သင့်ကျန်းမာရေး ( အရက်နွံ )
ဒေါက်တာ လွင်သန့် ( ဆေး-၂ )

အလုပ်ကြမ်း လုပ်သူနှင့် အလုပ် မနု ၊ မရင့် လုပ်ကိုင် နေသော ယောက်ျား တော်တော် များများဟာ အရက်သောက် တတ်ကြတယ်။ ကျေးရွာ များမှာဆိုလည်း အလှူပွဲ ၊ မင်္ဂလာပွဲက အစ အသုဘ ရက်လည် အဆုံး အရက် ယဉ်ကျေးမှု ပါတယ်။ သင်္ကြန် နဲ့ ၀ါဆိုပန်းခူနေ့ တွေမှာ " အရက် ကော့တေး ပါတီ " လုပ်လိုက် သေးတယ်။ အရက်ဟာ တစ်ဦးနဲ့ တစ်ဦး ပေါင်းသင်းရ လွယ်တယ်။ ဟန်ကြီး ပန်ကြီး မရှိ။ ဆင်းရဲ ချမ်းသာ မရှိ။ အရက်ကို သောက်ပြီး မမူးရင် သည်ဟာ အရက် မဟုတ်သလို ၊ အခုခေတ် နိုက်ကလပ် နဲ့ ဘီယာ ယဉ်ကျေးမှုမှာ အရက် သောက်စားမှုဟာ ယောက်ျားလေး များသာမက မိန်းကလေး တွေပါ ပါလာတာ တွေ့လာရတယ်။
အရက်သောက်ရင် အားရှိတယ်။ သွက်လက် ပေါ့ပါးတယ် ထင်တာ။ အရက်ထဲမှာ ပါတဲ့ အယ်လ်ကိုဟော က သွေးပူပြီး လူဣနြေ္ဒကို ထိန်းသိမ်း နိုင်တဲ့ အင်အား အခိုက်အတန့် ပျက်စီးသွားပြီး အထိန်းကွပ်မဲ့ သွားတတ်တယ်။
အရက်သောက်ရင် အားတိုးတယ် ဆိုတာထက် သွေးဆိုးတယ် ဆိုတာတွေ ဖြစ်လာ တတ်တာ များတာပါ။ မူးနေတော့ ကိုယ့်စိတ်ကိုယ် မထိန်းနိုင် ၊ သွက်လက် ပေါ့ပါးတာကို အားတိုးတယ် ၊ အလုပ် ပိုတွင် ကျယ်တယ် ၊ ခံနိုင်ရည် ရှိတယ် ၊ အပူဒဏ် ၊ အအေးဒဏ် ၊ သဘာဝဘေးဒဏ် ခံနိုင်တယ် ၊ သတ္တိရှိတယ် စသည်ဖြင့် အလွဲ သုံးနေကြတယ်။
နိုင်ငံ ပေါင်းစုံက အရက်ကို အပြိုင်အဆိုင် ချက်ကြတယ်။ ဘီယာ ပွဲတော်လို ဆုတံဆိပ် ချီးမြှင့် ပေးကြတယ်။ အရက် ကောင်းလည်း ထုတ်တယ်။ အတုများလည်း ရောနှော ပါဝင်တယ်။ တံဆိပ် အမျိုးမျိုးနဲ့ ကို တုပတယ်။ ဘယ်နိုင်ငံက ဘယ်အရက် ( ဥပမာ စကော့တလန် က ဂျော်နီဝါးကား ၀ီစကီ ၊ ရုရှား က ဗော့ကာ အရက် ) စသဖြင့် နာမည်ကြီး တွေရှိတယ်။ အရက် အကောင်းဆုံး က ပြင်သစ်လို့ ဆိုတယ်။ ပြင်သစ် ၊ အီတလီ ၊ ရုရှား ၊ စပိန် ၊ အာဂျင်တီးနား ၊ အမေရိကန် ၊ စကော့တလန် စသည်ဖြင့် အစီစဉ်လိုက် အရက်ကောင်းတယ်။
အရက်ကို စဉ်ဆက် မပြတ်သောက်ရင် အရက်စွဲတာ အတူတူပဲ။ အသက်ထက် စာရင် ဘီယာ ယဉ်ကျေးမှု က မြန်မာနိုင်ငံ ကို နောက်ကနေ ကျော်တက် သွားတယ်။ အပျော်သဘော မျိုး အမျိုးသမီးငယ် တွေလည်း ဘီယာဝိုင်း ထိုင်တတ် လာကြတယ်။ တစ်ခုပဲ ရှိတယ်။ အမူးလွန်လို့ အရှက်တရား ကင်းမဲ့သွားရင် မိန်းကလေး တွေပဲ သိက္ခာ ကျမှာ စဉ်စား စေချင်တယ်။ သီးသန့် မသောက် မနေရမှ တစ်ပါး ယောက်ျား လေးတွေကို တုပလို့ အမျိုးသမီး တွေ အရက် ဘီယာ မသောက်သင့်ပါ။
အရက်ကို ရည်ရွယ်ချက် အမျိုးမျိုးနဲ့ သောက်ကြ ပေမယ့် အရက်က ခါးခါးတူးတူး များရင် မူးတာပဲ။ ဆင်းရဲသားလည်း အရက်မူးတယ်။ လက်လုပ် လက်စား ၊ လူကုံထံ လည်း အရက်မူးတယ်။ သို့သော် အသက်နဲ့ ဆိုင်မယ့် ဘ၀နဲ့ ဆိုင်တဲ့ နေရာမှာ အရက် က အတန်းစား ခွဲသွားတယ်။
ကြုံရာသောက် ၊ တောအရက် သောက်သူ တွေက တဖြည်းဖြည်း အားအင် ဆုတ်ယုတ်ပြီး ခန္ဓာကိုယ် ရှိ အသားအရေ ခမ်းခြောက် ၊ ရုပ်ပိုင်း ဆိုင်ရာ ပြောင်းလဲ လာကာ ငယ်ငယ် ရွယ်ရွယ်နဲ့ အိုမင်းတဲ့ လက္ခဏာ ပေါ်လာတယ်။ နောက်ပိုင်းမှာ စွဲလမ်းသွားပြီး စိတ်မူမမှန် တော့တာ တွေ့ရတယ်။ စိတ်ပိုင်း ဆိုင်ရာ စွဲလမ်းနေရင်း ဒုက္ခ ရောက်တာပဲ။ တကယ်ကျတော့ အတ္တာဟိ အတ္တာနော နာထော " မိမိ ကိုယ်သာ ကိုးကွယ်ရာ " ၊ " ဘယ်သူမပြု မိမိမူ " ပါပဲ အရက်သမား ရဲ့ သားသမီး တွေ အရမ်း မျက်နှာငယ် ရပါတယ်။ လူတန်းစေ့ မစား မ၀တ် ၊ မနေရဘဲ လူတန်းစေ့ မထားနိုင်တဲ့ ကံကိုသာ ယိုးမယ်ဖွဲ့ အရက်တောမှာ နွံနစ်လေရဲ့ ။ ။
( ၉-၁၀-၂၀၁၃ ရက်နေ့ထုတ် မြ၀တီနေ့စဉ်သတင်းစာ ၊ စာမျက်နှာ ၁၆ မှ နိုင်ငံတကာ ဆောင်းပါး နှင့် ကျန်းမာရေး ကဏ္ဍမှ )
The MYAWADY Daily