ANC ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း (+18)



Antenatal Care (ANC) လို့လဲခေါ်တယ်။ Prenatal care လို့လဲခေါ်တယ်။ ကိုယ်ဝန်ဆောင်တွေအတွက် လုပ်ပေးရတာ အသက်နှစ်ချောင်း၊ ကုသိုယ် ၂ ဆ ရပါတယ်။ အမွှာဆို ပိုသေးတယ်။ ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ ကျန်းမာရေးအသိနဲ့ လုပ်စရာတွေ အများကြီးရှိတယ်။ ကိုယ်ဝန်ကို အပ်ပါ။ သွားပြီးမွေးမယ်လို့ ရည်ရွယ်တဲ့ ဆေးခန်း၊ မွေးခန်း၊ ဆေးရုံတွေမှာ အပ်တာက ပိုကောင်းတယ်။
မှတ်တမ်းကို သိမ်းထားပါ။ ANC မှာ ဘာတွေလုပ်ရမယ် ဆိုတာ တိတိကျကျ ရှိတယ်။ တချို့နေရာတွေမှာ အသေးစိတ် လုပ်ပါလိမ့်မယ်။ အသေး မစိတ်နိုင်ရင်လဲ အစိုးရိမ်မကြီးပါနဲ့။ တောနယ်တွေမှာ လက်သည်တောင် မပါဘဲ မွေးနိုင်ကြသေးတယ်။ တယောက်နဲ့ တယောက် အတော်တော့ မတူကြဘူး။

အရင်ဆုံး ကိုယ်ဝန်ရှိနေတာ သေခြာအောင်လုပ်တာနဲ့ စပါတယ်။ သန္ဓေစတည်ပြီး၊ ၂ ပါတ်ဆိုရင် Urine Pregnancy test ဆီးစစ်လို့ရပြီ။ စိတ်ဝင်စားဘို့ ကောင်းတာက ဒီနည်းဟာ သန္ဓေသားရှိ-မရှိစမ်းတာ မဟုတ်ဘဲ၊ အချင်း ဖြစ်နေပြီ ဆိုတာကို စမ်းတာ ဖြစ်ပါတယ်။

ပဌမဆုံးမေးမဲ့မေးခွန်းဟာ နောက်ဆုံး ရာသီလာခဲ့တဲ့ရက်ဖြစ်မယ်။ နောက်ဆုံး ရာသီလာခဲ့တဲ့လက ပဌမဆုံး သွေးဆင်းတဲ့ ရက်ကို ယူရမယ်။ Last menstrual period (LMP) ခေါ်တယ်။ ဒီရက်ထဲကို ၉ လ နဲ့ ၇ ရက် ထည့်ပေါင်းတာနဲ့ Expected due date (EDD) မွေးမဲ့ ခန့်မှန်းရက်ကို တွက်ယူနိုင်တယ်။ Ultrasound Report မှာ ကိုယ်ဝန်က Weeks ရက်သတ္တပါတ် ဘယ်လောက် နဲ့ Days ရက်ဘယ်လောက်ရှိပြီလို့ ရေးကြတယ်။ သွားရိုက်တဲ့ ရက်ထဲကနေ အဲဒါကို ပြန်နုတ်တော့ ကိုယ်ဝန်စရှိတဲ့ရက်ကိုရတယ်။ ကိုယ်ဝန်မှာ ရက်နဲ့လ တွက်တဲ့အခါ (၁ လ = ၃ဝ ရက် = ၄ ပါတ်) နဲ့သာ တွက်ပါတယ်။ အလုပ်သင်ဆရာမတွေအတွက်တော့ သင်္ချာပညာ စမ်းသလိုဘဲ။ သူတို့ခမြာ အတော် ခေါင်းရှုတ်ကြရှာတယ်။

EDD ရဲ့ ရှေ့-နောက် ၂ ပါတ်အတွင်း မွေးနိုင်တယ်။ သာမန်အားဖြင့် နောက်ဆုံး ရာသီပေါ်ပြီး ရက်ပေါင်း ၂၈ဝ ဒါမှမဟုတ် ရက်သတ္တပါတ် ၄ဝ မှာဖြစ်တယ်။ (၃၇-၄၂) ပါတ်လည်း ဖြစ်နိုင်တယ်။ LMP နဲ့ တွက်တာက (အာလ်ထွာဆောင်း) ရက်တွက်တာနဲ့ မတူဖြစ်နေတတ်တယ်။ ကိစ္စမရှိဘူး။ (အာလ်ထွာဆောင်း) တခါရိုက်ရင် အဖြေတမျိုးရမယ်။ ဘယ်လို တွက်တွက် ရှေ့ ၂ ပါတ်၊ နောက် ၂ ပါတ် လွဲတတ်တယ်။ ဒေလီဒုက္ခသည်ဆေးခန်းလေးမှာ ၃၁၆ ယောက် မွေးတဲ့ အထဲက ရက်အတိအကျ မွေးသွားတာ ၈ ယောက်ထဲနဲ့ ၁ ရက်ထဲ ကပ်လွဲမွေးတာ ၁၂ ယောက်ရှိတယ်။

ANC မှတ်တမ်းထဲမှာ အတိုကောက်လေးတွေရေးပါမယ်။ LMP နဲ့ EDD ကိုရေးပြီးတာနဲ့ G နဲ့ P ဆိုတာရေးအုံးမယ်။ ကိုယ်ဝန်ရှိဘူးသမျှ အရေအတွက်ကို G (Gravida) လို့မှတ်ပါ၊ အရှင်မွေးသမျှကို P (Para) လို့မှတ်ပါ။ သားဦး-ကိုယ်ဝန်ကို G 1 လို့ မှတ်ပြီး၊ နောက်ကိုယ်ဝန်တိုင်းကို G 1, G 2 လို့ ခေါ်သွားမယ်။ တခါမှ မမွေးဖူးရင် P 0 မှတ်ပါ။ ကိုယ်ဝန်ရှိတိုင်း ကလေးအကောင်း မွေးချင်မှမွေးမယ်။ ကိုယ်ဝန်ပျက်တဲ့ အရေအတွက်ကို P ရဲ့နောက်က အပေါင်း လက္ခဏာနဲ့ ရေးမယ်။ ဥပမာ G 3, P 1+1 ဆိုတာ တတိယကိုယ်ဝန် ရှိပြီး၊ ၁ ခါ အကောင်းမွေး၊ ၁ ခါ ကိုယ်ဝန်ပျက်ဘူး။

ဗိုက်လာအပ်ရင် လုပ်ပေးမှာတွေ
ကိုယ်အလေးချိန်၊ အရပ်၊ သွေးဖိအား တိုင်းတာတွေနဲ့ နှလုံး၊ အဆုပ် နားထောင်တာတွေ လုပ်ပါမယ်။ သိတဲ့အတိုင်း အရပ်ပုရင် ခက်တတ်တယ်။ သိပ်မစိုးရိမ်နဲ့ အရပ်မရှည်၊ အသက်ငယ်ငယ်နဲ့ လွယ်လွယ်မွေးတာတွေ ရှိတာဘဲ။ ဗိုက်စမ်းပေးမယ်။ ကြီးလာတဲ့ သားအိမ်ကို ဆီးစပ်ရိုး အထက်မှာ စပြီးစမ်းလို့ရရင် ကိုယ်ဝန်က ၁၂ ပါတ်ရှိနေပြီ။ ချက်အောက်နားဆို ၂ဝ ပါတ်၊ ချက်အထက်နားရှိနေရင် ၂၂ ပါတ်။ ရင်ခေါင်းဆိုက်တယ်လို့ ခေါ်ကြတဲ့ အမြင့်ဆုံးဆိုတာ ၃၈ ပါတ်။ မွေးမှာက ၄ဝ ပါတ်။ ကလေးခေါင်းက အောက်ဆင်းလာလို့ နိမ့်ကျလာတာပါ။

တချို့ကိုယ်ဝန်ဆောင်တွေက ၁၃-၁၆ ပါတ်ကတည်းက အထဲကကလေးလှုတ်တာ သိကြတယ်။ တချို့က ၂၅ ပါတ် ရောက်မှ သိတယ်။ အဲလို ပဌမဦးဆုံး ကလေးလှုတ်တာကို Quickening လို့ ခေါ်တယ်။ မကြာခင် အဲဒီ ပုဂ္ဂိုလ်လေးက မအေဗိုက်ကို ကန်အုံးမယ်။ ကိုယ့်ကလေးကြောင့် နာရတာကို ပြုံးနေတတ်တာ မိခင်မေတ္တာ။ ကိုယ်ဝန်ဆောင်တုံးမှာ ATT မေးခိုင်-ကာကွယ်ဆေး ၂ ခါကို တခါနဲ့တခါ ၁ လခြာပြီး ထိုးထားပါ။ မိခင်ရော ကလေးပါ ကာကွယ်မှုရကြမယ်။ ကိုယ်ဝန်ရင့်လာလို့ Doppler နဲ့ စမ်းရင် မွေးလာမဲ့ သူ့ကလေး Fetal heart sound (FHS) နှလုံးခုန်သံကို ကြားရလို့ မိခင်လောင်းမှာ ပီတိတွေ ဖြာနေတာ သိပ်သဘောကျဘို့ ကောင်းလှတယ်။ လူကြီးတွေထက် မြန်တယ်။

ဓါတ်ခွဲစမ်းသပ်ခြင်းများ
• Blood grouping (A, B, AB, or O) အေ-ဘီ-အို သွေးအုပ်စု၊
• Rh factor အာရ်အိတ်ခ်ျ သွေးအုပ်စု၊
• Hemoglobin (Hb) (ဟီမိုဂလိုဘင်) သွေးအား နည်း-မနည်း၊
• Urine Sugar ဆီးချို၊
• Urine Albumin ဆီးထဲအနည် (ပရိုတင်း) ပါ-မပါ၊
• Hepatitis B virus (ဘီ) ပိုး ရှိ-မရှိ၊
• VDRL (ဆစ်ဖလစ်) ရောဂါ
• Ultrasound (အာလ်ထွာဆောင်း)
• German measles ကိုယ်ဝန်ပျက်စေတတ်တဲ့ ဂျာမန် ဝက်သက်ကိုလည်း စစ်တယ်။

Ultrasound Scan (အာလ်ထွာဆောင်း)
ကိုယ်ဝန်နုတုံး ၁ ခါနဲ့ ရင့်တော့ ၁ ခါ ရိုက်တာ ကောင်းတယ်။ သွားရိုက်ရင် အစားအများကြီး မစားဘဲ၊ ရေအများကြီး သောက်သွားပါ။ အောက်ပိုင်း အဝတ်အစား ချွတ်လို့ လွယ်တာ ဝတ်သွားပါ။ ကိုယ်ဝန်ရှိတာကို ၅ ပါတ်ကတည်းက Scan မှာ သိနိုင်ပြီ။ ၇ ပါတ်မှာ နှလုံးအလုပ်လုပ်နေတာ သေခြာပြီ။ (၂ဝ ပါတ်) ကျမှ ကလေးအင်္ဂါ ချို့ယွင်းမှု ရှိ-မရှိကို စစ်ဆေးတာ ကောင်းတယ်။ နောက်သိချင်တာက သားအိမ်ထဲ မဟုတ်ဘဲ သန္ဓေတည်နေတာလား။ ကိုယ်ဝန် ၆ ပါတ် ကတည်းက သိနိုင်တယ်။ အမွှာဆိုတာလဲ သိမယ်။ ရေမွှာရည် အနည်း-အများ၊ ကလေးက ဒေါင်လိုက်လား၊ ကန့်လန့်လား။

ကိုယ်ဝန် နောက်ပိုင်းမှရိုက်ရင် အရေးကြီးတဲ့အချက် ၂ ခုသိမယ်။ အချင်းနေရာနဲ့ ကလေးအနေအထားက ခြေကဖွါး ဖြစ်-မဖြစ် သိဘို့ ဖြစ်တယ်။ ၉ဝ% ကျော် ကိုယ်ဝန်တွေက ကလေးဟာ ခေါင်းက အောက်မှာရှိရမယ်။ မဟုတ်ရင် Breech တင်ပါးဆုံ ပြုနေတတ်တယ်။ စောစော ရိုက်တုံးက တင်ပါးဆုံဖြစ်နေပေမဲ့ ကလေးဟာ သူ့ဖါသာသူ လှည့်သွားတတ်တယ်။ ဒါ့ကြောင့် စောစောရိုက်ထားရင် နောက် ထပ်ရိုက်တာ ကောင်းတယ်။ တင်ပါးဆုံပြုဆိုရင် လှည့်ပေးဘို့ လိုချင်လိုမယ်၊ မွေးရင်လဲ ပိုပြီးဂရူစိုက်ရမယ်။ နောက်တချက်က အချင်းဟာ ပုံမှန်ဆိုရင် သားအိမ်အဝနဲ့ ဝေးရတယ်။ နီးတာနဲ့ ဖုံးနေတာ ဆိုရင် သေခြာပေါက် ဗိုက်ခွဲမွေးရမယ်။ Scan ရဲ့ကျေးဇူးဘဲ။ ဒေလီဆေးခန်းလေးမှာ ၃၁၆ ယောက်လာမွေတာထဲမှာ တင်ပါးဆုံပြုတာ ၈ ယောက်ရှိတယ်။

ကိုယ်ဝန်အပ်ပြီးနောက် ဘယ်တော့ ပြန်လာနေရမလဲ
မြန်မာပြည်မှာတော့ ကိုယ်ဝန် ၉ လကို ၃ ပိုင်းခြားပြီး၊ ပဌမ ၃ လမှာ ၁ လ ၁ ခါ၊ ဒုတိယ ၃ လမှာ ၂ ပါတ် ၁ ခါ၊ နောက်ဆုံး ၃ လမှာ ၁ ပါတ် ၁ ခါ ခေါ်လေ့ ရှိတယ်။ ထူးခြားရင်လဲ အချိန်မရွေး လာဘို့မှာတယ်။ ထူးခြားတယ်ဆိုတာတွေက ကိုယ်ဝန်နုချိန်မှာ ဆီးအောင့်တတ်တယ်။ ပျက်ကျတတ်တယ်။ Morning sickness ကိုယ်ဝန်ဆောင်စ လက္ခဏာတွေ ဆိုးတာဖြစ်တတ်တယ်။ သွေဖိအား အထက်က ၁ဝဝ မပြည့်ရင် ဗီတာမင်ပါတဲ့ Drip သွင်းပေးရတတ်တယ်။ စောမွေးတာ၊ ခါးနာတာ၊ တမျိုးမျိုး (အရည်၊ သွေး) ဆင်းတာ စသဖြင့် ဖြစ်တတ်တယ်။

ကိုယ်ဝန်ရှိချိန်မှာ ဘာလို့ အလေးချိန် တိုးလာသသလဲ (၁ ကေဂျီ = ၂့၂ ပေါင်)
• မိခင်၏အာဟာရများ = ၇ ပေါင်
• တိုးလာသောအရေ၏အလေးချိန် = ၄ ပေါင်
• တိုးလာသောသွေး၏အလေးချိန် = ၄ ပေါင်
• တိုးလာသောနို့ = ၂ ပေါင်
• ကြီးလာသောသားအိမ် = ၂ ပေါင်
• ကလေး၏အလေးချိန် = ၇့၅ ပေါင်
• ရေမြွှာရေ = ၂ ပေါင်
• အချင်း၏အလေးချိန် = ၁့၅ ပေါင်
• စုစုပေါင်း တိုးသည့်အလေးချိန် = ၃ဝ ပေါင် (၁၃့၆ ကီလိုဂရမ်)

ကိုယ်ဝန်ဆောင် အားဆေးတွေ
စောပြီးသောက်နိုင်လေ ကောင်းလေပါ။ ဒါပေမဲ့ ကိုယ်ဝန်ရင့်လာရင် ပိုလိုလာတယ်။ သံဓါတ်နဲ့ ဖေါလစ်အက်စစ် ဖြစ်တယ်။ လူတိုင်း သောက်ရင် ကောင်းတဲ့ ဗီတာမင် (ဘီ) အပြင်ပေါ့။ ထပ်လိုသေးတာက (ကယ်လ်စီယံ)။

သံဓါတ်က ဝမ်းချုပ်စေတတ်တယ်။ ဒါပေမဲ့ သောက်ရမှာပါ။ ဝမ်းချုပ်ရင် ဝမ်းနုတ်ဆေးတွေထက် ဝမ်းပြော့ဆေးမျိုးက ပိုသင့်တယ်။ Milk/Cream of Magnesia ဆိုတာ ဇွန်းကြီး ၂ ဇွန်း၊ ညမအိပ်ခင် သောက်ရတယ်။ ရေ၊ အရည် များများ သောက်ပါ။ အသီးအရွက်၊ အသီးအနှံ များများစားပေးပါ။ မန်ကျီးမှည့်ဖျော်ရည်၊ သင်္ဘောသီးမှည့် မှီဝဲပါ။ သံဓါတ် နည်းလွန်းနေရင် ဒါမှမဟုတ် ပါးစပ်က မသောက်ချင်ရင် သံဓါတ် ထိုးဆေးထိုးပါ။ နားလည်တဲ့သူကို ထိုးပါစေ။ ဒီဆေးက အပ်မသေး-မတိုတာနဲ့ တင်ပါးမှာ ခပ်နက်နက်ထိုးရတယ်။ ဆေးသွင်းပြီး အပ်ပြန်နုတ်ရင် စောင်းနုတ်ရတယ်။ မခြေရဘူး။ ဆေးထိုးတဲ့နေရာ မဲသွားမှာစိုးလို့။

ဆေးကုမ္မဏီတွေကလဲ ရောင်းကောင်းအောင် ကြော်ညာကောင်းကောင်းနဲ့ ထုတ်တယ်။ သံဓါတ်ဆေးကို (ယူနီဆက်ပ်) ကနေ အလကားဝေတယ်။ တကမ္ဘာလုံး ဝေရတာမို့ ဈေးချိုချို ဖြစ်အောင် လုပ်ရတယ်။ ဗူးခွံရိုးရိုး၊ ဆေးကို သကြားအုပ် မထားရင် သံချေးနံ့တော့ ရတာပေါ့။ “ထောပတ်ကောင်း စလောင်းနဲ့တည်” ဆိုသလို အကောင်းကို ဘာနဲ့ ထည့်ထည့် ကောင်းတာဘဲပေါ့။ တခါတည်းပြီးအောင် သံဓါတ်ရော၊ ဗီတာမင်ပါ ရောထုတ်တာလဲ ကောင်းပါတယ်။ ဥပမာ Furamin BC နဲ့ Prenatal capsule ဆေးတွေ။ သိထားဘို့က ကိုယ်ဝန်ဆောင်တိုင်းက ဆေးအတူတူလိုကြတာတော့ မဟုတ်ပါ။ ဘယ်ဆေးမဆို ထုတ်လုပ်တဲ့ ဆေးကုမ္မဏီ နာမည်ရှိတာကို ရွေးစေချင်တယ်။ အိမ်နီးချင်းနိုင်ငံတွေက လူလည်ကြီးများဟာ နာမည်ရှိပြီးသား ဆေးတွေကို ပုံမှားရိုက်ကြတယ်။ ကိုယ့်တိုင်းပြည်က ညံ့နေသေးတော့ ခံနေကြရတာပေါ့။ နောက်မွေးလာမဲ့ကလေးတွေ ကျွန်တော်တို့ထက် တော်ကြတတ်ကြပါစေ။

Dr. တင့်ဆွေ
၉-၁ဝ-၂ဝ၁၃

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...