နေ့စား၊ လပေး မူလတန်းပြဆရာ၊ ဆရာမစာရင်း ယခုလမကုန်ခင် ကြေညာမည်

ရန်ကုန်၊ မေ ၁၉

နိုင်ငံတစ်ဝန်း အခြေခံပညာ မူလတန်းကျောင်းများတွင် ခန့်ထားမည့် နေ့စား၊ လပေး မူလတန်းပြ ဆရာ၊ ဆရာမများ စာရင်းကို မေလ ၂၅ ရက်နေ့ ဝန်းကျင်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက ကြေညာ သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။



ပညာရေး ဝန်ကြီးဌာနက ခန့်ထားပြီးသော မူလတန်းပြ ဆရာ၊ ဆရာမများ အတွက် ရွှေ့ပြောင်းကာလ ပြီးမှ လစ်လပ်သွားသော မူလတန်းပြ နေရာများကို အစားထိုးသွင်းရန် စီစဉ်ထားသောကြောင့် မေလ ၂၅ ရက်နောက်ပိုင်းမှ ကြေညာနိုင်ခြင်း ဖြစ်ကြောင်း ပညာရေး ဝန်ထမ်းတစ်ဦးက The Voice သို့ ပြောကြား သည်။

“ရန်ကုန်တိုင်းမှာဆို နေ့စား၊ လပေးတွေကို စည်ပင်သာယာ နယ်နိမိတ်မှာ မခန့်ဘူး။ ဒေသမရွေး သွားနိုင် တဲ့သူကို ခန့်မှာပါ” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ပညာရေး ဝန်ကြီးဌာနက ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် နေ့စား၊ လပေး မူလတန်းပြ ဆရာ၊ ဆရာမနှင့် ပညာရေးဝန်ထမ်း ငါးသောင်းနီးပါးခန့် ထားရန် စီစဉ်နေကြောင်း၊ မူလတန်း ကျောင်းတစ်ကျောင်း လျှင် ကျောင်းအုပ် အပါအဝင် ဆရာ၊ ဆရာမ ငါးဦး ခန့်ထားမည့် စနစ်ကို ယခုနှစ်အတွင်း စတင်မည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မူလတန်းပြ ဆရာ၊ ဆရာမ ၂၅၀၀ ကျော်ကို မေ ၂၂ ရက်နေ့က စတင် ခန့်ထားရန် စီစဉ်နေပြီ ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော် က ပြောကြားထားသည်။

ယခင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်က နိုင်ငံတစ်ဝန်း နေ့စား၊ လပေး မူလတန်းပြ ဆရာ၊ ဆရာမ ၂၉,၀၀၀ ကျော် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ခန့်ထားခဲ့ပြီး ဖြစ်သည်။

The Voice Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...