အို....အိုကြီးအိုမများအတွက် အိုနာဆိုတာ ဒါများလား



အရွယ်တော် တစ်ဆိတ်ဟိုင်းလို့ အရွယ်လွန် မိန်းမသားများ ဟုပဲဆိုဆို၊ သက်ကြီးအမျိုးသမီးများ ဟုပဲပြောပြော၊ သက်ကြီးရွယ်အို အမေ၊ အဒေါ်၊ အဖွားများအတွက် ဒုက္ခပေးနေတာ ညည်းညူသံ ကြားဖူးကြပါလိမ့်မည်။ ဒုက္ခပေးတာ ဘယ်လိုမျိုးလဲဆိုတော့ ဆီးမထိန်းနိုင်တာပါပဲ။ ချောင်းဆိုးတဲ့ အခါမှာပဲဖြစ်ဖြစ်၊ နှာချေတဲ့အခါမှာပဲဖြစ်ဖြစ် ဆီးလွတ်သွားတာဖြစ်ပါတယ်။ အိမ်မှာနေရင်လည်း ဒုက္ခရောက်တယ်။ သာရေး နာရေး လူမူရေးကိစ္စ အပြင်ထွက်ရင်လည်း အရှက်ကွဲရတယ်လို့ ဆိုပါတယ်။ တရားစခန်းဝင်ချင်တာလည်း ဆီးမထိန်းနိုင်လို့ ရိပ်သာမသွားရဲဘူတဲ့။ အဲဒီဆီးမထိန်းနိုင်တဲ့ ပြဿနာရဲ့ အဓိကအကြောင်းရင်းတွေက ဘာကြောင့်များပါလိမ့်။ ဆီးမထိန်းနိုင်တဲ့ ပြဿနာကို ခွဲခြားကြည့်မယ်ဆိုရင် အဓိကအားဖြင့် (၂)မျိုးရှိပါတယ်။ ပထမတစ်မျိုးက နောက်ခံတခြားအကြောင်း တွေကြောင့် ဒုတိယအဆင့်အနေနဲ့ ဆီးမထိန်းနိုင်တာ။ ဒုတိယတစ်မျိုးကတော့ သူ့မူရင်းကိုက သီးသန့် ဆီးမထိန်းနိုင်တဲ့ရောဂါပါ။ ပထမတစ်မျိုးကို အကျယ်တ၀င့်ရှင်းပြရရင် -

(၁) Vesico-Vaginal fistula လို့ခေါ်တဲ့ ဆီးအိမ်နဲ့ မိန်းမကိုယ်နဲ့ တွဲနေတဲ့ပြွန်လေး ရှိနေတာကြောင့် တစ်ချိန်လုံးဆီးထွက်ကျနေတာ။ တောက်လျှောက်ယိုစီးနေပြီး ထိန်းလို့မရတာဖြစ်ပါတယ်။

(၂) ဦးနှောက်မှာ ဒဏ်ရာရတယ်။ ကျောရိုးမှာ ထိခိုက်ဒဏ်ရာရတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဦးနှောက်ရဲ့ ဆီးသွားခြင်းကို ထိန်းချုပ်တဲ့ အစိတ်အပိုင်း ထိခိုက်ပျက်စီးသွားတယ်ဆိုရင် ဆီးမထိန်းနိုင်တော့ပါဘူး။ ဥပမာအားဖြင့် လေဖြတ်သွားတယ်။ ဦးနှောက်သွေးကြောပိတ်တယ်ဆိုရင် ဆိးတို့ဝမ်းတို့ မထိန်းနိုင်တော့ပါဘူး။

(၃) ဆီးအိမ်ရောင်တဲ့အခါမှာ သာမိုစတက်လိုမျိုးသဘောနဲ့ လွယ်လွယ်နဲ့ ဆီးသွားချင်တယ်။ ပြေးနိုင်ရင်ပြေး၊ မပြေးနိုင်ရင် ထွက်ကျတတ်ပါတယ်။

(၄) ကိုယ်ဝန်ဆောင်နေတုန်းအချိန်မှာ ဟော်မုန်းဓာတ်နဲ့ ခန္ဓာကိုယ်အနေအထား ပြောင်းလဲမူကြောင့် ယာယီဆီးမထိန်းနိုင်တာဖြစ်ပါတယ်။

ဒုတိယတစ်မျိုးကတော့ ဆီးအိမ်နဲ့ မိန်းမကိုယ်နဲ့တွဲနေတဲ့ ပြွန်လေးလည်းမရှိဘဲနဲ့၊ ဦးနှောက်နဲ့ အာရုံကြောမကြီးတွေမှာ ဘာပြဿနာမှမရှိဘဲနဲ့၊ ဆီးအိမ်ရောင်တဲ့ပြဿနာ၊ ကိုယ်ဝန်ပြဿနာလည်း မရှိဘဲနဲ့ သီးသန့်ကိုပဲ သူ့မူရင်းကိုက ဆီးမထိန်းနိုင်တဲ့ရောဂါ ဖြစ်တာရှိပါတယ်။ အဲဒီရောဂါ ဟုတ်မဟုတ်ဆန်းစစ်တဲ့အခါမှာရော၊ ကုသတဲ့နေရာမှာပါတော်တော်လေး ပြဿနာပေါ်ပါတယ်။ အခုဖွံ့ဖြိုးနေတဲ့နိုင်ငံနဲ့ အနောက်နိုင်ငံတွေမှာ ဒီရောဂါ ရှာဖွေဆန်းစစ်တဲ့အပိုင်းက တော်တော်တိုးတက်နေပါပြီ။ ဆီးအိမ်အတွင်းမှာ ဖိအား(Pressuse) ဘယ်လောက်ရှိသလဲ၊ ဆီးသွားနေစဉ်မှာ ဘယ်လို ထိန်းချုပ်တဲ့ ဆောင်ရွက်မူရှိသလဲ၊ ဒါတွေကို တိုင်းတာဆန်းစစ်နိုင်ပါတယ်။ ဆီးသွားနေစဉ်မှာ Micturation Cystogram နဲ့ ဗွီဒီယိုရိုက်သလိုမျိုး စီးရီးအလိုက်ဓာတ်ပုံရိုက်ပြီး ဘယ်လောက်အထိ ထိန်းချုပ်နိုင်တယ်၊ ဘယ်နေရာဖြင့် ပျက်စီးနေတယ်ဆိုတာကို လေ့လာပါတယ်။ အဲဒီစက်မျိုးတွေဟာ ဖွံ့ဖြိုးနိုင်ငံတွေဖြစ်ကြတဲ့ အမေရိကန်၊ အင်္ဂလန်၊ ဆွတ်ဇာလန်နိုင်ငံတွေမှာတောင် ဆေးရုံကြီးတိုင်းမှာ မရှိသေးပါဘူး။ သိပ်ကိုခက်ခဲပါတယ်။ ကျွန်မတို့နိုင်ငံမှာ ဘယ်လောက်ထိ လုပ်ပေးနိုင်သလဲဆိုရင် ဆီးအိမ်ကဖိအားကို တိုင်းနိုင်တယ်။ ကျောက်ကပ်တစ်ခုက တစ်မိနစ်အတွင်း ဆီးဘယ်လောက်ထွက်သလဲဆိုတာ တိုင်းတာနိုင်ပါတယ်။ Urethra လို့ခေါ်တဲ့ ဆီးလမ်းကြောင်းမှာ ထိပ်ပိုင်းကနေဘယ်လောက်ထိန်းနိုင်သလဲ၊ အလယ်ပိုင်းကနေဘယ်လောက်ထိထိန်းနိုင်သလဲ။ ဆီးအိမ်ရဲ့အညှာလည်ပင်း (Bladder Neck)ကနေ ဘယ်လောက်ထိန်းနိုင်သလဲ ဒီလောက်အထိ တိုင်းတာ ဆန်းစစ်ပေးနိုင်ပါတယ်။

ခုနကပြောခဲ့သလို ဆီးမထိန်းနိုင်တဲ့ လူနာတွေ ဆီးမထိန်းနိုင်တာအတွက် မြန်မာပြည်မှာပဲ ကုသလို့ရပါသလား။ ဒါမှမဟုတ် နိုင်ငံခြားသွားရောက်ကုသဖို့ လိုအပ်သလားဆိုတဲ့ မေးခွန်းကို မကြာမခဏအဖြေပေးရတတ်ပါတယ်။

ဆီးမထိန်းနိုင်ခြင်းအတွက် အထူးစက်ကိရိယာတွေနဲ့ အထူးစမ်းသပ်စစ်ဆေးမူပြုလုပ်ပြီး ကုသမှသာ ရာနူန်းပြည့်နီးပါး အောင်မြင်နိုင်စရာရှိပါတယ်။ ဒါပေမယ့် ဒီပြဿနာဖြစ်တဲ့ လူနာတိုင်း ပြည်ပသွားကုမှပဲ
ပျောက်ကင်းမှာလားဆိုတော့ ဒီလိုတော့လည်းမဟုတ်ပါဘူး။ အတွေ့အကြုံရှိတဲ့ သားဖွားမီးယပ် အထူးကုနဲ့ ဆီးနဲ့ကျောက်ကပ်ပါရဂူတို့ ပူးပေါင်းပြီး ခွဲစိတ်ကုသလိုက်ရင် (၅၀)ရာခိုင်နူန်း လွယ်လွယ်လေးနဲ့ ပျောက်ပါတယ်။ အတွေ့အကြုံရှိတဲ့သူဖြစ်တဲ့အပြင် စိတ်ရှည်ပြီး ကုသတဲ့နည်းလမ်း ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးများက ကုသပေးတာဆိုရင်တော့ (၇၅)ရာခိုင်နူန်းလောက် ကျွန်မတို့နိုင်ငံမှာ ပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်။ ဆီးမထိန်းနိုင်ခြင်းပြဿနာဟာ ဆိုးဆိုးရွာရွားကြီးမဟုတ်ဘဲ အသက်သာဆုံးအဆင့်နဲ့ အလယ်အလတ်အဆင့်တို့ဆိုရင် ရာနူန်းပြည့်နီးပါး ခွဲစိတ်အောင်မြင်နိုင်ပါတယ်။

ဒီလို ဆီးမထိန်းနိုင်တာဟာ ယာယီဖြစ်ချင်ဖြစ်မယ်၊ ကိုယ်အလေးချိန်လျှော့ဖို့လိုချင်လိုမယ်၊ ချောင်းဆိုးတာကုဖို့လိုချင်လိုမယ်၊ ဒါမှမဟုတ် ကျွမ်းကျင်တဲ့ပါရဂူများနဲ့ ခွဲစိတ်ကုသဖို့လိုချင်လို တတ်ပါတယ်။ ဒါကြောင့်မို့ နေ့စဉ်နဲ့အမျှခံစားနေရတဲ့ ဒီဝေဒနာဒုက္ခကို လွယ်မထားဘဲနဲ့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံ စောစောစီးစီးပြသပြီး လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမူ ခံယူသင့်ပါတယ်။

နောက်ထပ် အသက်လေးဆယ်ကျော် အများအားဖြင့် ငါးဆယ်ကျော် အမျိုးသမီးများအကြားမှာ ကြားရတတ်တဲ့ ကျန်းမာရေးပြဿနာ တစ်ခုကတော့ ဘုရားလည်းကြာကြာရှိခိုးလို့မရ၊ တရားလည်းကြာကြာထိုင်မရနဲ့ ဒုက္ခရောက်နေရပါတယ်၊ အထိုင်များရင်ခါးနာပြီး တင်းကျပ်ကျပ်၊ တစ်ဆို့ဆို့ကြီးဖြစ်လာတယ်၊ အရိအရွဲတွေလည်း ထမီမှာရွှဲနစ်နေတော့တာပဲ၊ တစ်ခါတစ်လေဆို အောက်ပိုင်းက နာပြီးစပ်နေတယ်။ အဲဒါဘာကြောင့်ပါလဲတဲ့။ တကယ်တော့ အဲဒီဝေဒနာဟာ “သားအိမ်ကျတဲ့ရောဂါ” ဖြစ်နိုင်ပါတယ်။ အဲဒီလူနာမှာ သားသမီးများများမွေးခဲ့လို့ဖြစ်စေ၊ ကလေးမီးဖွားရာမှာ အပြင်လက်သည်တွေနဲ့ ကြုံသလိုမွေးရင်း ဗိုက်ပေါ်ကနေ-ကလေးကို အတင်းတွန်းချလို့ဖြစ်စေ၊ နောက်တစ်ခုဖြစ်နိုင်တာက အသက်ကြီးလာတဲ့အခါမှာ အီစထရိုဂျင် (Oertrogen) ဟော်မုန်းဓာတ်ထုတ်တာနည်းသွားပြီး သားအိမ်ကို ၀ိုင်းဝန်းမတင်ထားတဲ့၊ ဆိုင်းထားပေးကြတဲ့ အရွတ်တို့အကြောတို့၊ ကြွက်သားတို့ အားနည်းသွားလို့ဖြစ်စေ-သားအိမ်ဟာ သူရှိသင့်တဲ့ နေရာမှာမရှိဘဲ အောက်ကိုလျှောကျနေတော့တာ။ အဲဒီလို သားအိမ်လျှောကျနေတော့ သားအိမ်ခေါင်းက အပြင်သို့ ထွက်လာပါတယ်။ အဲဒီတော့ သားအိမ်နဲ့ တစ်နွယ်ငင်တစ်စင်ပါဆိုသလို ဆက်နွယ်နေကြတဲ့ အရွတ်တွေ အကြောတွေကိုပါ သားအိမ်နဲ့အတူ အောက်ကိုဆွဲချသလို ဖြစ်လာတော့တာပေါ့။ အောက်ကိုဆွဲတဲ့ အခါကျတော့ အဲဒီအင်္ဂါအစိတ်အပိုင်းဟာ အာရုံကြောနဲ့ ဆက်စပ်နေတာကြောင့် အမြဲတမ်းခါးနာနေတတ်တယ်။ တင်းကျပ်ကျပ် တစ်ဆို့ဆို့ဖြစ်နေတတ်ပါတယ်။

အရွယ်လွန်အသက်ကြီးအမျိုးသမီးများမှာ တွေ့ကြုံရတတ်တဲ့ မီးယပ်ရောဂါ ဝေဒနာတစ်မျိုးကိုလည်း ပြောပြချင်ပါသေးတယ်။ ဒါကတော့ အပျိုကြီးတွေမျာ အဖြစ်များတတ်တာပါ။ လူနာကညည်းညူတတ်တဲ့ အသံလေးကို ကြားဖူးအောင် နားထောင်ကြည့်ကြစို့လားရှင်။ “ဆရာမရေ ကျွန်မကလေ အသက်(၄၀)ပြည့်ပြီးပေမယ့် အိမ်ထောင်မပြုဘဲ မိဘနှစ်ပါးကို လုပ်ကျွေးနေတဲ့ အပျိုကြီးတစ်ဦးပါရှင့်။ ကျွန်မဟာ အရင်တုန်းက ဓမ္မတာသွေးပေါ်တာ မှန်မှန်ပါပဲ။ ဘာပြဿနာမှ မရှိပေမယ့် အခု ဓမ္မတာသွေးပေါ်ရင် တအားကိုက်ခဲပြီးနာကျင်လို့ ရေနွေးပုလင်းကပ်ရပါတယ်။ ဗိုက်ထဲက တင်းကျပ်ကျပ်ကြီးလိုခံစားရပြီး ချက်အောက်ဖက်မှာ အလုံးလေးစမ်းမိသလိုပါပဲ။ အဲဒါဘာဖြစ်နိုင်သလဲဟင်။ ကျွန်မ ဘာလုပ်ရမလဲ ဆရာမရယ်။ အကြံဉာဏ်ပေးပါဦးရှင့်တဲ့။

အဲ့ဒါဆိုရင်တော့ ဖြစ်နိုင်တာက “အပျိုကြီးအလုံး”လို့ ကျီစယ်ပြောကြတဲ့ “Myoma” လို့ ခေါ်တဲ့ အသားလုံး ဖြစ်ဖို့ များပါတယ်။ ကင်ဆာမဟုတ်တဲ့ ရိုးရိုးအလုံး (Benign Tumor) ဖြစ်ပါတယ်။ များသောအားဖြင့် အိမ်ထောင်သားမွေးမပြုဘဲနေတဲ့ အပျိုကြီးတွေမှာ အဖြစ်များပါတယ်။ အသက်(၄၀)နှစ်နဲ့အထက်မှာ အဖြစ်များဆုံးရောဂါပါ။ တချို့အိမ်ထောင်သည် အမျိုးသမီးတွေမှာလည်း ကလေး(၁)ယောက်၊ (၂)ယောက်စသဖြင့် ကလေးနည်းတဲ့သူ၊ နောက်ဆုံးကလေးရပြီး (၈)နှစ် (၉)နှစ် (၁၀)နှစ်စသည်ဖြင့် ကလေးမမွေးတာ ကြာပြီဖြစ်တဲ့ အိမ်ရှင်မတွေမျာလည်း ဖြစ်တတ်ပါတယ်။ လူနာတွေ သတိထားမိနိုင်တဲ့ လက္ခဏာတွေကတော့ ဆီးစပ်မှာ၊ ၀မ်းဗိုက်အောက်ပိုင်းမှာ အလုံးကို စမ်းမိတတ်ပါတယ်။ ပြီးတော့ အလုံးရှိတဲ့ အနေအထားပေါ်မူတည်ပြီး ဓမ္မတာသွေးဖောက်ပြန်မူတွေ ဖြစ်လာတော့တာပါပဲ။ တစ်လတစ်ခါပေါ်ရမယ့် အစား (၂)ခါ (၃)ခါပေါ်တာ ရှိတယ်။ ဒီလိုမှမဟုတ်ရင် တစ်လမှ တစ်ခါပဲ ပေါ်ပေမယ့် အခါတိုင်း တစ်လ (၃)ရက်ပေါ်နေကျ ကနေ (၁၀)ရက် (၁၅)ရက်အထိ များသွားတတ်ပါတယ်။ အချို့ကျပြန်တော့လည်း ဓမ္မတာသွေးလာတာ မှန်နေပေမယ့် အရင်က ကိုက်ခဲနာကျင်မူမရှိဘဲ ဒီအလုံးရှိလာတဲ့အတွက် ဓမ္မတာသွေးပေါ်တဲ့အခါ နာကျင်ကိုက်ခဲလာပါတယ်။ ဒီအလုံးတွေဟာ ကင်ဆာရောဂါမဟုတ်လို့ အသက်သေလောက်အောင်ထိ အန္တရာယ်မကြီးမားပေမယ့် ဆိုးကျိုးတွေကတော့ အများကြီးပေးနိုင်တာမို့ မပေါ့ဆသင့်ပါဘူး။ ပြီးတော့ ဒီအလုံးတွေဟာ ဆေးထိုးဆေးစားဆေးသောက်နေရုံနဲ့ ပျောက်ကင်းသွားမှာမဟုတ်ဘဲ ခွဲစိတ်ကုသဖို့ အမှန်တကယ်လိုအပ်ပါတယ်။ အလုံးကိုသေချာအောင် စမ်းသပ်စစ်ဆေးပြီး T.V ဓာတ်မှန်လို့ခေါ်တဲ့ Ultrasound ရိုက်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နီးစပ်ရာသားဖွားမီးယပ်ဆရာဝန်တွေဆီ အမြန်ဆုံး သွားရောက်ပြသစေချင်ပါတယ်ရှင်။

အဲဒီလိုမျိုး လူနာအများစုဟာ သားအိမ်မှာ အသားလုံးရှိလို့ သားအိမ်ထုတ်ပစ်ကြတာများပါတယ်။ ဒါပေမယ့် ကလေးတစ်ယောက်ပဲရှိသေးတာမို့ နောက်ထပ် သာသမီးလိုချင်ပါသေးတယ် ဆိုရင်တော့ များသောအားဖြင့် ဒီလိုအသားလုံးဖြစ်တဲ့ လူနာတော်တော်များများမှာ သားအိမ်တစ်ခုလုံး ထုတ်ပစ်စရာ မလိုအပ်ပါဘူး။ လူနာရဲ့အနေအထားပေါ်မူတည်ပြီး စဉ်းစားစရာတွေရှိပါတယ်။ လိုချင်တဲ့သာသမီး အရေအတွက်လည်း ပြည့်စုံပြီ၊ အသက်လေးဆယ်ကျော်၊ သွေးဆုံးခါနီးပြီ၊ ဒါမှမဟုတ် သွေးဆုံးပြီးပြီ၊ အဲဒီလိုအနေအထားရှိတဲ့ လူနာရဲ့သားအိမ်မှာ အသားလုံးတွေ့ရင် အလုံးရောသားအိမ်ရော အားလုံးထုတ်ပစ်လိုက်တာပါပဲ။ ဒါပေမယ့် အသက်ငယ်သေးတယ်၊ အိမ်ထောင်သားမွေး ဖြစ်သေးတဲ့အရွယ်မျိုး၊ နောက်ထပ် သားသမီးလိုချင်သေးတဲ့ အိမ်ရှင်မမျိုး၊ မိမိဆန္ဒအလျောက် သားအိမ်ချန်ချင်တဲ့လူနာမျိုး သူတို့အတွက် သားအိမ်ကအသားလုံးကိုပဲ ထွင်းထုတ်ပြီး သားအိမ်ကို ချန်ထားပေးတတ်ပါတယ်။ ဆရာဝန်ကို မိမိဖြစ်ချင်တဲ့ ဆန္ဒ ပွင့်ပွင့်လင်းလင်းတင်ပြပြီး တိုင်ပင် ဆွေးနွေးနိုင်ပါတယ်။

နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။

ဒေါက်တာနိုက်တင်ဂေးလ် (HEALTH CARE JOURNAL)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...