Cervical Cancer New Guidelines သားအိမ်အဝ-ကင်ဆာ ဆေးစစ်ခြင်း အသစ်ပြဌာန်းချက် (+18)



Cervical Cancer New Guidelines သားအိမ်အဝ-ကင်ဆာ ဆေးစစ်ခြင်း အသစ်ပြဌာန်းချက်

• သားအိမ်အဝ-ကင်ဆာ ဆေးစစ်တာကို အရင်ကပြောသလောက် တခါနဲ့တခါ နီးကပ်စရာမလိုပါလို့ ၂ဝ၁၂ မတ်လမှာ ထုတ်ပြန်ချက်အသစ်တခု ထွက်လာပါတယ်။ တိတိကျကျပြောရရင် အသက် ၃ဝ နဲ့ ၆၅ နှစ်ကြား အမျိုးသမီးမှာ Pap Test နဲ့ HPV Test တွေက ကောင်းနေရင် အရင်ကလို ၃ နှစ်တခါ မဟုတ်တော့ဘဲ၊ ၅ နှစ်မှသာတခါ စစ်ဘို့လိုပါမယ်။

• ဒီသတင်းထဲက HPV ဆိုတာ Human Papillomavirus ကြွက်နို့ဖြစ်စေတတ်တဲ့ ဗိုင်းရပ်စ်ကို ပြောတာပါ။ တကယ်လို့ Pap test တခုထဲသာ အားကိုးသူဆိုရင်တော့ ၂ဝဝ၃ ကတည်းကပြဌာန်းထားခဲ့သလိုဘဲ၊ ၃ နှစ်တခါ ဆေးစစ်ရပါမယ်။

• အရင် USPSTF guidelines လမ်းညွှန်ချက်အရ အမျိုးသမီးတိုင်း အသက် ၂၁ နှစ်ရောက်ရင် ဒါမှမဟုတ် လိင်မှုကိစ္စ တက်ကြွလာတဲ့အသက် နောက် ၃ နှစ်အတွင်း (ဘယ်ရက်က စောစော) သားအိမ်အဝ-ကင်ဆာ အတွက် ဆေးစစ်ဘို့ ဖြစ်တယ်။

• ကံကောင်းတာက အသက် ၂ဝ ကျော်စ မိန်းကလေးတွေမှာ HPV infections ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပေမဲ့ ဆေးမကုဘဲလဲ ပျောက်သွားနိုင်ကြတယ်။

• အသက် ၆၅ နှစ်ကျော်ရင် နောက်ဆုံး စမ်းတုံးက Pap tests ၃ ခါဆက်တိုက်၊ HPV tests ၂ ခါဆက်တိုက် အနုတ်ပြတယ်ဆိုရင် နောက်ထပ် ၁ဝ နှစ်အတွင်းမှာ ဆေးစစ်စရာ မလိုတော့ပါ။

• အမျိုးသမီးကြီးတွေမှာ Advanced precancer ကင်ဆာ-မဖြစ်ခင်အဆင့်လို့ ဆေး-ရာဇဝင် ရှိထားရင်တော့ အနှစ် ၂ဝ ကြာ ဆေးဆက်စစ်ရပါမယ်။

• တကယ်လို့ သားအိမ်ထုတ်တုံးက သားအိမ်အဝကိုပါ ထုတ်ထားရသူဆိုရင်၊ နောက်ပြီး ဆေးစစ်ချက်တွေကလဲ ရှင်းနေသူဆိုရင်တော့ ဆေးစစ်ဘို့ မလိုတော့ပါ။

• လမ်းညွှန်ချက်ထဲမှာ အရင်က Cervical cancer ဖြစ်ဘူးရင်၊ ဒါမှမဟုတ် Diethylstilbestrol (DES) (အီစထိုဂျင်) ဆေး ရဘူးထားရင်၊ ဒါမှမဟုတ် HIV ခုခံအားကျနေသူဖြစ်ရင် ဆေးစစ်တာ ပိုနီးကပ်ရပါမယ်။

ကိုးကားချက်။ Management of Sexually Transmitted Infections Regional Guidelines (WHO) 2011

ဒေါက်တာတင့်ဆွေ
၁ဝ-၆-၂ဝ၁၂
၃၁-၈-၂ဝ၁၃

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...