နစ်မြုပ်သွားသော တောင်ကိုရီးယား ကူးတို့သင်္ဘောမှ ကပ္ပတိန် ဖမ်းဆီးခံရ၊ ရေငုပ်အဖွဲ့က အလောင်းများ ထပ်မံတွေ့ရှိ
နစ်မြုပ်နေသော တောင်ကိုရီးယား ကူးတို့သင်္ဘော Sewol တွင် ရေအောက်ကယ်ဆယ်ရေး ဆောင် ရွက်နေမှုကို ဆွေမျိုးများက ရုပ်သံမှကြည့်ရှုနေကြစဉ် လွန်ခဲ့သည့် သုံးရက်က နစ်မြုပ်သွားခဲ့သော တောင်ကိုရီးယား ကူးတို့သင်္ဘောမှ ကပ္ပတိန်အား သင်္ဘောကို စွန့်ခွာထွက်ပြေးမှုဖြင့် စုံစမ်းစစ်ဆေးသူများက ဧပြီ ၁၉ ရက် တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။ လူပေါင်း ၄၇၆ ဦး လိုက်ပါခဲ့သည့် နစ်မြုပ်နေသော သင်္ဘောအတွင်းသို့ ရေငုပ်သမား များ ရောက်ရှိခဲ့ပြီး အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်းလည်း သိရသည်။
ဧပြီ ၁၉ ရက် နံနက်က သင်္ဘောကပ္ပတိန် လီးဂျွန်းဆုက်နှင့် သူ၏လက်ထောက်နှစ်ဦး တို့ကို ရဲတပ်ဖွဲ့အချုပ်ခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ရေကြောင်းဥပဒေကို ချိုးဖောက်လျက် ခရီးသည်များအား လုံခြုံအောင်ဆောင်ရွက်ပေးရန် ပျက်ကွက်မှုနှင့် ၀တ္တရားပျက်ကွက်မှုတို့ဖြင့် တရားစွဲဆိုထားသည်။
အသက် ၆၉ နှစ်အရွယ်ရှိ ကပ္ပတိန်သည် အထက်တန်းကျောင်းသား အများဆုံးပါဝင်သည့် ခရီးသည် ရာနှင့်ချီလျက် ပိတ်မိနေစဉ် သင်္ဘောကို စွန့်ခွာထွက်ပြေးခဲ့သည့်အတွက် ပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ တောင်ကိုရီးယား ကမ်းရိုးတန်း အနောက်တောင်ဘက်ကမ်းလွန်တွင် ဧပြီ ၁၆ ရက်က ဖြစ်ပွားခဲ့သည့် သင်္ဘောနစ်မြုပ်မှု၌ ယခုအထိ လူပေါင်း ၂၉ ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး လူပေါင်း ၂၇၃ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။
(ဖမ်းဆီးခံထားရသော ကပ္ပတိန်)
ကပ္ပတိန် ဖမ်းဆီးခံရသည့်နေ့မှာပင် ရေငုပ်သမားများသည် တန်ချိန် ၆၈၂၅ ရှိသော Sewol သင်္ဘော၏ အတွင်းပိုင်းသို့ ထိုးဖောက် ၀င်ရောက်နိုင်ခဲ့ကြသည်။ သူတို့သည် ပြင်းထန်သော ရေစီးကြောင်းများနှ င့် မြင်နိုင်စွမ်း သုညအထိ ကျဆင်းနေသော အနေအထားတို့ကြောင့် လွန်ခဲ့သည့် နှစ်ရက်ကို အချည်း အနှီး ဖြတ်သန်းခဲ့ရသည်။ “အရပ်သား ရေငုပ်သမားများဟာ အလောင်းသုံးလောင်းကို ပြတင်းပေါက် ကနေဖြတ်ပြီး တွေ့ရှိခဲ့ပါတယ်”ဟု အမျိုးသားကမ်းခြေစောင့်တပ်ဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ချွိုင်ဆန်ဟွမ် က ပြောကြားခဲ့သည်။
သူက “သူတို့ဟာ ပြတင်းပေါက်ကိုခွဲပြီး အလောင်းတွေကို ရယူဖို့ကြိုးစားပေမယ့် အရမ်းကို ခက်ခဲနေပါ တယ်”ဟု ပျောက်ဆုံးနေသူတို့၏ ဆွေမျိုးများအား ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့များတွင် ပါဝင်သော ရေငုပ်သမား ၅၀၀ ကျော်အနက် အများအပြားမှာ အရပ်သား စေတနာ့ဝန်ထမ်းများ ဖြစ်သည်။
Ref:AFP
Eleven Daily News