကို ဖော်ပြဖို့ရာ စကားလုံး မရှိတော့ပါဘူး။ ဘာမှန်းမသိရတဲ့ အခြေအနေတစ်ခုက အခုလို အဖြစ်ဆိုးတွေကို ဖန်တီးလိုက်ပြီး ကျွန်တော်/မ တို့အလွန်ကို စိတ်မကောင်း ဖြစ်ရပါတယ်။ ကျွန်တော်/မ တို့ရဲ့ မိတ်ဆွေ၊ သူငယ်ချင်း တွေနဲ့ အိမ်နီးနားချင်းတွေကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ဥပဒေရေးရာ အရာရှိတွေနဲ့ တာဝန်ရှိသူတွေကို လည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဒါ့အပြင် ကျွန်တော်/မ တို့မိသားစုရဲ့ အတွင်းရေးတွေကို လေးစားမှုနဲ့ သိုဝှက်ပေးကြတဲ့ သူတွေ၊ နောက် ပြီးတော့ ဆုံးရှုံးလိုက်ရတဲ့ မိသားစုဝင်တွေ အတွက် နှစ်သိမ့်ပေးကြတဲ့ သူတွေကို အရမ်းပဲ ကျေးဇူးတင်ပါ တယ်။”

ကလေးနှစ်ယောက် တက်ရောက် သင်ကြားနေတဲ့ Brazos Bend Elementary School and Travis High School မှ ကျောင်းတာဝန်ခံတွေ ကလည်း ကျောင်းသားမိဘများထံ အခုအဖြစ်သနစ်ကို စာပို့ပြီး သတိပြုကြ ဖို့ အကြောင်းကြားထားကြောင်း သိရပါတယ်။ လူမှုဆက်ဆံရေး အရာရှိများကို လည်း ကျောင်းနှစ်ကျောင်း စလုံးမှာ ထားရှိပေးမှာ ဖြစ်ပြီး ဘယ်ကျောင်းသားတိုင်းမဆို သူတို့ပြောဆိုချင်တဲ့ အကြောင်းအရာများကို လွတ်လပ်စွာ ပြောဆိုနိုင်ကြောင်း
သိရပါတယ်။

ကလေးများ ကာကွယ်စောင့်ရှောက်ရေး အရာရှိများကတော့ လက်ရှိအနေနဲ့ ကလေးများကို သူတို့ ထိန်းသိမ်းစောင့်ရှောက်ပေးမှာ ဖြစ်ပြီး ပါကစ္စတန်နဲ့ အိန္ဒိယမှာ ရှိတဲ့ သူတို့ရဲ့ ဆွေမျိုးများနဲ့ အဆက်အသွယ် ရအောင် ကြိုးစားနေကြောင်း ပြောပြခဲ့ပါတယ်။

World-Myanmar
Thursday, May 8, 2014 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...