" သေရမှာ ကြောက်စရာလား "



မိမိရဲ့ဆရာဝန်သက်တန်းတစ်လျှောက်မှာ လူနာများစွာ ရောဂါပြင်းထန်သူများစွာ သေတဲ့ သူများစွာနဲ့ လုပ် ငန်းသဘာဝအရ ရင်းနှီးစွာ ဆုံခဲ့ရဘူးပါတယ်။ အဲဒီအထဲမှာ သေရမှာမကြောက်တဲ့ သူဆိုလို့ မှတ်မှတ်ရရ ( ၂ )ယောက်သာ တွေ့ခဲ့ဖူးပါတယ်။

တစ်ယောက်ကအသက် ၉၀ လောက် အမေကြီး တစ်ယောက် ပါ။ မိမိသိသလောက်နှစ် ပေါင်းများစွာ ဘယ်သူ့ကိုမှ အပြစ်တင်တာမျိုး ဒုက္ခပေးတာမျိုးမရှိပါဘူး။ မသေခင် ၂နှစ် လောက်ကထဲက သူသေရင် လာကြည့်ပြီး သေ မ သေ ဆုံးဖြတ်ပေးဖို့မှာထားပါတယ်။ ပြီးတာနဲ့ ချက်ချင်း အသုဘချဖို့ကြိုမှာထားတာပါ။ သူအသည်း အသန်ဖြစ်တော့ မိမိသွားကြည့်ပေးရပါတယ်။ဘယ်လိုမှအ ခြေအနေမကောင်းတဲ့ ကြားကမိမိ ကို ခပ်ရဲ့ရဲ့ပြုံးပြရင်း" ဆရာလေး မရတော့ဘူး မဟုတ်လား"လို့မေးလိုက်ပါသေး တယ်။ တနာရီ လောက် ကြာတော့ ဆုံးသွားပါတယ်။ တချက်မှမငြီးပါဘူး။ အေးအေးဆေး ဆေးပါပဲ။ သမထ ဝိပဿနာတွေ အားထုတ် မထားပေမဲ့ သူဟာနှစ်ပေါင်း များစွာသီလတွေ လုံခဲ့ပါတယ်။ စိတ်ကောင်းတွေရှိခဲ့ပါ တယ်။ အဲဒီနှစ်ချက် နဲ့သေခြင်းတရားကို မတုန်မလှုပ် ရင်ဆိုင်သွားနိုင်ခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ နည်းလမ်းမှန်စွာ တရားအားထုတ်ထားတဲ့ မိတ်ဆွေတစ်ယောက်ပါ ။ သေခါနီးမှာ " နီးပြီနဲ့တူတယ်" ဆိုတဲ့စကား တစ်ခွန်းသာပြောပြီး တည်ငြိမ်အေးဆေးစွာ တရားနဲ့သေ သွားခဲ့တာပါ။ သူတိုနှစ်ယောက်လုံးဘာမှ လူးလှိမ့်ခံစားသွားရတာမျိုး မရှိပါဘူး။

တစ်နေ့က အရေးပေါ်လူနာလိုက်ကြည်ဖို့လူနာလာပင့် တာနဲ့လိုက်ကြည့်ပေးရပါတယ်။ မိမိရောက် သွားတော့ လူနာကပက်လက် ကုလားထိုင် မှာထိုင်နေရက်သား တွေ့ရပါတယ်။ အသက်တော့ မရှိတော့ပါဘူး။ အသက် ၇၈ နှစ် ရှိပါပြီ။ အ ထွေအထူးရောဂါမရှိပါဘူး။ နေ့တိုင်းဒီကုလားထိုင် မှာထိုင်ရင်း သားသမီးတွေနဲ့ စကားပြောနေကျပါ။ ဆုံးတဲ့နေ့ကသမီး တစ်ယောက်က အနားမှာဆန်ရွေးနေတာပါ။ သူ့အ မေနဲ့စကားပြောနေရင်းသူ့ကိုဘာမှပြန်မပြောလို့ အိပ်ပျော်နေတယ်ဘဲထင် နေခဲ့တာ။ သေချာကြည့် ရင်း အသက်ရှုတာမတွေ့တာနဲ့ တခုခုမှားတယ်ထင်ပြီး မိမိကို လာပင့်တာပါ။ ဘာတခုမှမသိသာလိုက် ပါဘူး။ဒီလူနာဘဝကူးသွားပုံဟာ ညင်သာလှပါတယ်။ အကြောင်းသိလူနာတွေမို့ မိမိ သိထားတာတွေ ရှိပါတယ်။သူဟာဘာတရားမှ အားထုတ် ထားခြင်း မရှိပါဘူး။သာမာန်မိရိုးဖလာဗုဒ္ဓဘာသာပါပဲ။

မိမိရဲ့ဆရာဝန်သက်တမ်း ၂၅ နှစ်ကျော်အတွင်းမှာ မြိုခံ ဆရာဝန်ဆိုတော့ အခုလိုဆေးကုစရာ မလိုတဲ့ လူနာတွေ များစွာကို လုပ်ငန်းသဘာဝအရ ကြည့်ခဲ့ရပါတယ်။ တချို့လည်းသေခါနီး ဆဲဆဲပါ။ စောစောက လူနာလိုဘဲတချို့တတွေဟာ အလွန်ညင်သာ ပါတယ်။ ခြုံထားတဲ့စောင်ကလေးတောင် မတွန့်ပါဘူး။ တစ်ချို့ကျ တော့ လဲ cancer လိုရောဂါမျိုးနဲ့ ဆိုတော့ မသေခင်မှာ နာကျင်မှုကို တော်တော်ခံစားကြရပါ တယ်။

ဘာဘဲပြောပြောလူအများစုဟာသေမှာကို တော်တော် ကြောက်ကြပါတယ်။တချို့အစ အနောက်တောင် မခံနိုင် ပါဘူး။အစမ်းသေကြည့်တာတောင် စိတ်ထဲမှာမခံနိုင် ပါဘူးဆိုတဲ့ သူတွေလည်းအများကြီးရှိနေပါ တယ်။ မိမိလေ့လာကြည့်သ လောက်လူတွေဟာ

၁။မ သေခင်သေ လောက်အောင် နာမှာဘဲဆိုပြီး နာမှာကို ကြောက်ကြပါတယ်။

၂။ထားခဲ့ရမဲံ့သက် ရှိသက်မဲ့အရာတွေ အပေါ် မှာစွဲလန်းတဲ့ စိတ်နဲ့လည်းသေမှာကို ကြောက်ကြပါတယ်။
၃။နောက်ဆုံးအချက်က သေပြီးရင် အပါယ်ကျမှာစိုး လို့လည်း ဒီဘဝကိုစွန့်ပြီး မသေရဲကြပါဘူး

ဒီအကြောင်းကို နည်းနည်းစဉ်းစားကြည့်စေချင်ပါတယ်။ တကယ်တော့ သေတယ်ဆိုတာဟာ အလွန်ကြောက်စရာ ကောင်းတဲ့အရာကြီးတခု ကိုယ့်ဆီရောက်လာတာ မဟုတ် ပါဘူး။ မ နေရတော့တာ တစ်ခုပါပဲ။ နေခွင့်မရှိ တော့တာ၊ နေခွင့်တစ်ခု ကုန်ဆုံးသွားတာဟာသေတာပါပဲ။ ရှေ့ကလူတွေလည်း ဒီလိုဘဲနေခွင့်တွေကုန်ဆုံးသွားခဲ့ ရတာပါ။သူတို့လည်း ဒီလိုဘဲ ရင်ဆိုင်သွားခဲ့ကြတာပါပဲ။ ကိုယ်ကော ဘာလို့ကြောက်နေရမှာလဲ။ နေခွင့်မရှိရင် မနေရုံဘဲပေါ့။

စောစောက ပြောခဲ့တဲ့လူနာတွေလိုဘာမှ သိပ်မခံစားရဘဲ သေသွားတဲ့သူတွေမျိုး အားလုံးကြုံဖူးကြမှာပါ။
သေလောက်အောင် ဖေါက်ပြန်လို့သာ သေသွားတယ် ဆိုတာမှန်ပါတယ်။ဒါပေမဲံ့ အဲဒီ ဖေါက်ပြန်တာကို အလွန်နာမှာဘဲလို့တော့ မယူဆ စေချင်ပါဘူး။ Cancer လိုရောဂါမျိုးမို့ နာကျင်မှုတွေ ခံစားရမယ်ဆိုရင် လည်း နာစရာရှိတာနာပေါ့။အနာ သက်သာတဲ့ဆေးတွေနဲ့ လည်းကုမှာပေါ့။ ဒါပေမဲ့နောက်ဆုံး အချိန် သေခါနီး မှာတော့ မနာတော့ပါဘူး။

သေခါနီးမှာ ကာယပသာဒတွေ အရင်ဆုံး ချုပ်ပါတယ်။ ကျန်တာတွေလည်းတဖြည်းဖြည်း ချုပ်သွားရင်းနဲ့ တဖြည်းဖြည်း ဆုပ်သွားလိုက်တာ နောက်ဆုံး မနောဝီဥာဉ် စိတ်ကလေး တစ်ခုသာ ကျန်ပါတယ်။
ကာယ ပသာဒချုပ်ကထဲက ဘာနာကျင်မှုမှ မရှိတော့ ပါဘူး။ ဘာထိတွေ့မှုကိုမှ မသိတော့ပါဘူး။ ဒီအကြောင်းတွေကို မြတ်စွာဘုရားဟောတဲ့ ဖက္ခုနသုတ္တန် မှာ အသေးစိတ်ပါပါတယ်။

ဆိုလိုချင်တာက မိမိတို့အများစု ကြောက်နေကြတဲ့ နာကျင်မှုတွေလုံးဝ မရှိဘဲနဲ့သေခါနီးမှာ တရားနှလုံးသွင်း ဖို့အချိန် ကောင်းစွာရပါတယ်။ ကိုယ့်စိတ်ကလေး ကိုကြည့်နေရင်းနဲ့ သေရမှာပါ။ ဆရာတော် ဦးဇောတိက လည်း ဒီအကြောင်းတွေဟောခဲ့ ဘူးပါတယ်၊ နှလုံးခုန်ရပ်ပြီး အသက်ရှုရပ် ပြီး မိနစ် ၂၀ လောက် ကြာတဲ့ အထိ သိတဲ့ စိတ်က ဆက်ရှိနေပါတယ်။ အဲဒီအချိန်လေးမှာသာမိမိတို့ အားထုတ်ရင်းသေနိုင် ခဲ့မယ်၊ ကုသိုလ်စိတ်တွေနဲ့ သေနိုင်ခဲ့မယ်ဆိုရင် ဘာမှကို ပူစရာ မလိုတာပါ။ သေခါနီးလူတွေ အစက ဘယ်လောက်ဘဲ နာလို့ အော်ဟစ်ရုန်းကန်နေပေမဲ့ တကယ်သေတော့မဲ့ အချိန်နီးလာရင် ငြိမ်သွားတတ်တာ ဆရာဝန်တွေ တော်တော်များများ သတိထားမိမယ် ထင်ပါတယ်။ မိမိအ နေနဲ့ pressure 40/0 နဲ့ ၉ နာရီလောက် မနာကျင်ဘဲနေပြီးမှ အချိန် ကောင်းစွာ ရပြီးဆုံးသွား တဲ့ အစာအိမ် cancer လူနာ တစ်ယောက်ကို တွေ့ခဲ့ ဖူးပါတယ်။ မိမိတို့သာ သူတော်ကောင်း တရားတွေနဲ့လေ့ကျင်ထားမယ် အား ထုတ်ထားမယ်ဆိုရင် အဲဒီအချိန်လေးမှာ ဆက်ပြီး အားထုတ်သွားရုံပါပဲ။ အဲဒီလိုသာ အားထုတ်နိုင်ရင် ဒီဘဝ တရားမရရင်တောင် ဒုတိယဘဝမှာ ရနိုင်တဲ့ အကြောင်းကို ဘုရားရှင် အာမခံထားတော်မူခဲ့ပါတယ်။

အဲဒီလို quality ကောင်းတဲ့စိတ်နဲ့သာ သေနိုင်သွားရင် ကျန်ခဲံ့တာတွေ ဘာစွဲစရာရှိသေးလို့လဲ။ နောက် ဘဝဘာဖြစ်မယ်ဆိုတာကိုလည်း တွေးပူစရာ မရှိပါဘူး။ အပါယ်ကျဖို့ဆိုတာ ခေါင်းထဲမှာ ထည့်ထား စရာတောင် မလိုတာပါ။

အရေးကြီးတာက မိမိဘက်က အခုလိုကျန်းမာရေး ကောင်းလို့ စွမ်းနိုင်တုံးမှာ သီလ၊ သမာဓိ၊ ပညာ အကျင့်တွေကို နည်းလမ်းမှန်စွာ ကြိုးစားအားထုတ်ဖို့ပါဘဲ။ နေတဲ့အချိန်မှာ ကာယကံ၊ ဝစီကံ၊ မနော ကံတွေ ကောင်းသည် ထက်ကောင်းအောင် လေ့ကျင့် ထားမယ် ဆိုရင် သေတဲံ့အခါမှာလည်း ဒီအလေ့ အကျင့်တွေက သူ့အလုပ်သူ လုပ်ဆောင်သွားပါလိမ့်မယ်။

"ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ" တရားကျင့်သောသူကို တရားက ပြန်စောင့်ရှောက်တယ်ဆိုတဲ့ ဘုရားဟော ခဲ့တဲ့ တရားတော်ကို အကြွင်းမဲ့ယုံစေချင်ပါတယ်။

ကဲ…သေရမှာကြောက်စရာလား????????

ပြည်မြန်မာ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...