Body Types



Dr. William H. Sheldon ရဲ့လေ့လာမှု အရ လူ့ခန္ဓာကိုယ်တွင်း အဆီပေါ် မူတည်ပြီး Endomorph၊ Mesomorph နဲ့ Ectomorph ဆိုပြီး ၃မျိုး ခွဲခြားထား ပါတယ်။ အဆိုပါ bodytype ၃မျိုး အကြောင်း လေ့လာ ကြည့်ရအောင်။

သင့်အပေါင်းအသင်း တွေထဲမှာ ဖြစ်စေ၊ သင်ကိုယ်တိုင် ဖြစ်စေ မဝအောင် ထိန်းထားတဲ့ ကြားထဲမှာ ဝလာတတ်တဲ့ သူမျိုးတွေ၊ ဝချင်လို့ အစားအသောက်တွေ အများကြီး စားသော်လည်း မဝတဲ့ သူမျိုး တွေကို တွေ့ဖူး မှာပါ။ ဒါတွေဟာ သင့်ရဲ့ နေ့စဉ် ကိုယ်လက် လှုပ်ရှားမှု အတိုင်းအတာ၊ အစားအသောက် ပုံစံတွေ အပြင် သင့်ရဲ့ ကိုယ်ခန္ဓာ အမျိုးအစား (bodytype) နဲ့လည်း သက်ဆိုင် နေပါတယ်။ ၁၉၄၀ ပတ်ဝန်းကျင်က အမေရိကန် လူမျိုး Dr. William H. Sheldon ဆိုသူက လူ့ခန္ဓာကိုယ် အမျိုးအစားနဲ့ သက်ဆိုင်တဲ့ လေ့လာမှု တစ်ခုကို ပြုလုပ် ခဲ့ပါတယ်။ သူ့လေ့လာမှု အရ လူ့ခန္ဓာကိုယ် အမျိုးအစား သုံးမျိုးရှိပြီး အဓိက အားဖြင့်တော့ ခန္ဓာကိုယ်တွင်း အဆီပေါ် မူတည်ပြီး Endomorph၊ Mesomorph နဲ့ Ectomorph ဆိုပြီး ခွဲခြားထား ခဲ့တာပါ။ ဒါဆို အဆိုပါ bodytype ၃မျိုး အကြောင်း လေ့လာ ကြည့်ရအောင်။



Endomorph - ဒီလို bodytype မျိုးကိုတော့ အများအားဖြင့် ဝတဲ့သူ တွေမှာ တွေ့ရတတ် ပါတယ်။ အဆိုပါ ခန္ဓာကိုယ် ပိုင်ရှင်တွေဟာ အများအားဖြင့် မျက်နှာ ဝိုင်းပြီး ပခုံးကျယ်ကျယ်၊ တင်ပါးဆုံရိုး ကြီးတဲ့သူ မျိုးတွေ ဖြစ်တတ် ကြပါတယ်။ သူတို့ရဲ့ အဓိက ပြဿနာ ကတော့ အဆီတက် လွယ်တတ်တာ ဖြစ်ပြီး များသော အားဖြင့် လက်မောင်းနဲ့ ပေါင်တွေမှာ အဆီတွေ ဖုံးနေတတ် ပါတယ်။ အဆီတက် လွယ်တတ်ပြီး အဆီချရ အရမ်းခက်တတ်တဲ့ သူမျိုးတွေ ဖြစ်တာကြောင့် အားကစားကို သာမန်လူ တွေထက် အချိန်ပို ပေးသူများ ဖြစ်ကြ ပါတယ်။ အဆီများပြီး အချိုအဆိမ့် များတဲ့ အစားအစာတွေ၊ fast food တွေကို လုံးဝ ရှောင်သင့်တဲ့ သူမျိုးတွေ ဖြစ်ပါတယ်။ အဆီတက် ခြင်းကို ထိန်းသိမ်းရန် လမ်းလျှောက်ခြင်း၊ စက်ဘီး စီးခြင်း၊ ပြေးခြင်း အစရှိတဲ့ Cardiovascular exercise တစ်မျိုးမျိုးကို နေ့စဉ် စွဲစွဲမြဲမြဲ လုပ်သင့် ပါတယ်။ ကောင်းတဲ့ ဘက်က ကြည့်ရင်တော့ အဆိုပါ ခန္ဓာကိုယ် ပိုင်ရှင်များဟာ တခြားသူ များထက် ပိုမိုသန်မာ သူများ ဖြစ်လေ့ ရှိတာကြောင့် နပန်းသတ်ခြင်း အားကစား မျိုးတွေ၊ အလေးမ အားကစား မျိုးတွေမှာ သူများထက် ပိုမို ထူးချွန် ကြပါတယ်။



Mesomorph - သူတို့ကိုတော့ မွေးရာပါ ကံကောင်းသူ သို့မဟုတ် genetically gifted people တွေလို့ သတ်မှတ် ရမှာပါ။ ပင်ကိုယ် သဘာဝ ကိုက ကျစ်လစ် တောင့်တင်းတဲ့ ခန္ဓာကိုယ် ကိုပိုင်ဆိုင် ထားတဲ့သူတွေ ဖြစ်ပါတယ်။ Bodybuilder သို့မဟုတ် fitness model ဖြစ်ဖို့ မွေးဖွား လာတယ်လို့ တောင်ဆိုလို့ ရပါတယ်။ ကြွက်သား ဖွံဖြိုးမှုအား အကောင်းဆုံး သူတွေ ဖြစ်ပြီး အဆီချ ရတာလည်း အလွန် လွယ်ကူ ပါတယ်။ Mesomorph ခန္ဓာကိုယ် ပိုင်ရှင် တွေရဲ့ ထင်ရှားတဲ့ အချက် တွေကတော့ မေးရိုး ထင်ရှားပြီး မျက်နှာ လေးထောင့်စပ်စပ်၊ သန်မာပြီး ကျယ်ပြန့်တဲ့ ပခုံး ကြွက်သားတွေ၊ တောင့်တင်း သန်မာတဲ့ ခြေတွေ လက်တွေ ပိုင်ဆိုင် ကြပါတယ်။ ဒီလို ခန္ဓာကိုယ် ပိုင်ရှင်တွေက လက်ဝှေ့ အားကစား၊ ဘောလုံး၊ အပြေး အားကစားနဲ့ bodybuilding မှာသူတို့ရဲ့ မွေးရာပါ ကောင်းမွန်တဲ့ မျိုးဗီဇ တွေကြောင့် သူများထက် နှာတစ်ဖျား သာသူများ ဖြစ်ကြပါတယ်။ ခေတ်အဆက်ဆက် အောင်မြင် ကျော်ကြားခဲ့တဲ့ mesomorph ပိုင်ရှင် တွေကို နမူနာ ပြရရင်တော့ - Bodybuilding နယ်ပယ် မှာဆို Hollywood ရုပ်ရှင် သရုပ်ဆောင် Arnold Schwarzenegger ၊ နောက် ဒီဘက် ခေတ်မှာဆို Mr.Olympia လေးဆုပိုင်ရှင် Jay Cutler၊ မော်ဒယ်လ် တွေထဲကဆို America ရဲ့ဆွဲဆောင်မှု အရှိဆုံး ယောက်ျား ဆယ်ယောက် စာရင်းဝင် Gregg Plitt နဲ့ လက်ဝှေ့ အကျော်အမော် Muhammad Ali တို့ပဲ ဖြစ်ကြ ပါတယ်။



Ectomorph - ဒါကတော့ ပိန်ပိန်ရှည်ရှည် ခန္ဓာကိုယ် မျိုးတွေကို ပြောတာပါ။ သူတို့တွေက ခန္ဓာကိုယ် အရိုးအဆစ် ကအစ သေးငယ်ပြီး ကြွက်သား ဖွံ့ဖြိုးမှုလည်း အားနည်း တတ်ပါတယ်။ မျက်နှာရှည်ရှည် သွယ်သွယ် ခြေတံ လက်တံလည်း ရှည်ရှည် ပခုံးကျဉ်းကျဉ်း ခန္ဓာကိုယ် ပိုင်ရှင်တွေပါ။ ဒီလို ကိုယ်ကာယ ပိုင်ရှင် တွေရဲ့ အဓိက ပြဿနာက ကိုယ်အလေးချိန် တက်ရန် အလွန် ခက်ခဲခြင်းပါ။ ဒါဟာ ဘာလို့လဲ ဆိုတော့ သူတို့ရဲ့ ဇီဝကမ္မ ဖြစ်စဉ်က အလွန်မြန်ပြီး စားသုံးသမျှ ကယ်လိုရီ တွေကို အချိန်ခဏ အတွင်း လောင်ကျွမ်း စေလို့ပါတဲ့။ ဒါကြောင့် သူတို့တွေဟာ ကြွက်သား ကြီးထွားရန် ခက်ခဲရုံ သာမကဘဲ အဆီတက် ဖို့လည်း ခက်ခဲတတ် ပါတယ်။ ဒီလို ခန္ဓာကိုယ် ပိုင်ရှင်တွေ ကိုယ်ကာယ အလှပြ အားကစား (bodybuilding) လုပ်မယ် ဆိုရင် အစားများများ စားဖို့ လိုအပ်ပြီး လေ့ကျင့်ခန်း တွေကိုလည်း အချိန်တိုတိုနဲ့ ကြွက်သား အကြီးစား အုပ်စုတွေကို အဓိက အသားပေး လေ့ကျင့်သင့် ပါတယ်။ ဥပမာ အားဖြင့် ဆိုရင် ရင်ဘတ် ကြွက်သား(chest msucle group)၊ နောက်ကျော ကြွက်သားတွေ (Back muscle group) နဲ့ ခန္ဓာကိုယ် အောက်ပိုင်း ကြွက်သား တွေကို အဓိက ထားပြီး လေ့ကျင့် သင့်ပါတယ်။ နောက်ပြီး ကြွက်သား ဖွံ့ဖြိုးမှု မြန်စေတဲ့ ဖြည့်စွက် အစားအစာတွေ မှီဝဲခြင်း (အဓိကအား ဖြင့်တော့ protein supplements တွေနဲ့ ကြွက်သား ပြန်လည် အားပြည့်တာ မြန်စေတဲ့ creatine လိုဆေးတွေနဲ့ ညမအိပ်ခင် အစာစားတဲ့ အလေ့အကျင့် ပြုလုပ်သင့် ပါတယ်။ အဆီတက် မှာကို စိတ်မပူပါနဲ့။ ဒီလို ခန္ဓာကိုယ် ပိုင်ရှင်တွေဟာ နဂိုအစ ထဲက ဇီဝကမ္မ ဖြစ်စဉ် (metabolism) မြန်ပြီး ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်တဲ့ အလေ့အထ ရှိရင် တော်ရုံနဲ့ ဝလာလေ့ မရှိပါဘူး။



အထက်ပါ ဖော်ပြ သွားတာ တွေက Dr. William H. Sheldon ရဲ့တွေ့ရှိချက် အရ လူတစ်ယောက် ဖြစ်နိုင်တဲ့ ခန္ဓာကိုယ် အမျိုးအစား သုံးမျိုးပါ။ ဒါပေမယ့် တကယ်တမ်း မှာတော့ ခန္ဓာကိုယ် အမျိုးအစား နှစ်မျိုး စပ်ကြားတွေ (compound body type) တွေရှိနိုင်ပြီး ခန္ဓာကိုယ် အမျိုးအစား တစ်ခုမှ တစ်ခုကိုလည်း နေထိုင်မှု ပုံစံ၊ အစားအသောက် မှန်မှန်၊ လေ့ကျင့်ခန်း နည်းစနစ် ကျကျနဲ့ ပြောင်းလဲ ယူလို့ ရပါတယ်။ သင်တို့ရဲ့ ခန္ဓာကိုယ် အမျိုးအစားကို တိတိကျကျ သိချင်တယ်၊ ဘယ်လို နည်းလမ်း တွေနဲ့ ကျစ်လစ် တောင့်တင်းတဲ့ ခန္ဓာကိုယ်မျိုး ဖြစ်အောင် ပြောင်းလဲလို့ ရသလဲ ဆိုတာ သိချင် ရင်တော့ ဒီမှာ ၁မိနစ်စာ မေးခွန်းလေးတွေ ဖြေဆိုပြီး သိနိုင် ပါတယ်။

Images from mensfitness, cdn.menstylefashion, i1.ytimg, bodybuilding. Source: bodybuilding.com, muscleandstrength.com

Author Wai Yan
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...