ကွေးညွှတ်ထားသည့် display ပါဝင်သော ကမ္ဘာ့ပထမဦးဆုံး စမတ်ဖုန်းကို Samsung မိတ်ဆက်



ကွေးညွှတ်နိုင်သည့် screen နည်းပညာကို အသုံးပြုထားသော Galaxy Round ဟုခေါ်သည့် စမတ်ဖုန်းကို Samsung ကုမ္ပဏီက မိတ်ဆက်ပေးလိုက်သည်။ အဆိုပါ စမတ်ဖုန်းသည် Galaxy S4 နှင့်ဆင်တူပြီး screen ၏ အလယ်တွင် အနည်းငယ် နိမ့်ဆင်းသွားသည့် အသွင်ပြုလုပ်ထားသည်။ သို့ရာတွင် ဖုန်းကို ပလတ်စတစ်နှင့် ပြုလုပ်ထားသည့် အတွက် ဖုန်းကို ခေါက်ခြင်း၊ ကွေးခြင်းတို့ ပြုလုပ်နိုင်မည် မဟုတ်ပေ။

Galaxy Round တွင် ၅.၇ လက်မ HD Super AMOLED display ကိုအသုံးပြုထားပြီး အထူ ၇.၉ မီလီမီတာ ရှိကာ အလေးချိန်မှာ ၁၅၄ ဂရမ်ဖြစ်သည်။ အရွယ်ကြီးမားသည့် screen ကို အသုံးပြုထားသည့်အတွက် တစ်ခုထက်ပိုသည့် app များကို တစ်ပြိုင်နက်ဖွင့်ကာ အသုံးပြုနိုင်မည် ဖြစ်သည်။

ဖုန်းကို ကွေးညွှတ်သည့် ဒီဇိုင်းအသွင် ပြုလုပ်ထားသောကြောင့် သုံးစွဲသူများသည် Roll Effect ဟုခေါ်သည့် နေ့စွဲ၊ အချိန်၊ ဘက်ထရီစသည့် အချက်အလက်များကို home screen အားပိတ်ထားချိန်တွင် အလွယ်တကူ စစ်ဆေးနိုင်စေမည်ဖြစ်သည်။ ထို့အပြင် Gravity Effect ဟုခေါ်သည့် စနစ်က ဖုန်းကို စောင်းလိုက်သည့်အခါ screen ကို visual interaction ကို ဖန်တီးပေးမည်ဖြစ်ကြောင်း Samsung မှ ပြောကြားခဲ့သည်။

Samsung သည် ပြောင်းလွယ်ပြင်လွယ်ရှိသည့် စမတ်ဖုန်းများကို ထုတ်လုပ်သည့် တစ်ခုတည်းသော ကုမ္ပဏီ မဟုတ်ဘဲ Nokia နှင့် Apple ကုမ္ပဏီတို့ကလည်း ကွေးညွှတ်ထားသည့် display များကို လုပ်ဆောင်နေကြောင်း လွန်ခဲ့သည့်နှစ်များက ဖော်ပြခဲ့သည်။ ထို့အပြင် LG ကလည်း ကွေးညွှတ်နိုင်သည့် ပထမဦးဆုံး စမတ်ဖုန်းကို လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း မိတ်ဆက်ပေးရန် စီစဉ်နေကြောင်း သိရသည်။

Ref: CNET
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...