ကမ္ဘာတလွှား မိခင်လောင်းများ သေဆုံးမှု လျော့ကျလာကြောင်း WHO ကြေညာ
ကမ္ဘာတလွှားတွင် မိခင်လောင်းများ သေဆုံးမှုသည် ဆယ်စုနှစ်များအတွင်း သိသိသာသာ ကျဆင်း လာကြောင်း သိရှိရသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က (၁၉၉၀)ပြည့်လွန် နှစ်များနှင့် နှိုင်းယှဉ် ပါက ကိုယ်ဝန်ဆောင်စဉ်နှင့် မီးတွင်းထဲတွင် အသက်ဆုံးရှုံးရသည့် အမျိုးသမီး အရေအတွက်သည် (၄၅) ရာခိုင်နှုန်းမျှ လျော့နည်းသွားကြောင်း ကြေညာခဲ့သည်။ (၁၉၉၀)ပြည့်နှစ်က အမျိုးသမီး (၅၂၃၀၀၀)ကျော် သည် ကိုယ်ဝန်ဆောင်စဉ်နှင့် မီးဖွားစဉ် သေဆုံးခဲ့ကြရသည်။ (၂၀၁၃)ခုနှစ်တွင်မူ ယင်းအခြေအနေများ ၌ သေဆုံးသူ အရေအတွက် (၂၈၉၀၀၀)ကျော်သို့ ကျဆင်းလာခဲ့သည်။

ကမ္ဘာတလွှားတွင် ဆေးပညာ ဖွံ့ဖြိုးတိုးတက်လာမှု၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်ရေး ကဏ္ဍတွင် တိုးတက်မြှုပ်နှံလာမှုများကြောင့် ယင်းကဲ့သို့ ရလဒ်ကောင်းမွန်လာခြင်းဟု ဆိုသည်။ သို့သော်လည်း WHO၏ လက်ရှိအခြေအနေသည် ကျေနပ်အားရလောက်စရာ မဟုတ်သေးကြောင်း ဝန်ခံခဲ့သည်။ စာရင်း များအရ တစ်နာရီတိုင်း ကမ္ဘာပေါ်တွင် အမျိုးသမီး (၃၃)ဦးမျှသည် ကိုယ်ဝန်ဆောင်ရင်း၊ မီးဖွားရင်း သေ ဆုံးနေကြဆဲ ဖြစ်သည်။ ထို့အပြင် ချမ်းသာကြွယ်ဝသော နိုင်ငံများနှင့် ဆင်းရဲနွမ်းပါးသော နိုင်ငံများကြား မိခင်လောင်းများ သေဆုံးမှု ကွာဟချက်မှာလည်း ကြီးမားလျှက် ရှိသည်။
ဆာဟာရ ကန္တာရနှင့် ထိစပ်နေသော နိုင်ငံအများစုတွင် ငယ်ရွယ်သော မိခင်များ၏ အသက်အန္တရာယ်ကို ပိုမိုစိုးရိမ်ရလေ့ ရှိကြောင်းလည်း သိရသည်။ အဆိုပါ ဒေသတွင် အသက်(၁၅)နှစ်အောက် မိန်းကလေး တစ်ဦး ကိုယ်ဝန်ဆောင်ရင်း၊ မီးဖွားရင်း သေဆုံးနိုင်ခြေသည် အပုံ(၄၀)တွင် (၁)ပုံမျှ ရှိနေသည်။
ဥရောပတွင်မူ ယင်းကဲ့သို့ ပြဿနာမျိုးသည် အပုံ(၃၃၀၀)တွင် (၁)ပုံမျှသာ ရှိမည်ဖြစ်သည်။ WHO၏ အဆိုအရ မိခင်လောင်းများ သေဆုံးမှုတွင် အဓိက အကြောင်းရင်းများသည် ကိုယ်ဝန်အနေအထား တည်ရှိပုံ ရှုပ်ထွေးမှုနှင့် ဆီးချို၊ HIV၊ ငှက်ဖျားစသော ရောဂါဝေဒနာ ခြိမ်းခြောက်မှုများအပြင် အဝလွန်၍ လည်း ဖြစ်နိုင်ကြောင်း သိရှိရသည်။
Planet Myanmar Network
May 08 14 - 04:12 AM