ဆယ်ကျော်သက်အချစ်ဇာတ်လမ်းတွေကို ဖိနှိပ်တားမြစ်နိုင်ဖို့ တရုတ်စာသင်ကျောင်းတွေ ကြိုးပမ်း



တရုတ်နိုင်ငံရှိ အလယ်တန်းကျောင်းအတော်များများက ဆယ်ကျော်သက် ကျောင်းသားတွေရဲ့ အချစ် ဇာတ်လမ်းတွေကို တားမြစ်နိုင်ဖို့ စီစဉ်ဖန်တီးထားတဲ့ ကျောင်းစည်းကမ်းအသစ်တွေကို မကြာသေးမီ ရက်သတ္တပတ်တွေအတွင်းကမှ စတင်ကျင့်သုံးနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ လူမှုရေးမီဒီယာတွေနဲ့ ကျောင်းရဲ့ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွေမှာတော့ ၎င်းစည်းကမ်းချက်တွေကို အထင်သေးအမြင်သေး ဝေဖန်မှုတွေနဲ့ အမျက်ထွက်မှုတွေရှိလာခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံရဲ့ ကျော်ကြားတဲ့ ဟန်ကျိုးမြို့တော်က အလယ်တန်းကျောင်းတစ်ခုမှာ ကျောင်းသား၊ ကျောင်းသူတွေကို အရေးတကြီးညွှန်ကြားချက်အသစ်တစ်ခု ထုတ်ပြန်ထာပါတယ်။

၎င်းစည်းကမ်းအရ ယောက်ျားလေးနဲ့ မိန်းကလေးတွေဟာ အချင်းချင်းတွေ့ဆုံမိသောအခါတိုင်း အနည်းဆုံး မီတာဝက် (၁.၆၄ ပေ) အကွာမှာ နေရမှာဖြစ်ပြီး ကျောင်းပရဝဏ်ထဲမှာ အတူယှဉ်တွဲသွား လာဖို့လည်း ခွင့်မပြုတော့ပါဘူး။

ရှီကျန်းပြည်နယ် ဝမ်ကျိုးမြို့က အခြားကျောင်းတစ်ခုမှာလည်း ယောက်ျားလေးချင်းဖြစ်စေ မိန်းကလေး ချင်းဖြစ်စေ၊ မိန်းကလေးနဲ့ ယောက်ျားလေးဖြစ်စေ 'အနေနီးကပ်စွာ ပေါင်းသင်းဆက်ဆံမှု' ကို တားမြစ် ထားပါတယ်။ ဘယ်လိုအခြေအနေမျိုးကို 'အနေနီးကပ်စွာ ပေါင်းသင်းဆက်ဆံမှု' အဖြစ် သတ်မှတ် သလဲဆိုတာကိုတော့ အတိအကျပြောကြားထားခြင်းမရှိဘူးလို့ သိရပါတယ်။

၎င်းစည်းကမ်းချိုးဖောက်သူတွေကို ကျောင်းစည်းကမ်းအရ ပြင်းပြင်းထန်ထန် အရေးယူမှာဖြစ်တယ်လို့ လည်း ဝမ်ကျိုးမြို့က ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူတွေက ခြိမ်ခြောက်ထားပါတယ်။

အလယ်တန်းကျောင်းတက်ရောက်သူ ကျောင်းသားတွေဟာ အသက် ၁၁ နှစ်သာရှိကြသေးတာဖြစ်ပြီး ၎င်းတို့ဟာ ကြီးကောင်ဝင်ခါနီးအရွယ်တွေဖြစ်ကြတဲ့အတွက် ဟော်မုန်းဓာတ်အပြောင်းအလဲတွေများ တဲ့ အရွယ်ဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းတို့ရဲ့အချစ်ဇာတ်လမ်းပြဿနာဟာ ကျောင်းအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ မိဘတွေအကြား အဖြစ်များလာခဲ့သလို ကလေးတွေရဲ့ ပညာရေးလမ်းကြောင်းကို ထိခိုက်မှုရှိလာမှာကို စိုးရိမ်ပူပန်လာခဲ့ ကြပါတယ်။

သည်လိုအကြောင်းတွေကြောင့်ပဲ လူငယ်တွေရဲ့ချစ်မှုရေးရာတွေ ဖြစ်မလာရအောင် တင်းကျပ်တဲ့ စည်းကမ်းသစ်တွေနဲ့ ဖိနှိပ်တားမြစ်ဖို့ လုပ်ဆောင်လာခဲ့ကြတာဖြစ်ပါတယ်။

ဆယ်ကျော်သက်တွေရဲ့ အချစ်ရေးကိစ္စတွေကို မဖြစ်သင့်တဲ့ အရာတစ်ခုအဖြစ် တရုတ်လူမျိုးတွေက ယူဆလေ့ရှိပြီး ကျောင်းနဲ့ ပညာရေးအာဏာပိုင်တွေက သည်ကိစ္စရဲ့မလိုလားအပ်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ထောက်ပြရင်းလူငယ်ကျောင်းသားတွေကို တရစပ်ထိုးနှက်လာကြပါတယ်။

ဆန့်ကျင်ဘက်လိင်တစ်ဦးဦးက ချဉ်းကပ်လာတဲ့အခါဘယ်လို ရှောင်ရှားရမလဲဆိုတာနဲ့ စာသင်ကြား ရေးမှာပဲ အာရုံစူးစိုက်ဖို့ အဓိကထားဖော်ပြတဲ့ ဝက်ဘ်ဆိုက်တွေရှိလာသလို တရုတ်နိုင်ငံက ကျောင်းအ ချို့မှာလည်း လိင်ပညာပေးသင်တန်းတွေ ဟောပြောပို့ချပေးလျက်ရှိပါတယ်။

ကျောင်းသားအရွယ်ဟာ ပညာသင်ယူဖို့ကနေ လမ်းမလွဲသင့်ဘဲ အနာဂတ်အတွက် အခြေခိုင်စေဖို့ စာလေ့လာမှုသာ အာရုံစူးစိုက်ရမှာ ဖြစ်တယ်လို့ဆရာတွေနဲ့ မိဘတွေက ယုံကြည်လက်ခံထားကြတဲ့ အတွက် အခုလိုကျောင်းအများစုက စည်းကမ်းချက်နဲ့ ထိန်းချုပ်ဖို့စီစဉ်ခဲ့ကြတာပါ။

ဒါပေမဲ့ သည်စည်းကမ်းတွေကို ဝေဘိုဘလော့ဂ်တွေမှာ တင်လိုက်တာနဲ့ တရုတ်အင်တာနက် အသုံး ပြုသူတွေရဲ့ အမျက်ထွက်နေတဲ့ ဝေဖန်စာတွေ တစ်သီတစ်တန်းကြီး ထွက်ပေါ်လာခဲ့ပါတယ်။

၎င်းစည်းကမ်းတွေဟာ သဘာဝမကျ ရယ်စရာကောင်းပြီး ဥပဒေနဲ့မညီတဲ့အပြင် အစွန်းရောက်ပြီး ဖိနှိပ်တဲ့ နည်းလမ်းတွေဖြစ်ကြောင်း ဝေဖန်ခဲ့ကြပါတယ်။

'အချစ်ဇာတ်လမ်းရှိနေတာက ပညာရေးကို မထိခိုက်သေးသရွေ့တော့ အမှားတစ်ခုလို့ မဆိုနိုင်ပါဘူး' လို့ ဘေဂျင်းမှကျောင်းသားတစ်ဦးက ဆိုပါတယ်။

နန်ကျင်း တက္ကသိုလ်မှ ပါမောက္ခ ကျန်းယုလင်ကလည်း 'ကျောင်းတွေက ကျောင်းသားတွေကို အကျဉ်းသားတွေလို ဆက်ဆံနေကြပြီးဒါကို လူတွေကလက်သင့်မခံနိုင်ကြတာပါ' လို့ပြောပါတယ်။

ဒါပေမယ့် ကျောင်းတွေအနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေအပေါ် ပိုထိန်းချုပ်နိုင်မယ့် အစီအစဉ် တွေထားရှိသင့်တယ်ဆိုတာကိုတော့ ပါမောက္ခကျန်းက သဘောတူထောက်ခံခဲ့ပါတယ်။

သည်စည်းကမ်းချက်တွေက အချစ်ဇာတ်လမ်းတွေကို တားမြစ်ထားနိုင်မလား (ဒါမှမဟုတ်) ကျောင်း သားတွေကို စည်းကမ်းချိုးဖောက်ပြီး အချစ်ရှာဖွေလာအောင် အားပေးသလိုဖြစ်မလားဆိုတာကို သတိ ပေးစောင့်ကြည့်သူတွေအများအပြား ရှိနေပါလိမ့်မယ်။

[ref; BBC, Oct 6, 2013.]

မော်ဒန်သတင်းဂျာနယ်
အမှတ် ၃၇၈၊ အောက်တိုဘာ ၁၁၊ ၂၀၁၃

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...