ပြုပြင်ပြောင်းလဲသူ

ကျွန်တော်တို့မှာ အနာဂတ်တွေ ပျောက်နေတယ်တဲ့ လူငယ်လူရွယ် တော်တော်များများက ပြောကြပါတယ်။ “ဘွဲ့ရတော့ ဘာလုပ်ရမှန်း မသိရတဲ့ အလုပ်ဝင်လုပ်တော့လည်း လက်ရှိကာလ လိုအင်ဆန္ဒတွေနဲ့က မကာမိ၊ စိတ်ညစ်တော့လေလွင့် နောက်ဆုံးတော့ ဟိုမရောက် ဒီမရောက်နဲ့ စိတ်ညစ်ရတယ်ဗျာ” ဒါကတော့ လက်ရှိစာတတ်တယ်လို့ ပြောနိုင်တဲ့ ဘွဲ့ရလူငယ် လူရွယ်တွေကပြောတာ ဖြစ်ပါတယ်။
“ဆယ်တန်းမအောင်ရင် အခုခေတ်မှာ လုံခြုံရေးတောင် ဖြစ်ဖို့မလွယ်ဘူး။ အဲ့ဒီတော့ ထမင်းတစ်လုတ် အတွက် ရပ်တည်နေနိုင်ဖို့ ကြုံရာကျပန်းတွေ လျှောက်လုပ်ရတာပေါ့ဗျာ။ ရည်မှန်းချက် အနာဂတ်ဆိုတာ အသာထား။ မနက်ဖြန်အတွက် ဘာလုပ်ရမလဲ ဆိုတာကိုက ပြဿနာတစ်ရပ် ဖြစ်နေတယ်” ဒါကတော့ ၁၀ တန်းမအောင်ခဲ့တဲ့ လူငယ်တစ်ယောက်ရဲ့ အမြင်အတွေး ဖြစ်နေတယ်။
“သင်တန်းတွေလည်း တက်တာစုံနေပြီ။ အလုပ်က လိုအပ်တယ်ပြောလိုက်တက်လိုက် လခလေး တိုးသွားလိုက် ကုန်ဈေးနှုန်းက တက်လာလိုက် တခြားလခပိုပေးတဲ့ အလုပ်ကို ပြောင်းလိုက်နဲ့ အလုပ်သာစုံသွားတယ်။ နောက်ဆုံးဘာဖြစ်ချင်မှန်းကို မသိတော့ပါဘူးကွာ” ဒါကတော့ အဝေးသင်တက်ပြီး သင်တန်းတွေ diploma တွေတက်ပြီး အလုပ်ထဲမှာ မြှုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ စကားသံဖြစ်ပါတယ်။
စိတ်ဝင်စားစရာပါပဲ။ ပညာတတ်လို့ ပြောနေတဲ့ ဘွဲ့ရလူငယ်ကလည်း အနာဂတ်မရှိကြောင်း၊ ၁၀ တန်းမအောင်တဲ့ လူငယ်ကလည်း မနက်ဖြန်အတွက်တောင် ပြဿနာ တက်နေကြောင်း၊ ခေတ်စားနေတဲ့ သင်တန်းတွေကိုတက်ပြီး အလုပ်လုပ်နေတဲ့ သူငယ်ချင်းကလည်း ဘာဖြစ်ချင်မှန်း မသိတော့ကြောင်း ပြောနေကြပါတယ်။ သူတို့ရဲ့ နောက်ဆုံးပစ်မှတ်ကတော့ လူကြီးတွေမကောင်းလို့၊ ပညာရေးစနစ် နိမ့်ကျလို့၊ နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်တစ်လှည့်၊ တစ်ပါတီစနစ်က တစ်လှည့် နောက်ဆုံးစစ်ဘက်က အာဏာသိမ်းမှုတွေဖြစ်ခဲ့ လူငယ်တွေ အညွန့်ကျိုးတာလို့ ပြောဆိုကြ ပါတယ်။
အနီးစပ်ဆုံးအနေနဲ့ အရှေ့တောင်အာရှ ကျားတစ်ကောင်ဖြစ်နေတဲ့ စင်ကာပူဟာ ကျွန်တော်တို့နိုင်ငံကို အရင်တုန်းက မျှော်ကြည့်ခဲ့ရတယ်လို့ ဥပမာ ပေးကြပါတယ်။ လူငယ်စကားဝိုင်းတွေ၊ တက္ကသိုလ်ကျောင်းက ကင်တင်းတွေ၊ နောက်ဆုံးလက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်တွေမှာလည်း ကျွန်တော်တို့တွေ အနာဂတ်အကြောင်းပြောရင် အဆုံးသတ်က စင်ကာပူ၊ ကိုရီးယား၊ ဂျပန် အာရှကကျားတွေရဲ့ တိုးတက်ပုံ မစားရ၀ခမန်း အကြောင်းတွေနဲ့သာ အဆုံးသတ်ပါတယ်။
ပြောင်းလဲပေးနိုင်သူကိုသာ မျှော်လင့်နေရင် သူတစ်ပါးအားကိုးသူသာ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့မျှော်လင့်တဲ့ အနာဂတ်အိပ်မက်ကတော့ ရေပေါ်အရုပ်ရေးသလို ဖြစ်သွားပါလိမ့်မယ်။ ကျွန်တော်တို့တစ်တွေရဲ့ ကိုယ်ပိုင်အနာဂတ် အိပ်မက်တစ်ခုစီကို ကျွန်တော်တို့ပဲ တည်ဆောက်လို့ ရပါတယ်။ ဘယ်သူမှ တည်ဆောက်ပေးလို့ မရပါဘူး . . . . .
အတိတ်ဆိုတာ မမေ့သင့်တဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဝင်ရိုးပေါ်မှာ လည်ပတ်နေတဲ့ ကမ္ဘာကြီးကတော့ အမြဲတမ်း အနာဂတ်ကို သွားနေတယ်ဆိုတာ သတိချပ်သင့်ပါတယ်။ တခြားနိုင်ငံတွေ တိုးတက်တာကိုကျတော့ အားကျတယ်။ ကိုယ့်နိုင်ငံ တိုးတက်ရေးနှင့် ပတ်သက်ပြီးတော့ ကျွန်တော်တို့ဟာ အတိတ်သမိုင်းကို ပြစ်တင်ဝေဖန်ရင်း အဆုံးသတ်ကြပါတယ်။ သူများနိုင်ငံတွေ တိုးတက်ဖို့အတွက် ဘယ်လိုကြိုးစား ဆောင်ရွက်ခဲ့တယ် ဆိုတာကိုတော့ လေ့လာဆန်းစစ်မှု အားနည်းကြပါတယ်။
လက်ရှိပစ္စုပ္ပန်မှာ ကျွန်တော်တို့ ဘာတွေလုပ်နေကြပါလဲ။ နိုင်ငံနဲ့ချီပြီး ပြောနေတာ ခဏထားပါတော့။ ကျွန်တော်တို့ကိုယ်တိုင်ကော ကိုယ့်ရဲ့တိုးတက်ရာ တိုးတက်ကြောင်းတွေ ဘယ်လိုလုပ်နေကြတာပါလဲ။ မှန်ပါတယ်။ ခေတ်ကပြောင်းလဲလာပါတယ်။ touch screen ဖုန်းတွေ ကိုင်လာနိုင်တယ်။ desktop computer ကနေ ပါးသထက်ပါးလာတဲ့ lap top ခေတ် ရောက်လာတယ်။ မော်တော်ကားဈေးကွက်မှာ ဂျပန်ကားလေးတွေ ခေတ်စားလာတယ်။ အထပ်မြင့် အဆောက်အအုံတွေ မှိုလိုပေါက်လာတယ်။
ခေတ်မမီတော့တဲ့ ကုန်ပစ္စည်းတွေဆို ပျောက်ကွယ်သွားတယ်။ ခေတ်နဲ့အညီ မလိုက်နိုင်တဲ့ ကုမ္ပဏီတွေ ဆို ပြုတ်ကျကုန်တယ်။ ခေတ်နဲ့မညီတော့တဲ့ အုပ်ချုပ်ရေးစနစ်တွေကို သက်ဆိုင်ရာနိုင်ငံတွေမှာ ပြည်သူတွေ က revolution တွေလုပ်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ လောကကြီးက ရှေ့ဆက်သွားနေ လို့ ဖြစ်ပါ တယ်။ ခေတ်ရဲ့ပြောင်းလဲတတ်တဲ့ သဘာဝအရ ကျွန်တော်တို့ငယ်ငယ်က ရွတ်ခဲ့တဲ့ စစ်ဗိုလ်ကြီး ဖြစ်ချင် တယ်။ ဆရာဝန်ကြီး ဖြစ်ချင်တယ်ဆိုတဲ့ အိပ်မက်တွေနေရာမှာ IT ပညာရှင်၊ ဒီဇိုင်နာ၊ architecture ဆိုတာတွေက တဖြည်းဖြည်း အစားထိုး ၀င်လာခဲ့ပါတယ်။
ရုပ်ပိုင်းဆိုင်ရာမှာလည်း ကျွန်တော်တို့က ကိုယ်တတ်နိုင်တဲ့ ပမာဏ အတိုင်းအတာနဲ့ ခေတ်နဲ့လျော်ညီတဲ့ ပစ္စည်းတွေကို ၀ယ်သုံးကြပါတယ်။ နိုင်ငံတကာ ရုပ်ရှင်ကားတွေကိုကြည့် ဆံပင်ပုံစံကအစ၊ ၀တ်စား ဆင်ယင်မှုအဆုံး အတုယူကြပါတယ်။ သတိပြုမိရင် ကျွန်တော်တို့ဟာ စိတ်ရဲ့တောင်းဆိုချက်အရ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေရဖို့ ကြိုးစားကြပေမယ့် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ အားနည်းလာခဲ့ကြပါ တယ်။
ကိုယ့်အနာဂတ်ပြဿနာနှင့် ပတ်သက်ပြီး မိဘနဲ့ ယခင်အစိုးရတွေကို ပြစ်တင်ပုံချကြပါတယ်။ ကိုယ့်ဘာသာ ဝေဖန်မှုတွေ အားနည်းကြပါတယ်။ မိဘက ဆင်းရဲတယ်ဆိုတာကို လက်ခံတယ်။ ပညာရေးစနစ် နိမ့်ကျခဲ့တာကို လက်ခံတယ်။ အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုကို လက်ခံလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ တိုးတက်မှုကို ဆန်းစစ်တိုင်း အဲဒီအပြစ်တွေကိုသာ မြင်နေပြီး ထိုင်ပြောနေရင် ကျွန်တော်တို့ဟာ ဆင်ခြေပေးသူတွေသာ ဖြစ်လာပါလိမ့်မယ်။ ပြောင်းလဲပေးနိုင်သူကိုသာ မျှော်လင့်နေရင် သူတစ်ပါးအားကိုးသူသာ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့မျှော်လင့်တဲ့ အနာဂတ်အိပ်မက် ကတော့ ရေပေါ်အရုပ်ရေးသလို ဖြစ်သွားပါလိမ့်မယ်။ ကျွန်တော်တို့တစ်တွေရဲ့ ကိုယ်ပိုင်အနာဂတ် အိပ်မက်တစ်ခုစီကို ကျွန်တော်တို့ပဲ တည်ဆောက်လို့ရပါတယ်။ ဘယ်သူမှ တည်ဆောက်ပေးလို့ မရပါဘူး။
ကိုယ်ဖြစ်ချင်တာတွေ မဖြစ်ရတာကြောင့် ကံတရားကို ယိုးမယ်ဖွဲ့ကြပါတယ်။ ကံ၊ ဉာဏ်၊ ၀ီရိယကို မဆန်းစစ်ကြပါဘူး။ တကယ်တမ်း ကြိုးစားခဲ့တယ်ဆိုရင် ဖြစ်ချင်တာ မဖြစ်ရရင်တောင် ဖြစ်သင့်တဲ့ အနေအထားလေးတစ်ခုတော့ ရှိလာမှာဖြစ်ပါတယ်။ ဖြစ်လာတဲ့ အနေအထားတစ်ခုမှာ ဖြစ်နေတဲ့ အခြေအနေကို အကောင်းဆုံး ဆောင်ရွက်နိုင်ခြင်းက ကိုယ့်ရဲ့ကိုယ်ပိုင်လောကကို တည်ဆောက်နေ တာပါပဲ။ မိသားစုအတွက်၊ တိုင်းပြည်အတွက်၊ လောကကြီးအတွက် စဉ်းစားပုံ စဉ်းစားနည်းသာ ကွာပေမယ့် ကျွန်တော်တို့အိပ်မက်တွေကို ခြုံငုံသုံးသပ်လိုက်ရင် နောက်ဆုံးမှာတော့ သာယာလှပတဲ့ လူ့ဘောင်လောကတစ်ခုကို ဖန်တီးချင်ကြတာ ဖြစ်ပါတယ်။
လောကရဲ့ တစ်နေ့ထက်တစ်နေ့ မတူညီတဲ့ ပြုပြင်ပြောင်းလဲမှုမှာ ရုပ်ပိုင်းဆိုင်ရာတွေကိုသာ အားကျ အတုယူပြီး နောက်ကွယ်က ပြုပြင်ပြောင်းလဲအောင် လုပ်ဆောင်နေသူတွေရဲ့ အတွေးကို လိုက်မီအောင် မတွေးနိုင်ရင်၊ သူတို့ဘယ်လို ကြိုးစားဆောင်ရွက်နေတယ် ဆိုတာတွေကို မသိရင်၊ သူတို့လို မကြိုးစားနိုင်ရင်တော့ သေချာပါတယ်။ ကျွန်တော်တို့ရဲ့ အနာဂတ်ဟာ အိပ်မက်ကနေ ဘယ်တော့ မှ နိုးထနိုင်မှာ မဟုတ်ဘဲ ခေတ်ရဲ့ကြိတ်ခြေ ၀ါးမျိုမှုကိုသာ ခံရပါလိမ့်မယ်။ ကိုယ်ဘယ်လိုလူလဲ။ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော အနာဂတ်ကို ပြုပြင်ပြောင်းလဲနိုင်သူ အစစ်က ဘယ်သူလဲဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်ဖို့သင့်ပါပြီ။
Eleven Daily News