ကျောက်ဖြူတွင် ယာဉ်တိုက်မှု ဖြစ်ပွား၊ ၁၈ ဦး ဒဏ်ရာရ

Wednesday, October 2, 2013

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ဒီနေ့ မနက်စောစောက ယာဉ်တိုက်မှု ၁ ခုဖြစ်ပွားပြီး လူ ၁၈ ဦး ဒဏ်ရာရသွားပါတယ်။

ကျောက်ဖြူနဲ့ ရန်ကုန်ကို ပြေးဆွဲနေတဲ့ မာန်သစ္စာ ခရီးသည်နဲ့ ကုန်တင်ယာဉ် ကား ၁ စီးဟာ ဒီနေ့ မနက် ၅ နာရီခွဲလောက်က ကျောက်ဖြူမြို့အထွက် လေယာဉ်ကွင်းအနီးမှာ ကုက္ကိုပင်နဲ့တိုက်မိပြီး ကားပေါ်ပါလာတဲ့ ခရီးသည်အားလုံးနီးပါး ဒဏ်ရာရခဲ့တာပါ။

ဒဏ်ရာရသူ ၁၈ ဦးကို ကျောက်ဖြူပြည်သူ့ဆေးရုံ ပို့ဆောင်ထားကြောင်း၊ အဲဒီထဲက အသက် ၁၉ နှစ်ရွယ် စပယ်ယာမှာ ဘယ်ဘက် ခြေတဘက် ကားထိုင်ခုံထဲမှာ ညှပ်နေလို့ ၂ နာရီကြာအောင် ဆွဲထုတ်ခဲ့ရတယ်လို့ ဒေသခံ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

ယာဉ်တိုက်မှု ဖြစ်ပွားရခြင်းနဲ့ ပတ်သက်ပြီး ကျောက်ဖြူ မော်တော်ယာဉ်လိုင်းရဲ့ ဂိတ်မှူး တဦးက
“မိုးရွာပြီး လမ်းတအားချောလို့ ဖြစ်တာ။ ကားအရှိန်ကလည်း တအားများလို့ လမ်းအကွေ့မှာ ကွေ့လို့မရဘဲ သစ်ပင်နဲ့ ၀င်ဆောင့်လိုက်တာ” လို့ ပြောပါတယ်။

ယာဉ်ပိုင်ရှင်လည်းဖြစ်၊ ယာဉ်မောင်းလည်းဖြစ်တဲ့ ဦးပိန် အသက် ၃၆ နှစ်ကတော့ လောလောဆယ် ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဂိတ်မှူးက ပြောပါတယ်။

ဒဏ်ရာရသူတွေရဲ့ နောက်ဆက်တွဲအခြေအနေတွေ သိရဖို့အတွက် ကျောက်ဖြူဆေးရုံ တာဝန်ကျဝန်ထမ်းတွေနဲ့ ဒီဗွီဘီက ဆက်သွယ်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

နန်းမြနဒီ (ဒီဗွီဘီ)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...