အိပ်ချိန်နည်းသည့် ကလေးငယ်များ အ၀လွန်ခြင်းနှင့် ဆက်စပ်နိုင်
Health Updates Journal No. 113
အိပ်ချိန်နည်းပါးသည့် လမ်းလျှောက်တတ်စအရွယ် ကလေးများသည် အစားလွန်ပြီး အ၀လွန်သည့် အန္တရာယ်မြင့်မားကြောင်း လေ့လာမှု တစ်ခုကဆိုသည်။
ဗြိတန်နိုင်ငံရှိ မိသားစု (၁၃၀၀) ကို စုဆောင်း၍ လမ်းလျှောက်တတ်စ အရွယ် (၁၆)လ ကလေးများကို အိပ်ချိန် တိုင်းတာခဲ့ပြီး (၂၁)လအရွယ်ထိ အစားအသောက်စားသုံးမှုကို မှတ်တမ်းတင်ခဲ့သည်။
တစ်နေ့ (၁၀)နာရီအောက် အိပ်သူ ကလေးငယ်များသည် (၁၃)နာရီ အထက် အိပ်သူကလေးငယ်များထက် ကယ်လိုရီစားသုံးမှု (၁၀) ရာနှုန်းပိုမိုသည်ကို တွေ့ရကြောင်း သုတေသီများကဆိုသည်။
အသက် (၃) နှစ်အောက်ကလေးငယ်များတွင် အိပ်ခြင်းနှင့်ကယ်လိုရီ စားသုံးမှု ဆက်စပ်မှုကို ပထမဆုံး သုတေသန ပြုလုပ်ခြင်းဖြစ်ကြောင်း UCL သုတေသီများက ကြေငြာထားသည်။
အိပ်ချိန်နည်းခြင်းသည် ခံတွင်းကောင်းစေသည့် ဟော်မုန်းများကို အထိန်းအကွပ်မရှိဘဲထွက်စေသည်။
“ကလေးငယ်ဘ၀မှာ အိပ်ချိန်နည်းခြင်းဟာ အ၀လွန်မှုဖြစ်စေတဲ့အန္တရာယ်ရှိပါတယ်။ ဒါကြောင့် အိပ်ချိန် နည်းတာဟာ ကယ်လိုရီစားသုံးမှု ပိုတာနှင့် ဆက်စပ်ခြင်းရှိမရှိ လေ့လာခဲ့တာဖြစ်ပါတယ်” ဟု UCL သုတေ သီDr. Abi Fisher ကဆိုသည်။
လမ်းလျှောက်တတ်စအရွယ်ကလေးငယ်များတွင် အိပ်ချိန်နည်းခြင်းသည် အစာပိုစားခြင်းနှင့် ဆက် စပ်နေကြောင်းတွေ့ရှိ ရသော်လည်း အိပ်ချိန် နည်းခြင်းကြောင့် အစာပိုစားခြင်းဖြစ်ကြောင်း အတိအကျ မသိနိုင်သေးဘဲ လေ့လာမှုများစွာပြုလုပ်ရဦးမည်ဖြစ်သည်။
အိပ်ချိန်နည်းသည့်ကလေးများသည် ကယ်လိုရီစားသုံးမှုပိုသည်ကို တွေ့ရပြီးလေ့လာမှု များ ပြုလုပ်ရန် လိုသေးသော်လည်း မိဘများအနေနှင့် ကလေးများကို အိပ်ရေး၀၀အိပ်စေသင့်ကြောင်း Fisher က မှတ်ချက်ပြုထားသည်။
သီဟ
Ref:NMD