ဓာတ်ခွဲခန်းမှ ထုတ်လုပ်တဲ့ မိန်းမအင်္ဂါကို အမျိုးသမီးလေးယောက်တွင် အောင်မြင်စွာထည့်သွင်း



သိပ္ပံပညာရှင်များက ဓာတ်ခွဲခန်းမှ ထုတ်လုပ်တဲ့ မိန်းမအင်္ဂါကို အမျိုးသမီးလေးယောက်မှာ ၂၀၀၅ ခုနှစ် ကနေ ၂၀၀၈ ခုနှစ် အတွင်းမှာ အောင်မြင်စွာ ထည့်သွင်းပေးနိုင်ခဲ့တယ်လို့ ကြေညာပါတယ်။ ဆရာဝန်များ ရဲ့ ပြောကြားချက်အရ လူနာများဟာ ကျန်းမာနေကြပါတယ်။

ခွဲစိတ်မှု ပြုလုပ်ချိန် မှာ အမျိုးသမီးလေးယောက် ရဲ့ အသက် ဟာ ၁၃ နှစ်ကနေ ၁၈ နှစ် အတွင်းမှာ ရှိကြပါတယ်။ အမျိုးသမီးလေးယောက် ဟာ Mayer-Rokitansky-Kuster-Hauser Syndrome (MRKH) လို့ ခေါ်တဲ့ အလွန်ရှားပါးတဲ့ မျိုးရိုးဗီဇ ဝေဒနာကို ခံစားခဲ့ရတာဖြစ်ပါတယ်။ အဲဒီ ဝေဒနာဟာ အမျိုးသမီး ၄၅၀၀ မှာ တစ်ယောက်သာ ဖြစ်လေ့ရှိပြီး ပုံစံမမှန်တဲ့ မိန်းမအင်္ဂါ ဒါမှမဟုတ် မိန်းမအင်္ဂါ လုံးဝ မပါရှိဘဲ မွေးဖွားလာတာဖြစ်ပါတယ်။ အဆိုပါ ဝေဒနာကို ကုသလေ့ရှိတဲ့ နည်းလမ်းက မိန်းမအင်္ဂါကို ခွဲစိတ် ပြီး ပြန်လည် ပြုပြင်ရတာဖြစ်ပါတယ်။ အဲဒီလို ခွဲစိတ် ပြုပြင်တဲ့အခါမှာ နာကျင်မှု ဝေဒနာကို ခံစားကြရပါတယ်။ နောက်ပြီး ရှုပ်ထွေးတဲ့ ခွဲစိတ်မှုကို ခက်ခဲစွာ ပြုလုပ်ကြရပါတယ်။ အထူးသဖြင့် ကလေးငယ်တွေကို ခွဲစိတ်ပြုပြင်ကြတဲ့အခါမှာ ပိုမိုခက်ခဲ ရှုပ်ထွေးတယ်လို့ သိရပါတယ်။ အဲဒီအတွက် ဆရာဝန်များက မိန်းမအင်္ဂါကို တီထွင်ခဲ့ကြတာဖြစ်ပါတယ်။

မိန်းမအင်္ဂါ အစိတ်အပိုင်းတွေကို ဝေဒနာရှင်တွေရဲ့ Cell တွေကနေ ပြုလုပ်တာဖြစ်ပါတယ်။ ဝေဒနာရှင်များမှ အလွန်သေးငယ်တဲ့ Tissue တွေကို ရယူပြီး ဓာတ်ခွဲခန်း ထဲမှာ ကြီးထွားဖွံ့ဖြိုးစေတာဖြစ်ပါ တယ်။ ခြောက်ပတ်အကြာမှာတော့ အမျိုးသမီးမှာ ခွဲစိတ်ထည့်သွင်းပေးတာဖြစ်ပါတယ်။ အဆိုပါ မိန်းမအင်္ဂါ ထည့်သွင်းထားတဲ့ အမျိုးသမီးများဟာ သာမာန်အမျိုးသမီးများလိုပဲ လိင်စိတ်ဆန္ဒ ဖြစ်ပေါ်တာနဲ့ စိတ်ဆန္ဒ ပြီးမြောက်တာ တွေကို ရရှိခံစားနိုင်ပါတယ်။

သူရ
Myanmar Digital Life Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...