မော်ရိုကိုဘုရင် မိုဟမ်မက်-၆
မိုဟမ်မက်-၆ သည် မော်ရိုကိုနိုင်ငံ၏ လက်ရှိဘုရင်ဖြစ်သည်။ ဖခင်ဖြစ်သူ ဘုရင်ဟတ်ဆန်-၂ နတ်ရွာ စံပြီးနောက် ၁၉၉၉ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် ဖခင်၏အရိုက်အရာကို ဆက်ခံခဲ့သည်။ မော်ရိုကိုနိုင်ငံတွင် ဘုရင်၏မွေးနေ့မှာ အများပြည်သူအားလပ်ရက်ဖြစ်သည်။
မိုဟမ်မက်သည် ဘုရင်ဟတ်ဆန်-၂ နှင့် ကြင်ယာတော် လယ်လာလာတီဖာဟမ်မူး၏ ဒုတိယရင်သွေးနှင့် အကြီးဆုံးသားဖြစ်သည်။ ၎င်းမွေးဖွားသောနေ့မှာပင် မိုဟမ်မက်ကို အမွေဆက်ခံသူ အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ခဲ့သည်။
၁၉၆၃ ခုနှစ် သြဂုတ် ၂၁ ရက် မော်ရိုကိုနိုင်ငံ ရာဘက်မြို့မှာပင် မွေးဖွားသော မိုဟမ်မက်သည် အသက်လေးနှစ်အရွယ်၌ ဘုရင့်နန်းတော်မှာပင် ကိုရမ်ကိုစတင်သင်ယူခဲ့သည်။
မိုဟမ်မက်သည် အခြေခံပညာကို တော်ဝင်ကောလိပ်၌ တက်ရောက်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် အက်ဂ်ဒယ်မြို့ မိုဟမ်မက်-၅ တက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိခဲ့သည်။
၎င်း၏ ဘွဲ့ယူသုတေသနစာတမ်းမှာ ‘‘အာရပ်-အာဖရိက ပြည်ထောင်စုနှင့် နိုင်ငံတကာ ဆက်ဆံရေး ကိစ္စများတွင် မော်ရိုကိုဘုရင့်နိုင်ငံ၏ မဟာဗျူဟာ’’ဟူ၍ ဖြစ်သည်။ ယင်းနှစ် နိုဝင်ဘာ ၂၆ ရက်မှာ ပင် မော်ရိုကိုတပ်မတော်တွင် ဗိုလ်မှူးကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည်။ မိုဟမ်မက်သည် ၁၉၉၄ ခုနှစ်အထိ တော်ဝင်လက်နက်ကိုင်တပ်ဖွဲ့များ၏ ရုံးနှင့် ဝန်ဆောင်မှုလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၇ ခုနှစ်တွင် မိုဟမ်မက်သည် ဘွဲ့လွန်ပထမဆုံး နိုင်ငံရေးသိပ္ပံ လက်မှတ်ရရှိခဲ့ပြီး နောက်တစ်နှစ်မှာ ပင် ပြည်သူ့ဥပဒေဒီပလိုမာ ဆက်လက်ရယူခဲ့သည်။ ယင်းနောက် မိုဟမ်မက်သည် ထိုစဉ်က ဥရောပကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဂျက်ဒီလားစ်လက်အောက်၌ သွားရောက်လေ့ကျင့်ခဲ့သည်။ ၁၉၉၃ ခုနှစ် တွင် ပြင်သစ်တက္ကသိုလ် NiceSophia Antipolis မှ ဥပဒေဒေါက်တာဘွဲ့ ရရှိခဲ့သည်။ ၁၉၉၄ တွင် မော်ရိုကို တပ်မတော်၌ ဗိုလ်မှူးချုပ်အဖြစ် ရာထူးတိုးမြှင့် ခန့်အပ်ခံရပြီး နောက်ပိုင်းတွင် တော်ဝင် တပ်မတော် စစ်ဦးစီးချုပ်နှင့် နိုင်ငံ၌ အမြင့်ဆုံးယဉ်ကျေးမှုကောင်စီ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသည်။
၁၉၉၉ ဇူလိုင် ၂၃ ရက်တွင် မိုဟမ်မက်သည် ဖခင်၏အရိုက်အရာကို ဆက်ခံခဲ့ပြီး ဇူလိုင်၃၀ ရက်တွင် နန်းတက်ခဲ့သည်။ ထီးနန်းသိမ်းပိုက်ပြီး မကြာမီ မိုဟမ်မက်-၆ က နိုင်ငံ၌ ပြုပြင်ပြောင်းလဲမှု အစီအစဉ်များ ကို ကြေညာခဲ့သော်လည်း ကွန်ဆာဗေးတစ်များ၏ ဝေဖန်မှုကြုံခဲ့ရသည်။
၂၀၁၁ ခုနှစ်တွင် မော်ရိုကို နိုင်ငံ၌ ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဘုရင်မိုဟမ်မက်-၆ က မိန့်ခွန်းပြောကြားခဲ့ပြီး ပါလီမန်ကို ပိုမို၍ အာဏာပါဝါအပ်နှင်းရေး ပြောကြားသည်။ ထို့အပြင် တရားရေး ဌာနကိုလည်း ဘုရင့်နန်းတော်မှ ပိုမို၍ အမှီအခိုကင်းလွတ်လပ်ခွင့် ပေးအပ်ခဲ့သည်။ ၂၀၁၁ ခုနှစ် ဇူလိုင် ၁ ရက်တွင် ဘုရင်မိုဟမ်မက်က အဆိုပြုတင်ပြခဲ့သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ကို မော်ရိုကို မဲဆန္ဒရှင်များက အတည်ပြုခဲ့သည်။
—Ref: Wikipedia
7Day News Journal
အတွဲ (၁၃)၊ အမှတ်(၆)