ပုစွန်နှင့် ဂဏန်းများ စားသုံးခြင်းက အသက်ရှည်စေမည့် နည်းလမ်းဟုဆို
ပုစွန်နှင့် ဂဏန်းများ စားသောက်ခြင်းသည် သဘာဝ အသက်ရှည်ဆေး တစ်မျိုးကို မှီဝဲနေခြင်း ဖြစ်ဖွယ် ရှိကြောင်း ဆွစ်ဇာလန် သုတေသီများက ပြောကြားခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်ခ်ျရှိ နည်းပညာ သုတေသနဌာနမှ ဇီဝဓာတု ပညာရှင် ဒေါက်တာ မိုက်ကယ်ရစ္စတိုနှင့် အဖွဲ့သည် ပုစွန်ထုပ်၊ ဂဏန်းနှင့် အခွံမာ ရေသတ္တဝါများတွင် ပါဝင်သည့် ဓာတ်တစ်မျိုးက အသက်ရှည်စေသည့် အာနိသင်ကောင်းမျိုး ဖြည့် တင်းပေးနိုင်ကြောင်း အခိုင်အမာ ယုံကြည်နေကြသည်။ ကြွက်များတွင် စမ်းသပ်ချက်အရ Glucosamine ဓာတ်သည် ပျမ်းမျှသက်တမ်းကို (၁၀)ရာခိုင်နှုန်းမျှ ပိုမိုရှည်ကြာလာစေကြောင်း တွေ့ရသည်။ လူသားများ တွင်လည်း အလားတူ သက်ရောက်မှုမျိုးရှိသည် ဆိုပါက ပျမ်းမျှ လူ့သက်တမ်းသည် (၈)နှစ်ဝန်းကျင်မျှ ပိုမို ရှည်ကြာလာနိုင်မည် ဖြစ်သည်။

အခွံမာ ရေသတ္တဝါများတွင် တွေ့ရသည့် Glucosamineဓာတ်၏ ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုပုံကို Nature Communications ဂျာနယ်တွင် ဖော်ပြခဲ့သည်။ အဆိုပါဓာတ်ပစ္စည်း ပါရှိသော အစား အသောက်များကို ခန္ဓာကိုယ်၏ သဘာဝ ဇီဝကမ္မ ဖြစ်စဉ်များက ကာဘိုဟိုက်ဒရိတ် နည်းပါးပြီး ပရိုတိန်း ကြွယ်ဝသည်ဟု ယူဆသွားလေ့ရှိကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော Glucosamineသည် အမိုင်နိုအက်ဆစ် အများအပြားကို ထုတ်ပေးလေ့ရှိရာ လူ့ခန္ဓာကိုယ်က အဆိုပါအက်ဆစ်ကို ပရိုတိန်းနှင့် မှားယွင်း ထောက်လှမ်းမိလေ့ရှိသည်။ အကျိုးဆက်အနေဖြင့် ပရိုတိန်းဓာတ်ကို ချေဖျက်လောင်ကျွမ်းမှု အရှိန်အဟုန် မြင့်တက်သွားပြီး ကိုယ်အလေးချိန် လျော့ကျသွားစေလေ့ရှိကြောင်း သိရသည်။ ထို့ကြောင့် သွေးတိုးခြင်းနှင့် ဆီးချိုရောဂါတို့ ဖြစ်နိုင်ခြေ သာမန်ထက်နည်းပါးသွားမည် ဖြစ်သည်။
လူ့ခန္ဓာကိုယ်သည် သဘာဝအတိုင်း Glucosamineဓာတ်ကို ထုတ်ပေးနိုင်သော်လည်း အသက် (၄၅)နှစ် ကျော်လွန်သွားချိန်တွင် တဖြည်းဖြည်း ပမာဏ လျော့ပါးကျဆင်းသွားသည်။ ထိုသို့သော အခြေအနေမျိုးတွင် Glucosamineဓာတ် ဖြည့်တင်းပေးသည့် ပုစွန်ထုပ်၊ ဂဏန်းတို့ကဲ့သို့ အစား အသောက်များကို ပိုမိုစားသုံးပေးခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်အောင် မြှင့်တင် အားပေးနိုင်ကြောင်း သုတေသီများက ထောက်ခံပြောဆိုထားသည်။
Planet Myanmar Network