Emergency Contraception (2) အရေးပေါ်တားဆေးတွေက ဘယ်လိုတားတာလဲ (18+)



မိန်းကလေးတိုင်း အရွယ်ရောက်တာနဲ့ ရာသီလစဉ်လာကြတယ်။ တလဆိုတာ ၂၈ ရက်ကပုံမှန် အများဆုံးရှိကြတယ်။ ရာသီရက် တွက်ရင် ရာသီသွေး အစဆုံးဆင်းတဲ့နေ့ကို ရက်နံပါတ် (၁) လို့ မှတ်ရမယ်။ ရာသီဆင်းလာလို့ မကြာခင် ဦးနှောက် အောက်ခြေမှာရှိတဲ့ (ပစ်ကျူထရီ-ဂလင်း) အိတ်ကလေးကနေ (FSH) ခေါ်တဲ့ ဟော်မုန်း ထွက်လာတယ်။ သူကနေ မျိုးဥအိမ်ထဲမှာ
မျိုးဥထွက်လာတော့မဲ့ (ဖေါ်လီကယ်လ်) ကို နိုးဆွပေးတယ်။ (ဖေါ်လီကယ်လ်) ကနေ (အီစထိုဂျင်) ဟော်မုန်းတွေ ပိုပြီး ထွက်လာအုံးမယ်။ ဒီ ဟော်မုန်းတန်ခိုးနဲ့ Cervix သားအိမ်အဝက Mucus အကျိအချွဲ ထွက်လာစေတယ်။ ဒါဟာ Fertility မျိုးပွါးမှုဖြစ်စေအောင် တဖက်တလမ်းကနေ အကူအညီပေးတာဖြစ်တယ်။ မျိုးဥမထွက်ခင် တရက်အလိုမှာ (အီစထိုဂျင်) ထွက်တာ အများဆုံးဖြစ်တယ်။ (ပစ်ကျူထရီ-ဂလင်း) ကနေ Luteinizing hormone (LH) ခေါ်တဲ့ နောက် ဟော်မုန်းတမျိုးပါ ထွက်လာပြန်တယ်။ ဒီအစွမ်းကြောင့် Ovulation လလည်ရက်မှာ မျိုးဥအိမ်ကနေ Ovum (Egg or Oocyte) ခေါ်တဲ့ မျိုးဥ တဥထွက်လာမယ်။

ထွက်လာတဲ့ မျိုးဥဟာ သုက်ပိုးနဲ့ ပေါင်းစပ်တာ (မျိုးစပ်တာ) မဖြစ်ရရင်တော့ ၂၄ နာရီထက် အသက်ပိုမရှင်တာ များတယ်။ မျိုးဥထွက်ပြီးတဲ့နောက် Follicle (ဖေါ်လီလယ်လ်) ကနေ Progesterone (ပရိုဂျက်စတီရုံး) ခေါ်တဲ့ နောက် ဟော်မုန်းတမျိုး ၁၁ ရက်ကနေ ၁၆ ရက်အထိကြာအောင် ထွက်ပြန်တယ်။ ဒီဟော်မုန်း ရှိနေတဲ့အတွက် နောက်ထပ် မျိုးဥထပ် မထွက်စေနိုင်ဘူး။ စောစောက ထွက်ထားခဲ့တဲ့ အချွဲကလဲ စေးပျစ်လာတယ်။ တခါတလေ ပျောက်သွားစေတယ်။ သားအိမ်ဝက ပိတ်နေသလိုလဲ ဖြစ်လာစေတယ်။
လလည်ရက်မှာ မျိုးဥထွက်လာတာနဲ့ (အီစထိုဂျင်) ဟော်မုန်းက ၂၄ နာရီအတွင်းမှာ လျှော့နည်းလာတယ်။ ဒိနောက် ပြန်တက်လာတယ်။ ဒါပေမဲ့ နောက်ထွက် ဟော်မုန်း (ပရိုဂျက်စတီရုံး) ရဲ့ သတ္တိကလွှမ်းမိုးနေတယ်။ လကုန်ခါနီး ၂-၃ ရက်မှာ အဲဒီဟော်မုန်း ၂ မျိုးလုံးနည်းလာပြီး Menstruation ရာသီသွေးဆင်းလာမယ်။ ဒီလို ပုံမှန်ဖြစ်စဉ်ကိုကြည့်ပြီး တားဆေး-တားနည်းကို လုပ်ယူရတယ်။

Fertility မျိုးပွါးနိုင်စွမ်းဟာ လတလရဲ့ အစရက်တွေမှာ အခွင့်အလမ်း အင်မတန်နည်းတယ်။ လလည်ရက် မျိုးဥမထွက်ခင် ၅ ရက်နဲ့ မျိုးဥထွက်ပြီး ၂-၃ ရက်အတွက်ဟာ မျိုးပွါးနိုင်ခြေ အထွတ်အထိပ်ရှိတဲ့ရက်တွေ ဖြစ်ကြတယ်။ စောစောကရေးခဲ့တဲ့ မျိုးဥဟာ ၂၄ နာရီထက်မရှင်နိုင်ဘူးဆိုပေမဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံမှုပြုလို့ ဝင်လာမဲ့ သန်စွမ်းတဲ့ သုက်ပိုးတွေဟာ မျိုးဥမထွက်ခင်ကတည်းက ရောက်နေပြီး ၅ ရက်အထိရှင်နေနိုင်တာမို့ နောက်မှထွက်လာမို့ မျိုးဥနဲ့တွေ့နိုင်တာမို့ ကိုယ်ဝန်ရလမ်းရှိတယ်လို့ ပြောရတာဖြစ်တယ်။

Fertilization မျိုးစပ်ပေါင်းခြင်း
Ovary မျိုးဥအိမ်ကနေ ထုတ်ပေးလိုက်တဲ့ မျိုးဥဟာ ထွက်တာနဲ့ သားအိမ်ပြွန်ထဲကိုဝင်လာတယ်။ သုက်ပိုးကတော့ အောက်မှာရှိတဲ့ (ဗဂျိုင်းနား) ထဲကနေ သားအိမ်ဝ၊ ဒိနောက် သားအိမ်၊ ဆက်ပြီး သားအိမ်ပြွန်ထဲအထိ တက်လာမယ်။ မျိုးဥကို လိုက်ရှာတဲ့သဘော ဖြစ်တယ်။ Fertilization မျိုးစပ်ပေါင်းခြင်းဆိုတာ ဆင့်ကဲဖြစ်စဉ်တွေ အများကြီးရှိတယ်။ သုက်ပိုးနဲ့ မျိုးဥတွေ့ကြတာနဲ့ သူတို့ထဲက Chromosomes (ခရိုမိုဇုမ်း) တွေ အချင်းချင်း ပေါင်းစပ်ကြပြီးနောက် တခုထဲသော (ဆဲလ်) အသစ်တခု ဖြစ်လာမယ်။ Fertilized ovum မျိုးစပ်ပြီးသား-မျိုးဥကို Zygote လို့ ပြောင်းခေါ်တယ်။ ဒါဟာ လူသားကလေးတဦးရဲ့ မူလအစဖြစ်တယ်။ အတိအကျ ခေါ်လို့တော့ မရသေးပေမဲ့ ဒီအဆင့်ဟာ တကယ့်ကို အရေးအကြီးဆုံးအချက် ဖြစ်တယ်။ Zygote ထဲမှာ မျိုးဥဘက်က (ခရိုမိုဇုမ်း) ၂၃ ခုနဲ့ သုက်ပိုးဘက်က (ခရိုမိုဇုမ်း) ၂၃ ခု ပေါင်း ၄၆ ခုဖြစ်လာပါပြီ။ ဒါဟာ ကမ္ဘာပေါ်မှာ တကယ့်အသစ်စက်စက် သက်ရှိတခု ဖြစ်ပါတယ်။ အဆင့်မြင့်တဲ့ သက်ရှိသတ္တဝါမှန်သမျှ အဲလို တခုတည်းသော (ဆဲလ်) တခုထဲကနေ စကြတာချည်းပါ။

မျိုးစပ်ပြီးသား-မျိုးဥကို Embryo သန္ဓေခေါ်ချင်လဲ ခေါ်နိုင်တယ်။ လိုနေတာက သားအိမ်နံရံမှာ တွယ်ကပ်ဘို့သာ ဖြစ်တယ်။ ပေါင်းစပ်မှုဖြစ်ပြီး အခြေအနေကောင်းတွေ ပြည့်စုံတယ်ဆိုရင် သားအိမ်နံရံမှာ တွယ်ကပ်ဘို့ရာ နောက်ထပ် ၆ ရက်သာ လိုတယ်။ တချို့က တွယ်ကပ်တော့မှသာ Embryo သန္ဓေလို့ ခေါ်တယ်။ Embryos တွေဟာ ဒီအဆင့်မှာ နှောင့်ယှက် ဖျက်ဆီးမှု တခုမှမရှိတာတောင် ၅ဝ% သာ ၂ ပါတ်ထက်ပိုပြီး ဆက်ရှင်နေနိုင်တယ်။

ဒီအချက်ကနေ ကောက်ချက် ၂ ခုချနိုင်တယ်။ (၁) တွယ်ကပ်မှုရှိလာရင် သန္ဓေတည်တယ်ပြီ၊ ကိုယ်ဝန်ရှိပြီလို့ ပြောနိုင်တယ်၊ (၂) ဒီအဆင့်ကိုယ်၌က Indisputably human သက်ရှိ-လူသား အစဆိုတာ မငြင်းနိုင်ပါ။

Hormonal ECPs အရေးပေါ်သုံး ဟော်မုန်းပါတားဆေးအစွမ်း
• Delaying or inhibiting ovulation မ-မျိုးဥ မထွက်စေခြင်း၊ နောက်ကျစေခြင်း၊ ဥမထွက်ရင် ကိုယ်ဝန်မရစေနိုင်ဘူး။
• Altering the endometrium သားအိမ်အတွင်းဆုံးလွှာ ပြောင်းလဲလာခြင်း၊ မျိုးစပ်ပြီးသားက လာတွယ်ကပ်မှာကို ခက်ခဲစေမယ်။
• Cervical mucus သားအိမ်ဝ အကျိအချွဲ များလာ-စေးကပ်လာခြင်း၊ သုက်ပိုးဝင်လာဘို့ ခက်ခဲစေမယ်။

အချက် (၃) ခုလုံးဟာ ရာနှုန်းပြည့် မဟုတ်ပါ။ အမျိုးသမီးဟာ ရာသီတလရဲ့ ဘယ်ရက်မှာ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ရှိခဲ့သလဲ၊ အရေးပေါ် ဟော်မုန်းပါ တားဆေး ဘယ်တော့မှာ သောက်သလဲအပေါ်တွေမှာ မူတည်တယ်။ ၁၉၉၆ ခုနှစ် Trussel et al လေ့လာမှုအရ အရေးပေါ်သုံး ဟော်မုန်းပါတားဆေး သုံးသူတွေမှာ ၇၄% ထိရောက်တာ တွေ့ရတယ်။ ဒီကိန်းဂဏန်းက ပျမ်းမျှယူတာဖြစ်တယ်။ တကယ်က ၅၅့၃% ကနေ ၈၄့၂% ရှိတယ်။ ဒိနောက် Washington State မှာ ထပ်လေ့လာတော့ ဒိထက် ရာနှုန်းနည်းနေတာ တွေ့ရတယ်။ မအောင်မြင်မှုနှုန်း ၅၂% အထိရှိတယ်။

အများဆုံးသုံးကြတဲ့ အရေးပေါ်ကိုယ်ဝန်တားဆေးတွေ -
၁။ Levonorgestrel 1.5 mg အတူနေအပြီး ၇၂ နာရီအတွင်းမှာ တခါတည်းသောက်ပါ။ (နိုင်ငံအများစု)
၂။ Mifeprostone 10 mg or 25 mg အတူနေအပြီး ၁၂ဝ နာရီအတွင်းမှာ တခါတည်းသောက်ပါ။ (တရုပ်ပြည်)
၃။ Ulipristal acetate 30 mg အတူနေအပြီး ၁၂ဝ နာရီအတွင်းမှာ တခါတည်းသောက်ပါ။ (ဥရောပနှင့် အမေရိက)
၎။ Copper IUD အတူနေအပြီး ၁၂ဝ နာရီအတွင်းမှာ သားအိမ်ထဲကို (ကောပါးတီ) ထည့်ပါ။ (နိုင်ငံအများစု)

Dr. တင့်ဆွေ
၂၃-၂-၂ဝ၁၂

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...