ဆီးချို သွေးချို ရောဂါဝေဒနာရှင်များအတွက် ပျားမြီးရွက်
တစ်နေ့တွင် စာရေးသူနှင့်အတူ တိုင်းရင်းဆေးဆရာ ဦးအေးချိုတို့ ကျောက်မြောင်း အောင်မင်္ဂလာ မြို့ပတ် လမ်းရှိ ဦးသိန်းလှ(ဦးအန်းတူ) အလုပ်ရုံသို့ ရောက်ရှိသွားပါသည်။ ဆီးချို သွေးချို ရောဂါရှင် ဦးသိန်းလှ (ဦးအန်းတူ)ကို ကျန်းမာဝဖြိုးစွာ တွေ့လိုက်ရ၍ ဆရာ ဦးအေးချိုက—
ဦးသိန်းလှ အသားအရေ ပြောင်းလဲပြီး ကျန်းမာဝဖြိုးနေပုံထောက်တော့ ခင်ဗျားဆီးချိုရောဂါ တော်တော် အခြေအနေ ကောင်းနေပြီနဲ့တူတယ်။ ဘယ်လိုဆေးကောင်းတွေ့ပြီး ကျန်းမာဝဖြိုးလာတာလဲဆိုတာ
ပြောပြစမ်းပါဦး—
တခြားတော့ မဟုတ်ဘူး ဆရာချို၊ ကျွန်တော်တို့ မိတ်ဆွေတစ်ယောက် ညွှန်ပြလိုက်လို့ ဆီးချိုကျ ဆေးပင် တစ်မျိုးရပြီး အညွှန်းအတိုင်း စားတာနဲ့ ဆီးချိုရောဂါ သက်သာသွားတာပဲ။ ဆေးပင်နာမည်က ဘာတဲ့လဲဗျ၊ အပင်ရှိရင်လဲ မျိုးပေးပါဦး၊ ကျွန်တော်တို့ သုတေသနလုပ်ပြီး ရောဂါဝေဒနာရှင်တွေကို ညွှန်ပြရတာပေါ့။
ဆေးပင်နာမည်က ပျးမြီးရွက် အပင်လို့ ခေါ်တယ်။ အပြည့်အစုံသိချင်ရင်တော့ ကျွန်တော့်ကို ဆေးပင်ပေး တဲ့သူရဲ့ အညွှန်းအတိုင်း ပြောပြမယ်၊-ဟုဆိုကာ ဦးသိန်းလှ-က ဆီးချိုရောဂါ သက်သာပျောက်ကင်းစေသော တိုင်းရင်းဆေး ပျားမြီးရွက်အပင်အကြောင်း အောက်ပါအတိုင်း ပြည့်ပြည့်စုံစုံ ပြောပြခဲ့ပါသည်။
ဆေးပင်အမည်မှာ ပျးမြီးရွက်အပင် (bee’s tail plant)ဟုခေါ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မူရင်းစိုက်ပျိုး ကာ ယိုးဒယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာနိုင်ငံများသို့ တိုင်းရင်းဆေး ဝါသနာရှင်များက မျိုးပွားယူ ခဲ့ကြောင်း၊ အပင်၏ ပုံသဏ္ဍာန်မှာ ပျင်ပျော့နွယ်ပင်ဖြစ်ကာ အရွက်သည် ပျားကိုယ်နောက်ပိုင်းနှင့် တူလျက် အရွက်ဘေးတွင် အထစ်များ ပါဝင်သည်။ ပင်စည်နီညိုရောင်နှင့် အစိမ်းရောင် (၂)မျိုးရှိကြောင်း
လေ့လာတွေ့ရှိရသည်။ အရွက်သည် ပျားပြီးနှင့်တူကာ သာမန်အရွက်သည် အလျား(၄)လက်မခန့်နှင့် အနံ(၂)လက်မခန့် ရှိလျက် မြေသြဇာကောင်းလျှင် အလျား (၅)လက်မခန့်နှင့် အနံ(၂)လက်မခွဲခန့် ရှိသည်။ အခက်အလက် တို့ကို ဖြတ်၍ မြေတွင်စိုက်ရုံဖြင့် မျိုးပွားရှင်သန်လွယ်သည်။
ဆေးသုံးစွဲပုံ—
ဦးစွာ ဆီးချို သွေးချိုကို စစ်ဆေးတိုင်းတာရပါမည်။ ပုံမှန်ထက် အနည်းငယ် တက်နေပါက တစ်နေ့လျှင် ပျားမြီးရွက် (၁)ရွက်အားရေသန့်သန့်နှင့် ဆေး၍ ဝါးစားရန် ဖြစ်ပါသည်။ စားပြီး နောက်တစ်နေ့တွင် ဆီးချို သွေးချို ပြန်စစ်ကြည့်ပါ။ ပုံမှန်ဖြစ်သွားပါက ဆက်စားရန် မလိုပါ။ ဆီးချို သွေးချိုသည် (၂၀၀)နှင့် (၂၆၀)ကြား ရှိပါက ပျားမြီးရွက် (၃)ရွက်အား ရေသန့်သန့်နှင့်ဆေး၍ ဝါးစားရန် ဖြစ်ပါသည်။ နောက်တစ်နေ့ တွင် ခါတိုင်းကဲ့သို့ ဆီးချို သွေးချိုကို ပြန်တိုင်းကြည့်ပါ။ ပုံမှန်ဖြစ်ပါက ဆက်မစားဘဲ နေနိုင်ပါသည်။
အကယ်၍ ဆီးချို သွေးချိုသည် (၄၆၀)ကျော်ထိ ရှိပါက ပျားမြီးရွက် (၆)ရွက်မှ (၉)ရွက်အား ရေသန့်သန့် နှင့်ဆေး၍ ဝါးစားရန် ဖြစ်ပါသည်။ နောက်တစ်နေ့တွင် ခါတိုင်းကဲ့သို့ ဆီးချို သွေးချိုကို ပြန်တိုင်းကြည့်ပါ။ ပုံမှန်ဖြစ်ပါက ဆက်မစားဘဲ နေနိုင်ပါသည်။
အကယ်၍ ဆီးချို သွေးချိုသည် ပျားမြီးရွက် အစားများ၍ တအားကျဆင်းသွားပါက လက်ဖက်ရည်အချို စသည့် စားစရာ ဖျော်ရည်တို့အား သုံးဆောင်နိုင်ပါသည်။ မူလအခြေအနေ (Normal Level) သို့ ရောက် သွားသောအခါ အချိုဖျော်ရည်၊ အစာတို့ကို ခေတ္တရပ်ထားလိုက်ပါ။ ဆီးချို သွေးချိုကြောင့် ခွဲစိတ်ရန် လိုအပ်သူများသည် အထက်ပါ ပျားမြီးရွက်စားသုံး၍ အဆင်ပြေခဲ့ကြောင်း လေ့လာသိရှိရပါသည်။
မူလအပင်အား မလေးရှားနိုင်ငံမှ (၂၀၀၁-၂၀၀၂)ခုနှစ်တွင် ရရှိခဲ့ပြီး ထပ်ဆင့် မျိုးပွားခဲ့ပါသည်။ ယခု အခါ မြန်မာနိုင်ငံ ရန်ကုန်၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ပဲခူး၊ မြိတ်၊ ကောင့်သောင်း၊ ကျိုင်းတုံ၊ နမ်းခမ်း၊ တောင် ကြီး၊ ဝန်းသို၊ ဂန့်ဂေါ၊ မန္တလေး၊ ပျဉ်းမနား၊ လက်ပံတန်း၊ ဖားကန့်ဒေသများရှိ ဆီးချို သွေးချို ရောဂါဝေဒနာ ရှိသူများ၊ တိုင်းရင်းဆေးပင် စိတ်ပါဝင်စားသူများ လက်သို့ မျိုးပွားဖြန့်ဝေပေးပြီး ဖြစ်ကြောင်း သိရှိရပါသည်။ ဆီးချို သွေးချိုရှိသူ ဝေဒနာရှင် စားသုံးသူများအတွက် အကျိုးထိရောက်မှု ရှိကြောင်း သိရှိရပါသည်။
ဆရာ ဦးအေးချို၏ မိတ်ဆွေ ဦးသိန်းလှ (ဦးအန်းတူ) က ပျားမြီးရွက်အပင်၏မူရင်း စိုက်ပျိုးသောနိုင်ငံ၊ မျိုးပွား ယူခဲ့သော နိုင်ငံနှင့် ပျံ့နှံ့နေသည့် နေရာဒေသများအကြောင်း အကျယ်တဝင့် ပြောပြခဲ့ပါသည်။
နက္ခတ္တရောင်ခြည် စာဖတ်ပရိသတ်များနှင့် ဆီးချို သွေးချို ရောဂါဝေဒနာရှင်များ အကျိုးရှိရှိ အသုံးချနိုင်ရန် ဆီးချို သွေးချို ရောဂါဝေဒနာရှင်များအတွက် တိုင်းရင်းဆေး ပျားမြီးရွက်အပင်အကြောင်း နက္ခတ္တရောင်ခြည် မဂ္ဂဇင်းစာမျက်နှာပေါ်မှ ရေးသားတင်ပြလိုက်ရပေသည်။
ဇော်ရဲနိုင်
(နက္ခတ္တ ၂၀၀၆-၃)
via lyhealthcare.com/ MP4U