စိတ်ဖိစီးမှု နှင့် ဆေးလိပ်ကြောင့် နှလုံးသွေးကြောကျဉ်း ရောဂါ ၅၀ ရာခိုင်နှုန်း အထက် ဖြစ်ပွားလျက်ရှိ




မြန်မာနိုင်ငံတွင် စိတ်ဖိစီးမှု အပါအဝင် ဆေးလိပ် အလွန်အကျွံ သောက်သုံးမှု များကြောင့် အရွယ်မျိုးစုံ အတွင်း နှလုံး သွေးကြောကျဉ်း ရောဂါ ၅ဝ ရာခိုင်နှုန်း အထက် ဖြစ်ပွား နေကြောင်း အာရှတော်ဝင် မှ အထူးကု ဆရာဝန် တစ်ဦး၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ဖြစ်ပွားမှု များတွင် လူငယ်များ အကြား ယခုနှစ် နောက်ပိုင်း ကာလများ၌ ပိုမိုတွေ့မြင် နေ ရကြောင်း ၊ ဆေးရုံသို့ ရောဂါ အမျိုးမျိုးကြောင့် လာရောက် ကုသမှု ခံယူသူများ အနက် ၃ဝ ရာခိုင်နှုန်း သည် နှလုံးရောဂါ ဖြစ်ပွား နေကြောင်း ၊ ကျန်းမာရေး စစ်ဆေးချက် များတွင် စိတ်ဖိစီးမှု နှင့် ဆေးလိပ် အလွန်အကျွံ သောက်ခြင်းများ ကြောင့် ဖြစ်ရကြောင်း သိရသည်။

'' မြန်မာနိုင်ငံမှာ ဖြစ်ပွားမှု အတိအကျ မသိနိုင်သေးဘူး ၊ သူများနိုင်ငံ တွေမှာ ဖြစ်ပွားမှုနှုန်း မြင့်လာတယ် ၊ အခု နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ စပြီး ဖြစ်ပွား လာတာ မြင်နေရတယ် ... .. " ဟု ၄င်းက ဆက် လက် ပြောကြားခဲ့သည်။

အဆိုပါ ရောဂါဖြစ်ပွား ပါက ဆေးဝါးများဖြင့် ကုသခြင်း ၊ ခွဲစိတ်ကုသ ခြင်းနှင့် နှလုံးသွေးကြော ချဲ့၍ သွေးကြောထောက် ကိရိယာများဖြင့် ကုသ နိုင်ကြောင်း ၊ နှလုံး သွေးကြောကျဉ်း ရောဂါကို အသက် ၂ဝ မှ ၂၅ နှစ် အရွယ်တွင် ဖြစ်ပွားမှု ပိုများကြောင်း ၊ နှလုံး သွေးကြောကျဉ်း ရောဂါသည် နှလုံးသွေးကြော နံရံများတွင် အဆီများစုပုံ လာရာမှ သွေးကြော နံရံများ ထူလာပြီး သွေးစီး လမ်းကြောင်း ကျဉ်းသွားခြင်း သို့မဟုတ် လုံးဝ ပိတ်သွားခြင်းများ ဖြစ်စေနိုင်ကြောင်း သိရသည်။

ယခင်က အဆိုပါ ရောဂါကို အသက် ၅ဝ အရွယ် ပတ်ဝန်းကျင် များတွင်သာ မြင်ရပြီး ယခု နောက်ပိုင်း တွင် ဆေးလိပ် အလွန်အကျွံ သောက်သုံးသူ များကြောင့် လူငယ်လူရွယ် များတွင် ပိုမိုဖြစ်ပွား လာကြောင်း ယင်းအတွက် အသက် ငယ်ရွယ်သူများ ဆေးလိပ် သောက်သုံးမှုအား အကန့်အသတ် ဖြင့် ဆောင်ရွက် သင့်ကြောင်း သိရှိရသည်။

The Myawady Daily
ရန်ကုန် ၊ ၂-၁၀-၂၀၁၃ 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...