Foldable Lithium Battery



ဘက်ထရီကို အရွယ် သေးသေးနဲ့ စွမ်းအား များများ လိုတဲ့ ပြဿနာရဲ့ အဖြေက အိုရီဂါမီ စက္ကူ ခေါက်နည်း များ ဖြစ်နေ မလား။ ကာဗွန်မျှင်တွေ ကပ်သုတ် ထားတဲ့ စက္ကူကနေ ဘက်ထရီကို တီထွင် လိုက်ပါပြီ။

Arizona State University မှသိပ္ပံ ပညာရှင် တွေဟာ ကာဗွန်မျှင်တွေ ကပ်သုတ် ထားတဲ့ စက္ကူကနေ ဘက်ထရီ ဖန်တီး လိုက်ပါပြီ။ ပြီးတော့ မြေပုံလို ခေါက် လိုက်ပြီး စွမ်းအင်ကို ၁၄ဆအထိ တိုးမြှင့်နိုင် ခဲ့ကြ ပါတယ်။ စပြောရ မယ်ဆိုရင် ဒီခေါက် ဘက်ထရီ က စက္ကူနဲ့ ပြုလုပ် ထားတာ ဖြစ်ပါတယ်။ လက်ရှိ သုံးနေကျ လစ်သီယမ် ဘက်ထရီမှာ ကာဗွန် အမငုတ်တံနဲ့ ဘက်ထရီခွံ စတဲ့ မာတောင့် တောင့် အစိတ် အပိုင်း တွေကြောင့် ခေါက်ချိုးလို့ မရတာ သိကြပြီး ဖြစ်မှာပါ။ စက္ကူနဲ့ လုပ်တဲ့ ဘက်ထရီကို တီထွင်ဖို့ရာ သိပ္ပံပညာရှင် တွေဟာ အပေါက် ကလေးတွေ ပါပြီး အမှုန် ကင်းတဲ့ စက္ကူကို ကာဗွန် အမျှင်ချောင်း လေးတွေ (Carbon Nanotubes - CNTs) ရဲ့ကပ်အား ကောင်းစေဖို့ Polyvinylidene difluoride (PVDF) နဲ့သုတ်လိမ်း လိုက်ပြီး ကာဗွန်မျှင် ချောင်း လေးတွေ ပါတဲ့ အရည် ထဲကို နှစ်လိုက် ရပါတယ်။ Lithium titanate oxide (LTO) နဲ့ Lithium cobalt oxide (LCO) အမှုန်လေး တွေကို CNT နဲ့ပြည့်ဝ နေတဲ့ စက္ကူနှစ်ချပ် ကြားမှာ ညှပ်ထား လိုက်တာပါ။ ကြေးနီနဲ့ Aluminium ပြား ပါးပါးလေး တွေကို စက္ကူချပ် တွေရဲ့ အပေါ်နဲ့ အောက်တို့မှာ နေရာချ လိုက်ချိန် မှာတော့ ဘက်ထရီ ရလာပါ တော့တယ်။



ပါးလွှာပြီး ခေါက်ချိုးလို့ ရတဲ့ စက္ကူနဲ့ ပြုလုပ်ထားတဲ့ ဘက်ထရီဟာ သူ့ဒြပ်ထု အနေနဲ့ ကြည့်ရင် စွမ်းအင် သိပ်သည်းဆ တော်တော် ရှိတယ်လို့ ပြောလို့ ရပါတယ်။ ခေါက်လိုက် တော့မှ ဘက်ထရီ ဖြစ်လာ ရတာပါ။ Miura ခေါက်နည်းကို သုံးပြီး စက္ကူ ဘက်ထရီကို ၂၅ခု ထပ်ထား တာဟာ စွမ်းအင် သိပ်သည်းဆကို ၁၄ဆ တိုးလာ စေတယ်လို့ သိပ္ပံပညာရှင် များက တွေ့ရှိခဲ့ ပါတယ်။ Miura ခေါက် နည်းလို့ ခေါ်တဲ့ အိုရီဂါမီ စက္ကူခေါက် နည်းကို ဂျပန် အာကာသ ရုပဗေဒ ပညာရှင် Koryo Miura က အာကာသ ယာဉ်ပေါ်မှာ နေရောင် ခြည်သုံး စွမ်းအင်ပြား တွေကို ကျစ်ကျစ် လစ်လစ် ထည့်သွင်း အသုံး ပြုနိုင်ဖို့ တီထွင် ခဲ့တာပါ။ ခေါက်မြေပုံ တွေမှာ အများဆုံး တွေ့ရ ပေမယ့် ဒီခေါက် နည်းက ရှုပ်ထွေးလို့ သိပ်တွင်တွင် ကျယ်ကျယ် မသုံးကြ ပါဘူး။ တိုတို ပြောရရင် Miura ခေါက် နည်းရဲ့ စက္ကူ ခေါက်ရိုး ပုံစံဟာ စက္ကူ တစ်ရွက်ကို တစ်ခေါက်နဲ့ အပြီး ခေါက်လို့ ရပြီး ဒါမှမဟုတ် အပြီး ပြန်ဖြည်လို့ ရပါတယ်။



ဒီ Miura ခေါက်နည်းကို သုံးပြီး သိပ္ပံပညာရှင် တွေဟာ ၆ x ၇ စင်တီမီတာ (၄၂ စတုရန်း စင်တ မီတာ) အရွယ် အစား ရှိတဲ့ လစ်သီယမ် စက္ကူ ဘက်ထရီကို မျက်နှာပြင် ဧရိယာ ၁.၆၈ စတုရန်း စင်တီ မီတာ အထိ ရအောင် အထပ်ထပ် ခေါက်ရ ပါတယ်။ ဒါဟာ အရွယ် အစားကို ၂၅ဆ ပိုသေးသွား စေပေမယ့် ခေါက်လိုက် ရတဲ့အတွက် ရနိုင်တဲ့ စွမ်းအင် အနည်းငယ် ဆုံးရှုံး သွားလို့ စွမ်းအင် သိပ်သည်းဆ ကိုတော့ ၁၄ဆပဲ တိုးလာ စေတာပါ။ ဒီခေါက် ဘက်ထရီမှာ ဧရိယာ အားဖြင့် စွမ်းအင် သိုလှောင် နိုင်စွမ်း ၂ mAh/cm2 ရှိပြီး အားသွင်းတဲ့ အကြိမ်ရေ အနည်းငယ် အပြီးမှာတော့ ၁.၅ mAh/cm2 အထိ ကျသွားနိုင် ပါတယ်။ ဒီနောက်ပိုင်း မှာတော့ သူ့စွမ်းအင်ကို အတော် ထိန်းထား နိုင်တာကို တွေ့ရှိ ရပါတယ်။ သိပ္ပံ ပညာရှင် တွေဟာ အခုဆို စွမ်းအင် သိပ်သည်းဆ တိုးလာ စေဖို့ စက္ကူကို ဘယ်လို ပိုထိထိ ရောက်ရောက် ခေါက်ရမလဲ ဆိုတာ ရှာဖွေ လေ့လာနေ ကြပါပြီ။ ခေါက် ဘက်ထရီ တွေဟာ နောက်ဆို ခေါက်လို့ရတဲ့ စက်ကိရိယာ တွေကို စွမ်းအင် ပေးဖို့ အသုံးဝင် လာကြ တော့မှာပါ။ ခေါက်လို့ ရတဲ့ e-ink နဲ့ OLED display တွေကို ခေါက် ဘက်ထရီ နဲ့ စွမ်းအင် ပေးလို့ မလိုအပ်တဲ့ အချိန်မှာ အိတ်ကပ်ထဲ ထိုးထည့် ထားလို့ ရမယ်ဆို ဘယ်လို နေမလဲ ခန့်မှန်းကြည့် နိုင်ပါတယ်။

Images and Source from ExtremeTech

Author Tornado
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...