လူတစ်ယောက် နဲ့ တစ်ယောက် လက်ဆွဲနှုတ်ဆက်တဲ့အခါ ဘယ်လိုမျိုးလက်ဆွဲနှုတ်ဆက်သင့်သလဲ ?


ကျွန်တော်တို့တွေဟာ လူတစ်ဦး နဲ့ တစ်ဦး မိတ်ဆွေဖြစ်ခြင်းအထိမ်းအမှတ်အနေနဲ့လည်းကောင်း ဒါမှမဟုတ် ခင်မင်ရင်းနှီးမှုကိုဖော်ပြလိုတာကြောင့်သော်လည်းကောင်း လက်ဆွဲနှုတ်ဆက်ကြပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ များသောအားဖြင့် ဒီတိုင်းလက်ကမ်းပေးလိုက်တယ် ဒါမှမဟုတ်လည်း အခြားသူက ကမ်းပေးတဲ့လက်ကို ကိုင်ပြီး နှုတ်ဆက်လိုက်ကြတာများပါတယ်။ စာဖတ်သူလည်း ဒီလိုမျိုးလက်ဆွဲနှုတ်ဆက်တဲ့ လူထဲမှာ ပါဝင်သလားဆိုတာ သေချာစဉ်းစားကြည့်ပါ။

လက်ဆွဲနှုတ်ဆက်ခြင်းယဉ်ကျေးမှုဟာ အနောက်နိုင်ငံတွေကနေ စတင်လာခဲ့ပြီး ယခုအခါ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူကြီးလူကောင်းတွေအားလုံး ပြုမှုနေကြတဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်နေပါပြီ။ အနောက်နိုင်ငံသားတွေခံယူထားတဲ့အချက်က လူကြီးလူကောင်းတွေအနေနဲ့ အချင်းချင်း နှုတ်ဆက်ကြတဲ့အခါမှာ စကားနဲ့ နှုတ်ဆက်ကြသည်ထက် လက်ဆွဲနှုတ်ဆက်ခြင်းဖြင့် ပိုပြီး နွေးထွေးမှု ခင်မင်မှုကို ဖော်ပြတယ်လို့ ခံယူထားကြပါတယ်။

နိုင်ငံတကာမှာတော့ လက်ဆွဲနှုတ်ဆက်ခြင်းယဉ်ကျေးမှုကျင့်သုံးသူတွေမှာ မပြောဘဲထားရှိကြတဲ့ ယဉ်ကျေးမှုတစ်ခုရှိပါတယ်။ ကိုယ်နဲ့ စတင်သိကျွမ်းခင်မင်သူတစ်ယောက်ဟာ ကိုယ့်ထက် အသက်အရွယ်အားဖြင့်ဖြစ်စေ (သို့) ရာထူးအရ ကြီးမြင့်သူဖြစ်နေပါက ကိုယ့်ဘက်က ဘယ်တော့အခါမှ လက်ကို စတင်ကမ်းပေးခြင်းမပြုရခြင်းပဲဖြစ်ပါတယ်။ ပြောင်းပြန်အရ ကိုယ်နဲ့ စတင်သိကျွမ်းသူတစ်ယောက်ဟာ ကိုယ့်ထက် အသက်ငယ်သူ (သို့) ရာထူးအရနိမ့်ပါးသူဖြစ်နေပါက ကိုယ့်ဘက်မှ ရှေးဦးစွာ လက်ဆွဲနှုတ်ဆက်ဖို့အတွက် လက်ကမ်းပေးရမှာဖြစ်ပါတယ်။ လက်ဆွဲနှုတ်ဆက်တဲ့ အခါမှာလည်း တစ်ဖက်လူရဲ့ လက်ကို ဖွဖွလေးဆုပ်ကိုင်ပြီး အထက် အောက် အထက် သုံးကြိမ် အသာအယာ လက်ဆွဲနှုတ်ဆက်ရမှာဖြစ်ပါတယ်။ လက်ဆွဲနှုတ်ဆက်ပြီးတဲ့အခါမှာတော့ တစ်ဖက်လူရဲ့ လက်ကို ဆက်လက်ဆုပ်ကိုင်ထားခြင်း မပြုသင့်ဘဲ ချက်ချင်း လွှတ်ပေးရမှာဖြစ်ပါတယ်။

အမျိုးသမီးများနဲ့ တွေ့ဆုံတဲ့အခါမှာတော့ အမျိုးသားများအနေနဲ့ ဘယ်တော့အခါမှ စတင် လက်ကမ်းခြင်းမပြုရပါဘူး။ အမျိုးသမီးဘက်က လက်ဆွဲနှုတ်ဆက်ဖို့အတွက် လက်ကမ်းပေးမှသာ လက်ဆွဲနှုတ်ဆက်ရမှာဖြစ်ပါတယ်။

ကိုယ့်ထက် အသက်အရွယ်ငယ်လွန်းတဲ့ ကောင်လေးတစ်ယောက်နဲ့ နှုတ်ဆက်တဲ့အခါမှာတော့ ကိုယ့်ဘက်မှ တစ်ဖန် လက်ကမ်းပေးပြီး လက်ဆွဲနှုတ်ဆက်နိုင်ပေမဲ့ မိန်းကလေးတစ်ယောက် နှုတ်ဆက်တဲ့အခါမှာတော့ “ မင်္ဂလာပါ တွေ့ရတာဝမ်းသာပါတယ် ” ဆိုတဲ့ အသုံးအနှုံးနဲ့သာ ပြန်လည် ခွန်းတုံပြန်နှုတ်ဆက်ရပါတယ်။

လုံးဝရှောင်ရမဲ့အချက်ကတော့ လက်ဆွဲနှုတ်ဆက်ခြင်းကို ငြင်းပယ်ခြင်းပဲဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာဖြစ်စေ စီးပွားရေးအသိုင်းအ၀ိုင်းမှာဖြစ်စေ လက်ဆွဲနှုတ်ဆက်ခြင်းကို ငြင်းပယ်တဲ့ အပြုအမှုဟာ လူကြီးလူကောင်းတွေအတွက် အရိုင်းဆုံးအပြူအမှုဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။

ဝင်းကို ( MM Social Sky )

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...