ဂျပန်လူငယ်တွေ လိင်ဆက်ဆံမှုမရှိကြတော့တာ ဘာကြောင့်လဲ?



အသက် ၄၀ အောက် ဂျပန် အမျိုးသမီး၊ အမျိုးသားတို့ လိင်စိတ် ကုန်ခမ်းနေပြီ သို့မဟုတ် စိတ်မ၀င် စားကြတော့ဘူးတဲ့။

ဒါကတော့ ဂါးဒီးယန်း အွန်လိုင်းမှာ ရေးထားတဲ့ ဆောင်းပါး ကောက်နုတ်ချက်ပါ။ အပြည့်အစုံကို http://www.theguardian.com/world/2013/oct/20/young-people-japan-stopped-having-sex မှာ ဖတ်နိုင်ပါတယ်။

ဂျပန်လူငယ်တွေ လိင်ဆက်ဆံခြင်း မရှိတော့တာ ဘာကြောင့်များလဲ Why have young people in Japan stopped having sex? လို့ ဆောင်းပါးကို ခေါင်းစည်းပေးထားပါတယ်။

ဆောင်းပါးရဲ့ အဆိုအရ ... အသည်းကွဲလို့မဟုတ်ပေမယ့် အချစ်ကို နောက်ဆုံး ဦးစားပေးအဆင့်မှာတောင် မထားတော့တဲ့သဘော ဖြစ်လာကြသူတွေ ရှိနေပါပြီ။ Ai Aoyama ဆိုတဲ့ လိင်ပိုင်းဆိုင်ရာ ချစ်မှုရေးရာ ပြဿနာတွေ ကို ကုထုံးရှာပေးသူက သူ့ဆီ ရောက်လာတဲ့ ကိုကိုမောင်မောင်တွေရော မမမီးမီးတွေ ပါ အချစ်ရဲ့ အရေးပါပုံကို မသိကြတော့ဘူး၊ ထိတွေ့ရင်းနှီးမှုဆိုတာဟာလည်း ခဲရာခဲဆစ်ဖြစ်လာကြတယ် တဲ့။

ဆောင်းပါးမှာ ဒီပညာရှင်ရဲ့ ပြောစကား အတော်များများကို ကိုးကားထားတာပါ။ ဒါ့အပြင် စစ်တမ်းတချို့ကို လည်း ကိုးကားပါတယ်။

ဂငယ်တွေ ဒီလိုဖြစ်နေပြီလား။ အာဒမ်နဲ့ ဧဝတို့ လက်ထက်ကတည်းက ဆောင်ရွက်ခဲ့ကြတဲ့ အရေးကြီးတဲ့ အစဉ်အလာကို သူတို့ တကယ်ပဲ ရပ်တန့်လိုက်ပြီလား။ ဆောင်းပါးမှာ ရေးထားသလို (ရာခိုင်နှုန်း နည်းပေမယ့်) လူငယ်တချို့က သဘာဝကို ကလန်ကဆန် လုပ်နေပြီလား။

မီဒီယာမှာ ဖတ်ရ တွေ့ရသမျှကိုလည်း အရမ်းကာရော ယုံလို့ မဖြစ်ဘူး။ ဒီဆောင်းပါးက စစ်တမ်းတချို့ကို ကိုးကားထားတယ် ဆိုပေမယ့် စစ်တမ်းတွေကလည်း ပေါက်ကရအဖြေတွေ ထွက်တတ်တာကိုလည်း သတိချပ်ရပါမယ်။ ဂျပန်မှာလည်း ရွှေတွေ အများကြီးရှိတာပဲ။ ကြုံကြိုက်တဲ့အခါ ဒီအကြောင်း လှမ်းမေးကြည့် သင့်ပါတယ်။

ဂျပန်ကလာတဲ့သတင်းတွေထဲမှာ တချို့က တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဥပမာ ဂျပန်ပြည်က ကိုရီးယားများ http://blog.irrawaddy.org/2013/08/blog-post_29.html ဖြစ်ပါတယ် - ဆောင်းပါးအကြောင်း ဆက်ရရင် - ဂျပန်မှာ အိမ်ထောင်သားမွေးကိစ္စကို ရှောင်ရှားလိုတာဟာ စားဝတ်နေရေးအတွက် စရိတ် ကြီး၊ ကလေးပြုစုပျိုးထောင်ရတာလည်း စရိတ်ကြီးတာနဲ့ တခြားအချက် အများအပြားရှိကြောင်း ဆောင်းပါးမှာ ရေးထားပါတယ်။

ဂျပန် ဆိုရိုးစကားတခုကလည်း "အိမ်ထောင်ပြုခြင်းဟာ အမျိုးသမီးတယောက်ရဲ့ ဂူသင်္ချိုင်းဖြစ်တယ်" လို့ ဆိုထားပါတယ်။ အမျိုးသမီးဝန်ထမ်းတယောက် အိမ်ထောင်ပြုလိုက်ရင် ရာထူးမတိုးတော့ဘူး၊ မကြာခင် ဗိုက်ကြီးတော့မယ်လို့ အလုပ်ရှင်တွေက ယူဆတယ်၊ ကလေးရပြီဆိုရင် ကလေးနဲ့အလုပ်ကြား စီမံခန့်ခွဲရေးလုပ်ဆောင်ရတာ မလွယ်တော့ဘူး။ ဒါနဲ့ပဲ အိမ်ထောင်ရှင်မဘ၀ ပြန်ရောက်၊ မီးဖိုဆောင်ကို ပြန် စိုးမိုးတဲ့ဘ၀ ပြန်ရောက်တယ်၊ ကိုယ်ပိုင် ၀င်ငွေလည်း မရှိတော့ဘူး။ ဂျပန်အမျိုးသမီးတွေထဲက ၇၀ ရာခိုင်နှုန်းဟာ ပထမကလေး ရပြီးတိုင်း အလုပ်ထွက်ကြတယ်တဲ့။

ဒါဆိုရင် အလုပ်ခေါ်စာတွေဟာ သူတို့ဆီမှာလည်း မြန်မာပြည်နဲ့ တူမယ် ထင်ပါတယ်၊ ၀န်ထမ်းအလိုရှိ သည်၊ အမျိုးသမီး ဖြစ်ရမည်၊ အိမ်ထောင်မရှိသူ ဖြစ်ရမည် စသဖြင့်။

အစိုးရထုတ်ပြန်ချက် စာရင်းတွေအရ ဆိုရင် ဒီနှစ်ဟာ ခါတိုင်းနှစ်တွေထက် ကလေးမွေးနှုန်း ကျဆင်းနေ တယ်တဲ့။ အိမ်ထောင်ပြုနှုန်း နည်းလာ၊ ပြုပြန်ရင်လည်း သားဆက် လုံးဝ ဖြတ်တောက်ထားတဲ့သဘောပေါ့။
အစိုးရ လူဦးရေ ဌာနရဲ့ အဆိုအရ ကနေ့ခေတ် အသက် ၂၀ ကျော် ဂျပန်အမျိုးသမီးတွေထဲက လေးပုံတပုံ ဟာ ဘယ်တော့မှ အိမ်ထောင်မပြုတော့ဘူး လို့သဘောထားပေးကြတယ်၊ အိမ်ထောင်ပြုမယ် ဆိုရင်တောင် ကလေးမယူဘူးကွ ဆိုတဲ့ ရာခိုင်နှုန်းက ၄၀ ရာခိုင်နှုန်းနီးနီး ရှိပါသတဲ့။

အဲ ... ဒီဆောင်းပါးရဲ့ ဆိုလိုရင်းက အိမ်ထောင်သားမွေးခြင်း မဟုတ်ပါဘူး၊ လိင်စိတ် ကင်းမဲ့လာခြင်းပါ။

အသက် ၄၀ အောက် ဂျပန် အမျိုးသမီး၊ အမျိုးသားတို့ လိင်စိတ် ကုန်ခမ်းနေပြီ သို့မဟုတ် စိတ်မ၀င် စားကြတော့ဘူး ဆိုတော့ ၄၀ အထက် ဂျပန်တွေကရော ဘယ်လိုလဲ။ ဒီအကြောင်းတော့ ထည့်ရေး မထားပါဘူး။ ဒီဆောင်းပါးက ၄၀ အောက် များအကြောင်းကိုပဲ သီးသန့် စုံစမ်းထောက်လှမ်း ရေးသားခဲ့ ဟန်တူပါရဲ့။

လိင်စိတ် သားစိတ် အိမ်ထောင်ပြုလိုစိတ် မရှိတဲ့၊ ရည်းစားတောင် မထားချင်တဲ့ အရေအတွက်ဟာ ခေတ် လူငယ်တွေကြားထဲ အတွေ့ရများလာပါပြီ တဲ့။ Emi Kuwahata ဆိုတဲ့ ၂၃ နှစ်အရွယ် ကလေးမက သူ့ထက် ၁၃ နှစ် အသက်ကြီးတဲ့သူတယောက်နဲ့ အဆက်အဆံ ရှိပါတယ်၊ သို့သော်လည်း တပတ်တကြိမ် ကလပ်သွားဖို့ပါ ဆိုပဲ။ ပုံမှန် ရည်းစားတယောက်လောက်ထားဖို့ အချိန်မပေးနိုင်ဘူးလို့ ဖက်ရှင်ဒီဇိုင်နာဖြစ် လိုတဲ့ အဲဒီ သူငယ်မက ဆိုတယ်။ သူ့သူငယ်ချင်း Eri Asada ဆိုတဲ့ ၂၂ နှစ်အရွက် ကလေးမကလည်း စုံတွဲခုတ်တဲ့ကိစ္စ စွန့်လွှတ်ခဲ့တာ သုံးနှစ်သုံးမိုး ရှိပါပြီတဲ့။ ဘဲအဟောင်းတွေရော လိင်မှုရေးရာတွေကိုပါ တမ်းတမနေပါဘူး၊ ခုဆိုရင် လက်ကလေးကိုဆုတ်ကိုင်ချင်တယ် ဆိုတာမျိုးတောင် မကြိုက်ချင်တော့ဘူး ဆိုပဲ။

အာသဝေါကင်းသလိုလို ဖြစ်လာကြတာဟာ စမတ်ဖုန်းလိုပစ္စည်းမျိုးတွေကို ရူးသွပ်မှုကြောင့်များလား။
ဒါလည်း တစိတ်တပိုင်း သက်ဆိုင်သလို ဆောင်းပါးနောက်ဆုံးပိုင်းမှာ ရေးထားတာ တွေ့ရမှာပါ။
အင်တာနက်သုံးပြီး လူမှုကွန်ရက်ထဲက မိတ်ဆွေများနဲ့ ထွေရာလေးပါးပြောတာကို ပိုမို အချိန်ပေး လာ၊ နှစ်သက်လာနေကြပါတယ်။ စမတ်ဖုန်းရဲ့ ထိတွေ့မျက်နှာပြင်ကိုလည်း ပွတ်သပ်၊ ကိုယ့်ချစ်သူကိုလည်း ပွတ်သပ်သင့်တယ် မဟုတ်ဘူးလား။

တကယ်ပဲ ၄၀ အောက်တွေထဲက တချို့ဟာ ဧကစာရီကျင့်ကြပြီလား ဆိုတာကို ဂျပန်ရောက် ရွှေတွေကို လှမ်းမေးကြည့်ဖို့ လိုမယ်လို့ ထင်ပါတယ်။

IRRAWADDY

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...