ကိုယ်ပိုင်စမတ်လက်ပတ်နာရီ ထုတ်လုပ်ရန် ခြေလှမ်းပြင်နေသည့် Microsoft

အခြားသော နည်းပညာ ကုမ္ပဏီကြီး အများစုနည်းတူ Microsoftသည်လည်း ကိုယ်ပိုင် စမတ်လက်ပတ် နာရီ တစ်မျိုးကို ထုတ်လုပ်ရန် ကြံစည်နေပြီ ဖြစ်သည်။ Microsoftက လျှောက်ထားခဲ့သည့် မူပိုင်ခွင့် မိတ္တူတစ်ခုအရ အမေရိကန် ကုမ္ပဏီကြီး အနေဖြင့် စမတ်လက်ပတ်နာရီ အသစ်တစ်ခုကို ဖန်တီးနေ ပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ယခင်က ကမ္ဘာ့မိုဘိုင်းလ်ဖုန်း ထုတ်လုပ်မှု နယ်ပယ်ကို လွှမ်းမိုး ချုပ်ကိုင်ထားခဲ့သည့် Nokiaကို သိမ်းသွင်းလိုက်ပြီးနောက် Microsoftသည် သယ်ယူရ လွယ်ကူသည့် စမတ် ကိရိယာများ ထုတ်လုပ်သည့် လုပ်ငန်းနယ်ပယ်တွင် ပိုမို၍ ထဲထဲဝင်ဝင် လှုပ်ရှားလာဖွယ် ရှိနေသည်။



လက်ရှိ ဈေးကွက်ထဲတွင် Samsungနှင့် Sonyတို့၏ စမတ်လက်ပတ်နာရီများ နာမည်ရနေပြီး Apple ကလည်း ကိုယ်ပိုင် စမတ်လက်ပတ်နာရီကို ထုတ်လုပ်ရောင်းချရန် ကာလရှည်ကြာ ကြိုးပမ်းလျှက်ရှိသည်။ Microsoftသည် (၂၀၀၄)ခုနှစ် ကတည်းက SPOT ဆိုသော ပရောဂျက်ဖြင့် လက်တွင်ပတ်နိုင်သော ကွန်ပျူတာငယ်တစ်မျိုး ဖန်တီးနိုင်ရန် ကြိုးစားနေခဲ့သော်လည်း လက်ဆုပ်လက်ကိုင် အောင်မြင်မှု မရှိသေးချေ။ အင်တာနက်တွင် ပျံ့နှံ့လာသည့် မူပိုင်ခွင့် လျှောက်လွှာပုံစံသည် (၂၀၁၂)ခုနှစ်၊ အောက်တိုဘာလ ကတည်းက တင်ရှိထားခြင်းဟုလည်း သတင်းများက ဖော်ပြခဲ့သည်။



အမေရိကန် မူပိုင်ခွင့် ခုံရုံးအဖွဲ့က မကြာသေးမီကမှ ယင်းမူကြမ်းကို အတည်ပြု ပြသခဲ့သည်။ Microsoft၏ စမတ်လက်ပတ်နာရီတွင် Windows Phone OSကို အသုံးပြုပြီး သီချင်းနားထောင်ခြင်း၊ Message ပေးပို့ခြင်း၊ Email စစ်ဆေးခြင်း အစရှိသည့် အခြေခံ လုပ်ငန်းတာဝန်များအပြင် ဝတ်ဆင်သူ၏ ကျန်းမာရေး အခြေအနေကိုပါ ခြေရာခံ စစ်ဆေးပေးမည့် လုပ်ဆောင်မှုမျိုး ပါဝင်လာနိုင်ကြောင်း ခန့်မှန်းမှု များ ထွက်ပေါ်နေသည်။ လတ်တလောတွင် Samsung ၏ Galaxy Gear စမတ်လက်ပတ်နာရီများ က ရောင်းအားကောင်းနေပြီး လာမည့်နွေရာသီတွင် Googleကလည်း Moto 360 အမျိုးအစား လက်ပတ်နာရီကို ရောင်းချသွားဖွယ် ရှိနေကြောင်း သိရှိရသည်။


Planet Myanmar Network
May 08 14 - 04:26 AM

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...