ကျောက်ကပ် အလှူရှင်များရဲ့ ကျောက်ကပ်လှူပြီးချိန် ကျန်းမာရေး


Health Updates Journal No. 87

ကျောက်ကပ် အလှူရှင်များဟာ ကျောက်ကပ်လှူဖို့အရေး ခွဲစိတ်မှုတွေ မလုပ်ခင်နဲ့ လုပ်အပြီးမှာသာ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ခံစားရပြီး နောက်ဆက်တွဲ ကျန်းမာရေးကိုလည်း အာရုံစိုက်ပေးဖို့ လိုပါတယ်။

ကျောက်ကပ် အစားထိုးခြင်း တွေရဲ့ သုံးပုံတစ်ပုံလောက်ကို အမေရိကန်နိုင်ငံမှာ ပြုလုပ်ကြပါတယ်။ ဒါ့အပြင်ကျောက်ကပ်တွေဟာ သက် ရှိအလှူရှင်တွေဆီကနေ ရယူအစားထိုးတာပါ။ သုတေသနပြုချက်တွေအရတော့ ဒီအလှူရှင်တွေမှာ ကျန်းမာရေးထိခိုက်နိုင်မှု နည်းပါးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီအချက်ကို မှန်မမှန်ကို အခုဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ဒီလေ့လာမှုကို Cleveland Clinic မှ သုတေသီ Dr.Jesse Schold နဲ့အဖွဲ့က ဦးဆောင်ပြုလုပ်ထားတာဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ၁၉၉၈ခုနှစ်မှ ၂၀၁၀ခုနှစ်အတွင်း ကျောက်ကပ်အစားထိုးမှု ဆောင်ရွက်ခဲ့တဲ့ ကျောက်ကပ်အလှူရှင် ၆၉၀၀၀ ကျော်ရဲ့ ကျန်းမာရေးကို လေ့လာခဲ့တာဖြစ်ပါတယ်။

၁၉၉၈ခုနှစ်မှာ နောက်ဆက်တွဲပြဿနာ ၁၀%ရှိနေရာကနေ ၂၀၁၀ခုနှစ်မှာတော့ ၇.၆%အထိ ကျဆင်းသွားပါတယ်။ ဆေးရုံမှာနေရချိန်ကလည်း ပျမ်းမျှ ၃.၇ရက်ကနေ ၂.၅ရက်အထိကျသွားပါတယ်။ ဒီအချက်ဟာ အခြားဝမ်းဗိုက်ခွဲစိတ်ရမှုတွေနဲ့ မတူညီဘဲ ကျောက်ကပ်ခွဲစိတ် အစားထိုးခြင်းရဲ့ အားသာချက်တစ်ခု ဖြစ်လာပါတယ်။

ဒါပေမယ့် ကာလကြာရှည်မှဖြစ်တဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ စိတ်ကျခြင်း၊ သိုင်းရွိုက်အကျိတ်ကြီးခြင်း၊သွေးတိုးခြင်းနဲ့ အ၀လွန်ခြင်းတွေနဲ့ ဆက်စပ်နေမှုရှိမရှိကိုတော့ လေ့လာခဲ့ရာမှာ ကျောက်ကပ်အလှူ ရှင်တွေမှာ အဲဒီပြဿနာတွေနဲ့ ဆက်စပ်မှုရှိနေတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ရရှိထားတဲ့ အချက်တွေအရ သေချာဖြစ်နိုင်တယ်လို့ မပြောနိုင်သေးပေမယ့် ဆက်စပ်မှု ရှိနေတယ်ဆိုတာတော့ ဖော်ပြခဲ့ပါ တယ်။ ဒါကြောင့် ခွဲစိတ်ပြီး အချိန် ကာလအတန်ကြာမှာ ဖြစ်ပွားနိုင်တဲ့ ရောဂါတွေကိုလည်း လေ့လာသုတေသနပြုသင့်ကြောင်း Dr.Jesse Schold က အကြံပေးထားပါတယ်။ ဒါမှသာ ကျောက်ကပ် အလှူရှင်တွေ အပေါ်လည်း ဆေးပညာကျင့်ဝတ်နဲ့ အညီ ဆွေးနွေးပညာပေးမှုတွေ ပြု လုပ်ရာမှာ ယခင်ကထက် ပိုမိုအောင်မြင်နိုင်မယ်လို့ ယင်းကသုံးသပ်ထားပါတယ်။

ဒီလေ့လာမှုကို Journal of American Society of Nephrology မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ငြိမ်းအေး
ref: Eurekalert

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...