အချစ်ရဲ့ ကိုယ်ဟန်အနေအထား


လေမှာ ကိုယ်ဟန်အနေ အထားရှိတယ်။ လေညင်းလေး တိုက်ခတ်သွားတဲ့အခါ ကိုင်းညွှတ် သွားတဲ့ သစ်ပင်၊ လှိုင်းထ သွားတဲ့ရေပြင်က လေရဲ့ကိုယ်ဟန် အနေအထားကို ဖော်ပြနေ တာဖြစ် တယ်။ နေရောင်ခြည် မှာလည်း ကိုယ်ဟန်အနေ အထားရှိတယ် ထင်ပါရဲ့။ နေကြာပန်းက တောက်ပ တဲ့ နေရောင်ခြည်ရဲ့ ဘာသာ စကားဖြစ်တယ်။

ဘဝမှာလည်း ကိုယ်ဟန်အနေ အထားရှိတယ်လို့ ကျွန်မထင်တယ်။ အချစ်ကရော ဘာကိုယ်ဟန်အနေ အထားရှိမလဲ၊ ပွေ့ဖက်တာ၊ နမ်းရှုပ်တာ ဒါမှမဟုတ် လိပ်ပြာလေးရဲ့ အတောင်ဖြန့် ကကွက်လေလား၊

အသက် ၆၂နှစ် ရှိပြီဖြစ်တဲ့ ထိုင်ဝမ် အမျိုးသားတစ်ဦးဟာ ဆံပင်တွေဖြူ ဆွတ်နေပြီဖြစ်တဲ့ သူ့အမေအိုကို ပန်းကွက်ပါတဲ့ အဝတ်စကျားနဲ့ သိုင်းဖက်ပြီး ဆေးရုံကစောင့် ဆိုင်းခန်းမှာ ဆရာဝန်ကို စောင့်နေခဲ့တယ်။ အမေအိုရဲ့ခေါင်းက အဲဒီအမျိုးသားရဲ့လက်မောင်းပေါ်မှာ မှီထားတာဟာ အေးဆေးငြိမ်းချမ်းတဲ့ ကလေးငယ် တစ်ယောက်လိုပါပဲ။ ဒီမြင်ကွင်း ကိုတွေ့ပြီး ခဏတာမှာ ကျွန်မသဘောပေါက် သွားခဲ့ပါတယ်.. ဒါဟာ ချစ်ခြင်း မေတ္တာရဲ့ကိုယ်ဟန်အနေအထား ပဲဖြစ်မယ် ဆိုတာကို ကျွန်မသဘောပေါက်သွားခဲ့ပါတယ်။ ကျွန်မတို့ငယ်ငယ်တုန်းကလည်း မိခင်က အဲဒီလိုပဲ ကျွန်မတို့ကို သူ့ရင်ခွင် ထက်မှာ နွေးနွေး ထွေးထွေး ထွေးပွေ့ခဲ့ပါတယ်။ ကျွန်မတို့ကြီးပြင်းလာတဲ့ အခါမှာရော မိခင်ကို အဲဒီလိုပွေ့ဖက်နိုင်မလား။

မိခင် ရင်ခွင်ထက်မှာ နုငယ်တဲ့သားလေး၊ သားရဲ့ရင်ခွင်ထက်မှာ အိုမင်းသွားတဲ့မိခင်.. ဒီ ခေါင်းငုံ့ ခါးညွှတ် တာတွေက ချစ်ခြင်းမေတ္တာရဲ့ကိုယ်ဟန်အနေအထားပဲဖြစ်ပါတယ်။ တစ်နေ့က ပန်းခြံထဲမှာ လူအိုမောင်နှံ စုံတွဲကို ကျွန်မတွေ့ခဲ့မိတယ်။ မိန်းမဖြစ်သူက လက်တွန်းလှည်းပေါ်မှာ ထုံထုံထိုင်းထိုင်းဖြစ်နေ ခဲ့ပြီ။ ဒါပေ မယ့် အဝတ်အစားတွေက သပ်သပ်ရပ်ရပ်ပါပဲ.. မျက်လုံးအကြည့်တွေက သာ တွေတွေကြီး ဖြစ် နေတာပါ။ သူ့ခေါင်းပေါ်မှာ ဆံညှပ်လေး တစ်ခုကို ကျွန်မသတိပြုခဲ့ မိတယ်။ ကျွန်မ အကြည့် မမှားခဲ့ဘူး ဆိုရင် အဲဒီ ဆံညှပ်က ကနေတဲ့လိပ်ပြာပုံစံ ဆံညှပ်ဖြစ်ပါတယ်။ အဲဒီတခဏ "အချစ်"ဆိုတဲ့ စာလုံးနှစ်လုံးရဲ့အဓိပ္ပာယ် ကို ကျွန်မနားလည် သွားခဲ့မိတယ်။

မွေးရပ်မြေဆီပြန်ပြီး အမေကို ကျွန်မသွားကြည့်ခဲ့တယ်။ အမေက ကျွန်မကြိုက်တဲ့မုန့်တွေကို လုပ်ပေး တယ်။ ပလုတ်ပလောင်းစားနေတဲ့ကျွန်မကို အမေထိုင်ကြည့်နေခဲ့တယ်။ အမေဟာ ညာလက်နဲ့မေး ကိုထောက်ပြီး ကျွန်မကိုပြုံးကြည့် နေခဲ့တယ်။ ပြုံးပျော်ရွှင်နေခဲ့တဲ့ အမေ့ရဲ့အဲဒီ ကိုယ်ဟန် အနေအထားကို ကျွန်မတစ်သက်လုံး မှတ်ထားချင်ခဲ့ မိတယ်။

အချစ်မှာ ကိုယ်ဟန်အနေအထားရှိပါတယ်... လူအိုမောင်နှံတွေ ညနေဆည်းဆာမှာ လက်ချင်းတွဲပြီး လမ်းလျှောက်နေတာဟာ အေးအတူပူအမျှကိုယ်ဟန်အနေအထားပေါ့။ သူငယ်ချင်းအချင်းချင်း ခွဲခွာ ခါနီး ပွေ့ဖက်တာက တန်ဖိုးထားတဲ့၊ တစ်ယောက်ကိုတစ်ယောက်သိနားလည်တဲ့ ကိုယ်ဟန် အနေအ ထားပေါ့။ သားသမီးမအိပ်ခင် ခပ်ဖွဖွလေးတစ်ချက်နမ်းတာဟာ မိဘတွေရဲ့အဆုံးမရှိမျှော်လင့်ခြင်းနဲ့ ထာဝရဆုမွန်ကောင်းပေးတဲ့ ကိုယ်ဟန်အနေအထားပေါ့။

အချစ်က အမျိုးအမည်စုံလင် သလို ကိုယ်ဟန်အနေ အထားကလည်း အမျိုးမျိုးရှိ ပါတယ်။ ရပ်နေတာ၊ ဒူးထောက်နေတာ၊ မတ်နေတာ၊ ခါးညွှတ်တာပဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာရှိရင် ဒါဟာ နွေးထွေးတဲ့ ကိုယ်ဟန် အနေအထား၊ အစဉ်တည်တံ့တဲ့ ကိုယ်ဟန်အနေအထား ပဲဖြစ်ပါတယ်။

By Nine Nine Sanay

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...