မူးဝေခြင်းအကြောင်းရင်းများ



မူးနောက်နောက်ဖြစ်နေတာပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်တစ်ခုလုံး ချာချာလည်နေသလိုမျိုးဖြစ်နေတာပဲ ဖြစ်ဖြစ်၊ အန်ချင်လောက်တဲ့အထိ မူးနေတာပဲဖြစ်ဖြစ်၊ ခေါင်းမူးတာဟာ ဘယ်လိုမှ ခံစားလို့မကောင်းတဲ့ အရာပါ။ ခေါင်းမူးခြင်းဖြစ်ရခြင်း အကြောင်းရင်းတွေနဲ့ ကျွန်မတို့ အနေနဲ့ ဘာလုပ်လို့ရနိုင်သလဲဆိုတာ ကြည့်ကြရအောင် -

(၁) သွေးပေါင်ကျခြင်း
ကိုယ်ဟန်အနေအထားကြောင့် သွေးပေါင်ကျခြင်း Postural Hypotensionဟာ ရုတ်တရက်မတ်တပ်ရပ် လိုက်တဲ့အခါ သွေးပေါင်ခဏကျသွားခြင်းကြောင့် ဖြစ်တတ်ပါတယ်။ ထိုအခါ ဦးနှောက်ဆီ သွေးအရောက်လျော့သွားခြင်းကြောင့် ခေါင်းမူးရခြင်း ဖြစ်ပါတယ်။

ဘာလုပ်နိုင်မလဲ ?
မတ်တပ်ရပ်လိုက်တိုင်းလိုလို ခေါင်းမူးတတ်ပါက သွေးပေါင်ချိန်စစ်ကြည့်သင့်ပါတယ်။ သွေးတိုးရောဂါ ဆေးကုသ ခံနေရသူဆိုရင်လည်း ဆေးပမာဏချိန်ဆပေးဖို့လိုကောင်းလိုနေပါလိမ့်မယ်။

(၂) Meriere’s Disease
Meriereရောဂါဆိုတာ နားအတွင်းခန်းရောဂါကြောင့် နားလေထွက်ခြင်းနဲ့ မူးဝေခြင်းကိုဖြစ်စေတဲ့ ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ နားအတွင်းခန်းမှာ အရည်တွေ ပိုလျှံလာပါက ချာချာလည်မူးဝေခြင်းကို ဖြစ်စေတတ်ပါတယ်။ တခြားလက္ခဏာရပ်တွေကတော့ မူးခြင်း၊ ပျို့အန်ခြင်း၊ အကြားအာရုံချို့ယွင်းခြင်း၊ နားအူခြင်းတို့ပဲ ဖြစ်ပါတယ်။ ရောဂါပြင်းထန်မူပမာဏနဲ့ အချိန်ကြာမြင့်မူက လူတစ်ယောက်နဲ့ တစ်ယောက်ပေါ်မူတည်ပြီး ကွာဟတတ်ပေမယ့် အရမ်းမူးဝေခြင်းကြောင့် ထိုင်ချလိုက်ရတဲ့အထိ ဖြစ်တတ်ပါတယ်။

ဘာလုပ်နိုင်မလဲ ?
နားအတွင်းခန်းမှာ အရည်လျှံခြင်းက ပြဿနာဖြစ်တာကြောင့် အဲသလိုမဖြစ်ရအောင် စားတဲ့အစာထဲ ဆားလျှော့စားဖို့၊ ဆီးဆေးသောက်ဖို့ လိုကောင်းလိုနိုင်ပါတယ်။ ဒီလိုနဲ့မှ မရရင် နားထဲက အရည်တွေကို ဆေးရုံမှာ စုပ်ထုတ်လို့လည်း ရပါတယ်။

(၃) ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine)
ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ ခေါင်းကိုက်ခြင်းတစ်မျိုးဖြစ်သလို တစ်ခါတစ်ရံမှာ ခေါင်းမူးခြင်းဖြစ်စေနိုင်တဲ့ အကြောင်းရင်းလည်းဖြစ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းနဲ့ ဆက်စပ်နေတဲ့ ခေါင်းမူးခြင်းဟာ Meriereရောဂါနဲ့ လက္ခဏာအများစု ဆင်တူနေပေမယ့် အကြားအာရုံတော့ လျော့မသွားတတ်ပါဘူး။ ကားမူးခြင်း၊ လေယာဉ်မူးခြင်း၊ သင်္ဘောမူးခြင်းတို့လို မူးဝေခြင်းမျိုးက ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်တွေမှာ ပိုဖြစ်ပေါ်တတ်ပါတယ်။

ဘာလုပ်နိုင်မလဲ ?
ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားနေရသလို ခေါင်းမူးခြင်းလည်းဖြစ်ပေါ်တတ်ပါက ခေါင်းတစ်ခြမ်းကိုက် ကုဆေးဝါးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ ပြကြည့်လိုက်ပါ။

(၄) ရောဂါပိုးဝင်ခြင်း
အဖြစ်အများဆုံးကတော့ Vestibular Neuritis လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့်ပါ။ ရေယုန်ဖြစ်စေတဲ့ ရောဂါပိုးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒီရောဂါပိုးတွေက ဦးနှောက်ရှိ Vestibular နာ့ဗ်ကြောတွေပေါ် နှောင့်ယှက်လိုက်တဲ့အခါ နားတစ်ဖက် ရောင်လာတတ်ကာ သင့်ကိုဟန်ချက်မညီ စေတော့ဘဲ ချာချာလည်မူးဝေစေတတ်ပါတယ်။

(၅) BPPV (Benign Proxysmal Positional Vertigo)
ဒီရောဂါဟာနားအတွင်းခန်းရှိကယ်လ်စီယမ်ကာဗွန်နိတ် ကျောက်တွေ ပြုတ်ထွက်ကာ ရွေ့လျားနေခြင်းကြောင့် ဖြစ်တတ်ပါတယ်။ ခေါင်းဆောင့်မိတဲ့အခါမျိုးမှာ ဖြစ်တတ်ပြီးလှဲလိုက်တဲ့အခါမျိုး၊ ခေါင်းမော့လိုက်တဲ့အခါမျိုးတွေမှာ မူးဝေတတ်ပါတယ်။

ဘာလုပ်နိုင်မလဲ ?
နား၊ နှာခေါင်း၊ လည်ချောင်းအတူးကု ဆရာဝန်ကြီးတွေအနေနဲ့ ကုသပေးနိုင် တာကြောင့် ဆေးရုံသွားပြသင့်ပါတယ်။

 (ဒေါက်တာနုမြတ်)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...