ခြေထောက်သွေးကြော သွေးခဲပိတ်ဆို့ခြင်း


Health Updates Journal No. 88

ခြေထောက်သွေးကြော သွေးခဲပိတ်ဆို့ခြင်း (Deep Vein Throm bosis)ဟာ ပေါင်၊ ခြေသလုံးတို့ အတွင်းရှိ သွေးကြောများအတွင်း သွေးခဲပိတ်ဆို့ခြင်းကြောင့် ဖြစ်ပါတယ်။ သွေးခဲပိတ်ဆို့ရောဂါရဲ့ အဓိက အန္တရာယ်ဖြစ်စေတဲ့ အချက်ကတော့ ခြေထောက်မှသွေးခဲများ ပြုတ်ထွက်ပြီး အဆုတ်အတွင်းရှိ သွေးကြောငယ်များတွင် ပိတ်ဆို့ခြင်း ဖြစ်ပါတယ်။

ခွဲစိတ်မှု၊ ထိခိုက်မှု၊ ခုခံအားစနစ် တစ်မျိုးမျိုးကြောင့် သွေးကြောအတွင်း နံရံပျက်စီးတဲ့အခါ သွေးခဲစတင် ဖြစ်ပေါ်ပါတယ်။ မျိုးရိုးလိုက်ခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ လှုပ်ရှားမှုနည်းခြင်း၊ ခွဲစိတ်မှုခံယူထားခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ အိပ်ရာထဲတွင် ကြာရှည်လှဲနေရခြင်း ဆေးလိပ်သောက်ခြင်း၊ အ၀လွန်ခြင်း၊ သန္ဓေတားသောက် ဆေးမှီဝဲခြင်း၊ ခရီးသွားချိန်ကြာမြင့်ခြင်း တို့ကြောင့်လည်း သွေးခဲပိတ်ဆို့ တတ်ပါတယ်။

ခြေထောက်သွေးကြောသွေးခဲပိတ်တဲ့အခါ နီခြင်း၊ရောင်ခြင်း၊ နာခြင်းစတဲ့ လက္ခဏာတွေခံစားရပါတယ်။သွေးခဲပိတ်ဆို့ခြင်းရဲ့ အန္တရာယ်ပေးတဲ့ နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်တဲ့ အဆုတ်တွင်းသွေးကြော ပိတ်ဆို့တဲ့အခါ အသက်ရှူကျပ်ခြင်း၊ သွေးပေါင်ကျခြင်း၊ မူးမေ့ခြင်း၊ နှလုံး ခုန်မြန်ခြင်း၊ ရင်ပတ်အောင့်ခြင်း၊ ချောင်းဆိုးသွေးပါခြင်းတို့ ဖြစ်တတ်ပါတယ်။

သွေးခဲပိတ်ဆို့ခြင်းကို သိရှိနိုင်ဖို့ အာထရာဆောင်းဓါတ်မှန်ရိုက် စစ်ဆေးနိုင်ပါတယ်။ သွေးခဲတတ်သူများအတွက် သွေးကျဲဆေးများပေး၍ ကုသရလေ့ရှိပါတယ်။ သွေးခဲနေတဲ့ သူတွေမှာ သွေးခဲပျော်ဆေးတွေပေးရပါတယ်။

Warfarin လို သွေးကျဲဆေးတွေ ပေးတဲ့အခါ သွေးခဲစနစ်အားနည်းသွားပြီး သွေးထွက်လွန် တတ်ပါသေးတယ်။ ဦးနှောက်လိုအင်္ဂါအစိတ်အပိုင်းထဲမှာ အလိုအလျောက်သွေးထွက်တဲ့အခါ အသက်အန္တရာယ်ရှိပါတယ်။ အဓိကသွေးပြန်ကြော မကြီးတစ်ခုဖြစ်တဲ့ inferior vena cava မှာ ဇကာ (filter) တပ်ဆင်ထားပြီး ခြေထောက်ထဲက သွေးခဲတွေအပေါ် ပြန်မတက်အောင် တားဆီးထားနိုင်ပါ တယ်။ သွေးခဲတတ်သူများအတွက် ထုတ်လုပ်ထားတဲ့ ခြေအိတ်ဝတ်ဆင် ထားမယ်ဆိုလျှင် ခြေထောက်သွေးကြောတွေမှာ သွေးမအိုင်အောင် တားဆီးထားနိုင်တဲ့အတွက် သွေးခဲခြင်းမှ ကာကွယ်ပေးပါတယ်။

ခြေထောက်တွင်း သွေးအိုင်ပြီး သွေးခဲခြင်းမှကာကွယ်ဖို့ လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။ ခရီးရှည်သွားရတဲ့အခါ အကြာကြီးထိုင်မနေ ဘဲနှစ်နာရီကြာတိုင်း လမ်းထလျှောက်ပေးပါ။ ရေများများသောက်ပါ။

သီဟ
Source:WebMD
Health Updates Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...