ဆယ်ကျော်သက်များ အချိုရည် အလွန်အကျွံ သောက်ခြင်းကြောင့် သွေးတိုးရောဂါ အန္တရာယ် ကြုံတွေ့နိုင်

အချိုရည်များ သောက်သုံးခြင်းဖြင့် ကိုယ်အလေးချိန် လျင်မြန်စွာ တက်လာနိုင်သည်ကို လူတိုင်းသိပြီးဖြစ် သည်။ အချိုရည်များသည် သွေးပေါင်မြင့်တက်မှုကိုလည်း ဖြစ်စေနိုင်သည်ဟု အမေရိကန်သုတေသန အသစ်တစ်ခုက ဖော်ပြသည်။
အချိုရည်များ သောက်သုံးခြင်းနှင့် သွေးပေါင်မြင့်တက်မှု အကြားဆက်နွှယ်မှုအများအပြား ရှိကြောင်းကို အမေရိကန် Griffin ဆေးရုံမှ သုတေသနဆရာဝန်များ ကလေ့လာတွေ့ရှိခဲ့သည်။ Griffin ဆေးရုံမှ ဆရာဝန်များသည် လူပေါင်း လေးသိန်းကျော်ပါဝင် သော သုတေသန ၁၂ ခုကို ပြန်လည်ဆန်းစစ် ခဲ့ကြသည်။
သကြားဓာတ်ပါသော အရည်များကို သောက်သုံးသူများသည် မသောက်သူများထက် သွေးတိုးရောဂါ ကို ဖြစ်စေနိုင်သော သွေးပေါင်မြင့်တက်မှု အန္တရာယ်နှင့် ကြုံတွေ့နိုင်ခြေ ၂၆ မှ ၇၀ ရာခိုင်နှုန်းကြားရှိ သည်ဟု အမေရိကန်သုတေသနပညာရှင်များက ပြောကြားသည်။
ထို့အပြင် တစ်နေ့လျှင် အချိုရည်သုံးခွက်နှင့်အထက် သောက်သော ဆယ်ကျော်သက်များ သည် သွေးပေါင်မြင့်တက်မှုအန္တရာယ်နှင့် ကြုံတွေ့နိုင်ခြေ ၈၇ ရာခိုင်နှုန်း ရှိသည်ဟု သုတေသန ပညာရှင်များ ကပြောကြားသည်။
‘‘သကြားဓာတ်ပါတဲ့ အချိုရည်တွေ သောက်သုံးခြင်းဟာ သွေးတိုးရောဂါကိုဖြစ်စေမယ့် သွေးပေါင်မြင့်တက်မှု အန္တရာယ်နဲ့ သွားပြီးဆက်နွှယ်နေတယ်ဆိုတာကို ကျွန်တော်တို့ရဲ့ စနစ်တကျလေ့လာသုံးသပ်မှုက ချပြနေ ပါတယ်။ အချိုရည်သောက်သုံးမှုအပေါ် ကန့်သတ်ချက်ကို သွေးတိုးရောဂါကုသမှုအတွက် ရည်ရွယ်တဲ့ နေ ထိုင်မှု ပြုပြင်ပြောင်းလဲခြင်း အကြံပြုချက်တွေမှာ ထည့်သွင်းသင့်ပါတယ်’’ဟု Griffin ဆေးရုံမှ သုတေသန အဖွဲ့ကပြောကြားသည်။
အချိုရည်သောက်သုံးခြင်းသည် ဆီးချိုရောဂါ၊ အ၀လွန် ရောဂါနှင့် နှလုံးရောဂါဖြစ်ပွားမှုတို့နှင့်လည်း ဆက်စပ်မှုရှိသည်ဟု အစောပိုင်းသုတေသနများက ဖော်ပြကြသည်။
Ref:Daily Mail
7Day Daily
No.362 Monday, April 28,2014