မမြင်ရသော ဆေးဝါးများ
Pic;www.thehindubusinessline.com |
ဟုတ်ပါတယ်...၊ ဒီလိုမျိုး ပြဿနာက အခုမှသာ မြန်မာနိုင်ငံအနေနဲ့ လူသိရှင်ကြား ကြုံရတာဖြစ်ပေမယ့် ဥရောပမှာတော့ ဒါဟာ အသစ်အဆန်း မဟုတ်တော့ပါဘူး၊ ပဋိဇီဝဆေးလို့ ခေါ်တဲ့ antibiotics ဆေးတွေ ကို ငါးကန်တွေ၊ ပုဇွန်ကန်တွေမှာ ထည့်ကြတာ အစဉ်အလာအရ အတော်ကြာပါပြီ၊ အထူးသဖြင့် ငါးကန်၊ ပုဇွန်ကန် အကြီးကြီးတွေတူးပြီး စီးပွားဖြစ် မွေးမြူရေးတွေ လုပ်တဲ့အခါမှာပါ၊ အဲဒီမှာ ငါးတွေ၊ ပုဇွန်တွေ မသေကြေအောင်၊ အထွက်နှုန်းကောင်းအောင် ထည့်ကြတယ်၊ ဒါပေမဲ့ အဲဒီလိုထည့်လိုက်တဲ့၊ ကျွေးလိုက်တဲ့ ပဋိဇီဝဆေးတွေဟာ ငါးတွေပုဇွန်တွေအပြင် တခြားဘယ်လိုမျိုး သက်ရောက်နိုင်သလဲ ဆိုတာတော့ လူတွေက သေချာမသိခဲ့ကြဘူး၊ ဒီလိုနဲ့ ဒီဖက်နှစ်ပိုင်းတွေမှာ sensitivity အရမ်းမြင့်တဲ့ ဓာတ်ခွဲခန်းသုံး စက်တွေကို ထုတ်လုပ်လာခဲ့ကြတယ်၊ ဇတ်လမ်းက အဲဒီမှာ စတာပါပဲ...၊ antibiotics ပဋိဇီဝ ဆေးတွေကို ငါးတွေ၊ ပုဇွန်တွေ စားလိုက်ရင် ကြေပျက်ပြီး ဘာမှမကျန်တော့ဘူးလို့ အရင်က ကျနော်တို့ ထင်ထားခဲ့တာ မှားနေမှန်း သိလာရတယ်၊ ပိုပြီးအားကောင်းတဲ့ ဓာတ်ခွဲခန်း စက်တွေရဲ့ တွေ့ရှိ ချက်တွေထဲမှာ antibiotics အကြွင်းအကျန်တွေဟာ ငါး၊ ပုဇွန်တွေရဲ့ အသားတွေထဲမှာ ကျန်နေတာ အံ့သြစရာ တွေ့နေရတယ်...၊
၂၀၀၇ ခုနှစ်တုန်းက ဆွစ်ဇာလန်နိုင်ငံကို အိန္ဒိယက တင်သွင်းတဲ့ "Dragon" တံဆိပ် ရေခဲရိုက် ပုဇွန်တွေ ကို ဓာတ်ခွဲကြည့်တဲ့အခါ Furazolidone ဆိုတဲ့ ပဋိဇီဝဆေး အကျန်တွေကို တွေ့ရတယ်၊ Furazolidine ဆိုတာက Nitrofuran အမျိုးအစားမှာပါတဲ့ antibiotic ဖြစ်ပြီးတော့ တိရိစ္ဆာန်ဆေးကုသရေးတွေမှာ တွင်တွင် ကျယ်ကျယ် သုံးခဲ့ကြတယ်၊ ဒါပေမယ့် အဲဒီ Furazolidone ဟာ ကင်ဆာဖြစ်စေတဲ့ အကြောင်း အချက်တွေကို တွေ့လာရလို့ ဥရောပနဲ့ အမေရိကားမှာ ပိတ်ပင်လိုက်တယ်၊ အာဖရိကနဲ့ အာရှက နိုင်ငံတွေမှာတော့ ဆက်ပြီး သုံးနေခဲ့ကြတုန်းပဲ၊ အဲဒါကြောင့် အိန္ဒိယက လာတဲ့ ပုဇွန်တွေထဲမှာ ဆက်ပြီး တွေ့နေရတာ ဖြစ်ပါတယ်၊ အဲဒါနဲ့ မရှေးမနှောင်းမှာပဲ ဗီယက်နမ်ကလာတဲ့ ပုဇွန်တွေမှာလည်း ပဋိဇီဝ ဆေးတွေ ပါတယ်ဆိုတာ ဓာတ်ခွဲခန်းတွေက ဖော်ထုတ်နိုင်ခဲ့ ကြတယ်၊ အဲဒါကြောင့် ဗီယက်နမ်က ပုဇွန်တင်သွင်းခွင့်ကို ဆွစ်ဇာလန်မှာ ပိတ်ပင်ခဲ့တယ်၊ အဲဒီလို ပြဿနာတွေ ဖြစ်လာလို့ နောက်ဆုံးမှာ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့က သူတို့နိုင်ငံတွေက ပုဇွန်ကန်တွေမှာ တားမြစ်ထားတဲ့ ပဋိဇီဝဆေးတွေ ကို မသုံးရလို့ အမိန့်ထုတ်လိုက်ပြီးတော့ ရေထွက်ကုန်တွေကိုလည်း ဥရောပကို မတင်ပို့ခင်မှာ တင်းတင်း ကျပ်ကျပ် စစ်ဆေးတာတွေ လုပ်ခဲ့ရတယ်၊
တကယ်တမ်း ပြောရရင်တော့ ပဋိဇီဝဆေးတွေရဲ့ တည်တံ့မှုဟာ အတော့်ကို အံ့သြစရာကောင်းသလို ရေရှည်အတွက်လည်း စိုးရိမ်စရာ ကောင်းပါတယ်၊ အမေရိကား၊ တက္ကဆက်ပြည်နယ်က မြေအောက်ရေ တချို့မှာ antibiotics ပဋိဇီဝဆေး အကြွင်းအကျန်တွေ ပါနေတာကို ဓာတ်ခွဲစစ်ဆေးမိလို့ ဘယ်လိုကြောင့် ဖြစ်ရတယ်ဆိုတာ လိုက်ရှာတော့ နွားခြံတွေကနေ အရင်းခံတာ သွားတွေ့ရတယ်၊ နွားခြံတွေမှာ နွားတွေ ကျန်းမာရေးကောင်းဖို့ ပဋိဇီဝဆေးတွေ တိုက်တယ်၊ အဲဒီနွားတွေက အညစ်အကြေးစွန့်တဲ့အခါ မစင်နဲ့ အတူ မြေကြီးပေါ်ကို ပဋိဇီဝဆေး အကြွင်းအကျန်တွေ ရောက်သွားတယ်၊ မိုးရွာတဲ့အခါဖြစ်ဖြစ်၊ ရေနဲ့ ဆေးကြောလိုက်တဲ့အခါ ဖြစ်ဖြစ် အဲဒီ ပဋိဇီဝ အကြွင်းအကျန်တွေက မြေကြီးထဲကို စိမ့်ဝင်ပြီး နောက် ဆုံးမှာ မြေအောက်ရေကြောထဲအထိ ရောက်သွားတာ ဖြစ်ပါတယ်၊ ကြည့်ပါဦး…၊ ဆေးတစ်ခုဟာ ဘယ်လောက်ဝေးဝေးအထိ ရောက်သွားသလဲဆိုတာ…၊ ဒါဆိုရင် လူတွေမှာကော အဲဒီလိုတွေ ဖြစ်နိုင် သလားလို့ မေးစရာရှိပါတယ်၊ ဟုတ်ပါတယ်...၊ လူတွေကြောင့်လည်း မြစ်ချောင်း၊ အင်းအိုင်တွေ၊ မြေအောက်ရေတွေထဲမှာ ပဋိဇီဝ ဆေးကြွင်းဆေးကျန်တွေ ပျံ့နှံ့နေပါတယ်၊
ကျနော် လက်ရှိအလုပ်လုပ်နေတဲ့ ဓာတ်ခွဲခန်းရဲ့ ပရောဂျက်တခုက ရေတွေထဲက ပဋိဇီဝဆေးတွေကို ဓာတ်ခွဲသုတေသန လုပ်ရတဲ့ ပရောဂျက်ပါ၊ အိမ်တွေ၊ စားသောက်ဆိုင်တွေ၊ ဆေးရုံတွေကနေ စီးဆင်း လာတဲ့ ရေတွေကို ဓာတ်ခွဲကြည့်တဲ့အခါ အဲဒီရေတွေထဲမှာ ပဋိဇီဝဆေးတွေဖြစ်တဲ့ Norfloxacin, Ciprofloxacin, Metronidazol, Sulfamethoxazol စတာတွေအပြင် သာမန် အကိုက်အခဲ ပျောက်ဆေး တွေဖြစ်တဲ့ Paracetamol, Diclofenac, Ibuprofen စတာတွေကိုလည်း တွေ့ရတယ်၊ တချို့ဆေးတွေက သူ့ဟာနဲ့သူ သဘာဝအတိုင်း ခပ်မြန်မြန်ပျောက်ပျက်သွားပေမယ့် တချို့ဆေးတွေကတော့ အလိုအ လျောက် ကြေပျက်နှုန်း biodegradation rate က အရမ်းနှေးပါတယ်၊ အဲဒီအခါ မြစ်ချောင်းတွေထဲမှာ၊ မြေအောက်ရေတွေထဲမှာ အဲဒီလိုဆေးတွေရဲ့ မော်လီကျူးတွေ တဖြေးဖြေးနဲ့ များလာဖို့ပဲ ရှိတာပေါ့၊ ဆိုးတာက အဲဒီလို ဆေးမော်လီကျူးတွေ ပါနေပေမယ့်လည်း ရေဟာ အရောင်၊ အနံ့၊ အရသာ ဘာမှ မထူးခြားပါဘူး၊ ဓာတ်ခွဲခန်းမှာသာ ထိရောက်တဲ့နည်းစနစ်တွေနဲ့ ဓာတ်ခွဲမကြည့်ရင် ဘယ်လိုမှ မသိနိုင် ပါဘူး၊ ဆိုတော့ သာမန်လူကောင်းတစ်ယောက်ဟာ အဲဒီလို ဆေးတွေ၊ မော်လီကျူးတွေ အများကြီး ပါနေတဲ့ရေကို နှစ်ပေါင်းများစွာ သောက်နေခဲ့မယ်ဆိုရင် ရေရှည်မှာ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ လောလောဆယ် ဘယ်သူမှ အတိအကျမပြောနိုင် ပေမယ့် ကျန်းမာရေးအတွက် ဘယ်လိုမှကောင်းမှာ မဟုတ်တာတော့ သေချာပါတယ်၊
အခု ဘာလချောင်ကြော်ထဲမှာ တွေ့တယ်ဆိုတဲ့ ကလိုရိုဖယ်နကောလ်ကိုလည်း ဥရောပနိုင်ငံတွေမှာတော့ သိပ်မသုံးကြတော့ပါဘူး၊ အထူးသဖြင့် သောက်ဆေး၊ ထိုးဆေးအနေနဲ့ ရှောင်ကြတာများပါတယ်၊ အကြောင်းကတော့ ကလိုရိုဖယ်နကောလ်ဟာ ရိုးတွင်းချဉ်ဆီတွေကို ပျက်ဆီးစေတဲ့အပြင် လူကီးမီးယား ခေါ်တဲ့ သွေးကင်ဆာကိုလည်း ဖြစ်စေတဲ့အတွက်ကြောင့်ပါ၊ အဲဒါကြောင့် အခုလို ဘာလချောင်ကြော် ထဲမှာ တွေ့တယ်ဆိုတော့ မူလကလိုရိုဖယ်နကောလ် မဟုတ်တော့ဘဲ ဓာတ်ပြိုကွဲပြီးသား အကြွင်းအကျန် ဖြစ်သည့်တိုင် ဘေးထွက်ဆိုးကျိုးက ကြီးမားလို့ ဗြိတိန်က အာဏာပိုင်တွေက အရေးတယူ အကြောင်း ကြားတာလို့ ကျနော် ယူဆပါတယ်၊ တီထွင်မှုတွေဟာ ကောင်းပေမယ့် တခါတလေမှာ သူနဲ့အတူ ဘေး ထွက် ဆိုးကျိုးတွေ လိုက်ပါလာလေ့ ရှိပါတယ်၊ နေမကောင်းတဲ့လူတွေအတွက် တီထွင်လိုက်တဲ့ ဆေးဝါး aတွဟာ နေကောင်းနေတဲ့ လူတွေကိုပါ ရေရှည်မှာ ဒုက္ခပေးနိုင်မယ့် အလားအလာတွေ လတ်တလော သုတေသနပြုချက်တွေအရ တွေ့နေရတယ်၊ လောလောဆယ်မှာတော့ မြစ်တွေ၊ ချောင်းတွေ ထဲမှာ ပျံ့နှံ့ ပျော်ဝင်နေတဲ့ ဆေးတွေဟာ လူအတွက် အန္တရာယ်ရှိတဲ့အဆင့်လို့တော့ မသတ်မှတ်ကြသေးပါဘူး၊ ဒါပေ မယ့် ဒါဟာလတ်တလော အနေအထားအရပဲ ဖြစ်ပြီးတော့ နှစ်တွေ အများကြီး ကြာတဲ့အခါ ဘယ်လို တွေ သက်ရောက်မလဲဆိုတာတော့ ဘယ်သူမှ မသိနိုင်ပါဘူး၊ အဲဒါကြောင့် ဖွံ့ဖြိုးပြီးသား နိုင်ငံတွေမှာ ဒီအတွက် စီမံကိန်းတွေချပြီးတော့ လုပ်ဆောင်နေကြတယ်၊ အထူးသဖြင့် ရေထဲကနေ ဆေးအကြွင်း အကျန်တွေ၊ မော်လီကျူးတွေ ဖယ်ရှားဖို့အတွက် ရေဆိုးစက်ရုံ၊ ရေသန့်စက်ရုံတွေမှာ ခေတ်မီနည်း စနစ်တွေ တပ်ဆင်ဖို့ ပြင်ဆင်နေကြတယ်၊ ကျနော်တို့ မြန်မာနိုင်ငံ အနေနဲ့လည်း သုတေသနဘတ်ဂျက်ကို လုံလုံလောက်လောက် တိုးမြှင့်ပြီး ထိထိရောက်ရောက်စစ်ဆေးဖို့၊ ခေတ်မီနည်းစနစ်တွေ၊ စက်ပစ္စည်းတွေ ပါဝင်တဲ့ ဓာတ်ခွဲခန်းတွေ ဖွင့်လှစ်ဖို့ အချိန်ရောက်နေပါပြီ၊ ဒါဟာ အခုဘာလချောင် ပြဿနာလို နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါ မျက်နှာမပျက်စေဖို့ ဆိုတာထက် ကိုယ့်နိုင်ငံ သားတွေကို ထိရောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ။
ညီလင်းသစ်
၂၉ ဇွန်၊ ၂၀၁၄
ref;nyilinnthit.blogspot.com
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook